92

394 27 0
                                    

အခန်း၉၂။ လီရှစ်မင်အား အရူးလုပ်ခြင်း

တော်ဝင်ဥယျာဉ်ထဲတွင်မူ လီရှစ်မင်သည် ဧကရီချန်စွန်းနှင့်အတူ လမ်းလျှောက်နေကြသည်။ လီယင်လည်း ဝင်လာလိုက်ပြီးနောက် -

“ ဖခမည်းတော်နဲ့ မယ်တော်ကို သားတော်လီယင် နှုတ်ခွန်းဆက်သပါတယ် ” ဟု အရင်နှုတ်ဆက်ဦးညွှတ်လိုက်၏။

“ လာပါ သားတော်။ အထိန်းတော် ဝမ် ပြောတာကတော့ သားတော်မှာ အရေးတကြီးလျှောက်တင်စရာရှိတယ်ဆို။ ဘာများလဲကွယ့်။ မြေအောက်ပိုက်လိုင်းဆောက်တဲ့နေရာမှာ အခက်အခဲတစ်ခုခုများ ရှိသလား ” ဟု လီရှစ်မင်က မေး၏။

“ ဖခမည်းတော်ကို သားတော်လျှောက်တင်ပါတယ်။ အခုလာရတာ ပိုက်လိုင်းတွေကြောင့် မဟုတ်ပါဘူး ဖခမည်းတော်။ တခြားကိစ္စတစ်ခုကြောင့်ပါ ” ဟု လီယင်က လျှောက်၏။

“ ဟုတ်လား… ဘာများလဲကွယ့် ”

“ သားတော် သတင်းစာလို့ခေါ်တဲ့ ကုန်ပစ္စည်းတစ်မျိုးကို ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ် ဖခမည်းတော် ”

လီယင်ကတော့ စာစီလာသမျှကို ထုတ်ပြောလိုက်၏။

“ သတင်းစာ … ဟုတ်လား … ”

လီရှစ်မင်နှင့် ဧကရီချန်စွန်းတို့လည်း အံ့ဩသွားသည့်ဟန်ဖြင့် ထိုင်လိုက်ကြသည်။ လီယင်လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်သွားလိုက်သည်။

“ မှန်လှပါ … သတင်းစာဆိုတာ ပြောရရင် အစီရင်ခံစာလိုမျိုးပါပဲ။ ဒါပေမယ့် အစီရင်ခံစာဆိုတာ ဧကရာဇ်အတွက် ဖြစ်ပေမယ့် ဒီသတင်းစာကတော့ ပြည်သူတွေအတွက် ထုတ်ထားတာမျိူးပါ ဖခမည်းတော်။ ကမ္ဘာပေါ်မှာ နေ့စဉ် ဖြစ်ပျက်နေသမျှ ကိစ္စအားလုံးကို ထန်နိုင်ငံသားအားလုံး သိနိုင်အောင် လုပ်နိုင်မယ့်အရာပါ ဖခမည်းတော် ” ဟု လီယင်က ရှင်းပြလိုက်ရာ လီရှစ်မင်လည်း စိတ်ဝင်စားသွားပြီး -

“ အသေးစိတ်ရှင်းပြပါဦး သားတော် ” ဟု မိန့်လိုက်၏။

လီယင်လည်း လည်ချောင်းကိုရှင်းလိုက်ပြီး သတင်းစာ၏ ထန်နိုင်ငံပေါ် အကျိုးသက်ရောက်မှုကို လီရှစ်မင်အား ရှင်းပြလိုက်လေသည်။ နာရီဝက်ခန့် ပြောအပြီးတွင်တော့ လီရှစ်မင်၏ စိတ်ဝင်စားမှုမှာ မြင့်တက်သထက် မြင့်တက်လာချေပြီဖြစ်သည်။ ဧကရီချန်စွန်းကလည်း ခေါင်းတညိတ်ညိတ်လုပ်နေလေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now