90

466 37 0
                                    

အခန်း၉၀။ သကာရည်သုတ်ထားသော ဟော်သွန်သီးများ(၂)

အထိန်းတော်ငယ်လေးထွက်သွားသည့်အခါ လျိုယွဲ့ယင်းက မိန်းကလေးငယ် ၁၅ ယောက်အား ကြည့်ကာ -

“ ဒီနေရာရဲ့ စည်းမျဉ်းစည်းကမ်းတွေကတော့ ရှင်းပါတယ်။ ပထမဆုံးအနေနဲ့ ဒီချိုက်စစ်အဆောင်တော်ကနေ စိတ်ကြိုက်ထွက်သွားခွင့် မရှိဘူး။ ဒုတိယအနေနဲ့ အဆို၊ အကပိုင်းမှာ သေချာကြိုးစားလေ့ကျင့်သင်ယူရမယ်။ နောက်ဆုံးအနေနဲ့ အရေးအကြီးဆုံးအချက်ကတော့ အရှင်မင်းကြီးနဲ့ မင်းသားတွေဟာ မင်းတို့အပေါ် ချစ်ခင်မေတ္တာသက်ဝင်နေပါတယ်လို့ ထင်မှတ်မှားခွင့်မရှိဘူး။ အကောင်းဆုံးသာ ဖျော်ဖြေတင်ဆက်ပါ။ မဟုတ်ပဲ အဲ့လိုဖြစ်ပါတယ်လို့သာ သိခဲ့ရင် ကြီးလေးတဲ့ အပြစ်ဒဏ်ခံရမယ်။ နားလည်ကြလား ” ဟု မှာလိုက်သည်။

“ ကျွန်တော်မျိုးမတို့ နားလည်ပါပြီ အထိန်းတော် လျို ” ဟု အဆိုပါ မိန်းကလေး ၁၅ ယောက်က သွက်လက်စွာ ဖြေလိုက်လေ၏။

လျန့်စံအိမ်တော်တွင်။

စစ်ကျီ၏ တောင်းဆိုမှုကြောင့် လီယင်သည် ဟော်သွန်သီး အိတ်ကြီးတစ်အိတ်ဝယ်လာခဲ့ပြီး စံအိမ်တော်သို့ ပြန်လာခဲ့ကြသည်။

စံအိမ်တော်သို့ရောက်သောအခါ စားဖိုဆောင်ဆီသို့ တည့်တည့်မတ်မတ်လျှောက်သွားလိုက်ပြီး စားတော်ကဲအား သကြားညိုတစ်အိုး ယူလာခဲ့ရန် မှာလိုက်သည်။ ထန်မင်းဆက်ခေတ်တွင် သကြားအဖြူမရှိသေး။ ထို့ကြောင့် အချိုပမာဏအတူတူလောက်ရှိသော သကြားညိုကိုသာ ကြိုရန်ပြင်ရသည်။ ဤခေတ်တွင် ကုန်ကြမ်းပစ္စည်းရှားသောကြောင့် ခက်ခဲသော်လည်း လီယင် ရအောင် လုပ်နိုင်ခဲ့သည်။ ပထမဆုံးအနေနှင့် ဟော်သွန်သီးများကို တုတ်ဖြင့်ထိုးကာ အရင်ပြုတ်လိုက်သည်။ ထို့နောက် သကြားရည်ကို ကြိုလိုက်၏။

စစ်ကျီနှင့် လီကျစ်တို့ကတော့ လီယင် ဟော်သွန်သီးအချိုလုပ်နေပုံကို ကြည့်ကာ ‘ မိုက်တယ်ဟေ့ ’ ဟူသည့် ခံစားချက်ဖြင့် အော်ဟစ်‌‌ပျော်ရွှင်နေကြလေသည်။

တကယ်တော့ ဟော်သွန်သီးအချိုလုပ်ရသည်မှာ ဘာမှပညာသားမပါ။ သကြားရည်ရသည်နှင့် လီယင်သည် ၎င်းထဲတွင် ဟော်သွန်သီးလေးများကို လှိမ့်လိုက်ပြီး အိုးထဲမှထုတ်ကာ ခဏအအေးခံလိုက်ရုံနှင့် ရပြီဖြစ်သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now