137

246 14 0
                                    

အခန်း ၁၃၇။ လီယင်၏အကြံ

လီယင်ကတော့ ဘေးလူ၏အထင်အမြင်တို့ကို ဂရုမစိုက်ပဲ -

“ ဖခမည်းတော် .. သားတော်ကတော့ အခုအချိန်မှာ ကျဲ့လီအသက်ရှိနေသေးရင်တောင် သေဆုံးသွားပြီလို့ပဲ မှတ်ယူပါတယ်။ ကမ္ဘာကြီးသိအောင် ကျဲ့လီတစ်ယောက် ချမ်အန်းမှာပဲ နာမကျန်းရောဂါနဲ့ သေသွားပြီဆိုတဲ့ သတင်းကို ဖြန့်ရမှာပါ။ အဲ့ဒီ့အခါမှ ပြည်သူတွေရဲ့ စိတ်နှလုံးကို ငြိမ်သက်စေပါလိမ့်မယ်။ ပြီးတော့ ကျဲ့လီရဲ့ အစွယ်အပွားတွေကိုလည်း ခဏတော့ ထိန်းထားနိုင်မှာပါ ” ဟု လျှောက်တင်လိုက်၏။

“ ညီတော် ခြောက် .. အရှင်မင်းကြီးရှေ့မှာ မဟုတ်တာတွေ လျှောက်မပြောပါနဲ့။ လူမျိုးစုခေါင်းဆောင်တွေက ကျဲ့လီကို မသိတာမှ မဟုတ်တာ။ သူတို့ ရှဲ့လီကို မြင်သွားတာနဲ့ တန်းသိသွားကြမှာပဲကို ” ဟု လီယူက ဝင်လှောင်လိုက်သည်။

လီယင်ကတော့ လီယူ၏စကားကို အလေးမထားပဲ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် -

“ သားတော်ရဲ့ အကြံဟာ လူထုကို လှည့်စားဖို့သက်သက်ပါ။ ရှဲ့လီလွတ်သွားတဲ့အကြောင်းကိုသာ အားလုံးသိသွားကြရင် လူမျိုးစုတွေဟာ‌ ပျော်ပျော်ကြီးရှဲ့လီနဲ့ သွားပူးပေါင်းကြမှာပါ။ ရှဲ့လီသေသွားပြီဆိုတဲ့ သတင်းသာ ပျံ့သွားရင်တော့ အဲ့ဒီ့လူမျိုးစုတွေဟာ အလွယ်တကူလက်လျှော့လိုက်ကြပါလိမ့်မယ်။ အစ်ကိုတော် ငါး ပြောသလိုပဲ ရှဲ့လီကို မြင်ဖူးတဲ့သူတွေကတော့ မှတ်မိမှာပါပဲ။ ဒါပေမယ့် ရှဲ့လီကို မြင်ဖူးတဲ့လူ နယ်စပ်မှာ ဘယ်လောက်များများကျန်မှာမို့လို့လဲ။ လူအများစုသာ ရှဲ့လီသေသွားပြီဆိုတာကို ယုံသွားကြရင် လွယ်လွယ်နဲ့ လူမျိုးစုတွေပေါင်းဖို့ မဖြစ်နိုင်တော့ဘူး။ ရှဲ့လီတကယ်မသေသေးဘူးဆိုတာ သူတို့သိသွားတဲ့အချိန်ကျရင်တော့ ခုနစ်နှစ်ကြာအောင် တည်ထောင်လာပြီးတဲ့ သားတော်တို့ ထန်နိုင်ငံတော်ကြီးဟာ ရှဲ့လီကို ကြောက်စရာမလိုတော့တဲ့အထိ ဒီထက်ပိုပြီး အင်အားတောင့်တင်းနေလောက်ပါပြီ ဖခမည်းတော် ” ဟု ဆက်လက်လျှောက်တင်လိုက်လေသည်။

“ အရှင်မင်းကြီး .. အရှင့်သားတော် ခြောက် ရဲ့ ပရိယာယ်ဟာ ကောင်းမွန်လှပါတယ်။ အဲ့သတင်းသာ ပျံ့သွားရင် လူမျိုးစုတွေကြားထဲမှာ ရှဲ့လီရဲ့အစား နာမည်ဝင်ယူနိုင်ဖို့ကြိုးစားကြရင်း ပွက်လောရိုက်ကုန်ကြမှာပါ ” ဟု စွေ့ရှောင်ကလည်း လီယင့်အကြံကို နားလည်သဖြင့် ထောက်ခံချီးမြှောက်လိုက်၏။ အခြားအမတ်များကလည်း ‌စဉ်းစားတွေးတောကုန်ကြလေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now