159

220 12 0
                                    

အခန်း၁၅၉။ ယီကျိုးမြို့မှ အရာရှိများ(၂)

ပင်ပင်ပန်းပန်းဖြင့် ခရီးဆက်ခဲ့ကြပြီးနောက်  သုံးရက်မြောက်သောနေ့ မွန်းတည့်အချိန်၌ လီယင်တို့အုပ်စုသည် ၎င်းတို့၏ မျက်စိရှေ့တွင် မြို့တော်ကြီးတစ်ခုကို မြင်တွေ့လိုက်ကြရချေပြီ။ ၎င်းကား ယီကျိုးမြို့ပင်တည်း။ ယီကျိုးမြို့သည် ချမ်အန်းနှင့်ယှဉ်လျှင်တော့ သိပ်မကျယ်ဝန်းသော်ငြား ၎င်းသည် စီချွမ်းပြည်တွင် အကြီးဆုံးနှင့် လူဦးရေအများဆုံးမြို့တစ်မြို့ ဖြစ်၏။

သန်းခေါင်စာရင်းအရ ထိုအချိန်က ကျန့်နန်လမ်းတစ်လျှောက်တွင် အိမ်ခြေ စုစုပေါင်း ၆၇၀,၀၀၀ ခန့်ရှိသည်ဖြစ်ပြီး ပြည်နယ်မြို့တော်ပတ်လည် ဆယ့်လေးခရိုင်ထဲမှာမှ ယီကျိုးမြို့တွင် အိမ်ထောင်စု ၁၀၀,၀၀၀ ခန့်၊ လူဦးရေ ၅၀၀,၀၀၀ ခန့်တောင် ရှိသည်ဖြစ်ရာ လူနေထူထပ်သည်ဟု ဆိုနိုင်ပေမည်။
မျက်စိရှေ့တွင် ယီကျိုးမြို့ကို မြင်လိုက်ရသောအခါ အားလုံး ရွှင်မြူးတက်ကြွလာကြကာ မျက်နှာပေါ်တွင် အချိန်အတော်ကြာပျောက်နေခဲ့သော အပြုံးများကို ပြန်လည်ဆင်မြန်းလာကြပြီ ဖြစ်သည်။

လီယင်က ချင်ဟွိုက်ယွီအား ခေါ်လိုက်ပြီး ကျက်သရေရှိလှသော ရွှေဖဲကြိုးတပ် ငါးတံဆိပ်ပြားအား ပေးလိုက်သည်။ ၎င်းသည် ဤမင်းဆက်ခေတ်၏ အရာရှိတစ်ဦးဖြစ်ကြောင်း သက်သေခံအမှတ်အသားပင်တည်း။ ထိုတံဆိပ်ပြားရှိမှသာ ၎င်းတို့၏ သရုပ်မှန်ကို ခိုင်လုံစွာဖြင့် အထောက်အထားပြနိုင်မည် ဖြစ်ပေသည်။

ချင်ဟွိုက်ယွီကတော့ အဆိုပါ ကြေးနီငါးတံ‌ဆိပ်ကိုယူကာ အစောင့်လေးဦးကိုခေါ်၍ ယီကျိုးမြို့သို့ ချီတက်သွားသည်။ လီယင်ကတော့ ကျန်လူစုနှင့်ပင် မြို့တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလေသည်။

အပြင်မှာ လှုပ်ရှားသံအချို့ကို ကြားရသဖြင့်‌ စွေ့ယင်းယင်းသည် ရထားလုံး၏ခန်းဆီးကို ဖွင့်ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်ပိတ်လိုက်သည်။ သူမ၏ နားထဲတွင် ချမ်အန်းမှ ထွက်မလာခင်တုန်းက သူမ၏ဖခင် စွေ့ရှောင် မှာကြားလိုက်သောစကားများကို ပြန်လည်ကြားယောင်နေလေ၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now