68

610 56 0
                                    

အခန်း၆၈။ သတင်းစာစက္ကူ

လီရှစ်မင်က ချန်စွန်းဝူကျီးအား သူဘာလုပ်ခဲ့သည့်အကြောင်း ပြောသလို ချန်စွန်းဝူကျီးကလည်း ချန်စွန်းနင်းထံ အကြောင်းအရာအစုံ ဖောက်သည်ပြန်ချသည်။ သို့သော် လီယင့်ထံ ဘာသတင်းမှ မပေါက်ကြား၊ ဘာမှလည်း ဆက်မဖြစ်လာသဖြင့် လီယင်၏ အာရုံသည် စက္ကူထုတ်စက်ရုံဘက်သို့ ပြန်ရောက်လာတော့သည်။

လုပ်သားများသည် ယခုအခါတော့ စက္ကူထုတ်ခြင်း အခြေခံကို ကျွမ်းကျင်သွားပြီဖြစ်ရာ နောက်ပန်းတိုင်တစ်ခုမှာ သတင်းစာစက္ကူထုတ်ရန်သာ ကျန်တော့သည်။

ထန်မင်းဆက်ခေတ်တွင် စက္ကူထုတ်ရန် အများဆုံးအသုံးပြုခဲ့သော ကုန်ကြမ်းပစ္စည်းများမှာ များသောအားဖြင့် လျှော်ပင်၊ ကြိမ်၊ သစ်ခေါက်၊  အဝတ်စ စသည်တို့ ဖြစ်ကြပြီး အဓိကသုံးသော ကုန်ကြမ်းမှာ သစ်သားပျော့ဖတ်ဖြစ်သောကြောင့် သစ်သားကြိတ်စက်များကို လီယင်က များစွာ ဝယ်ယူထားလေ၏။

သတင်းစာစက္ကူထုတ်ရန် လိုအပ်သော ပစ္စည်းများနှင့် ပြုလုပ်နည်းများကို ပြောပြပြီးသောအခါ လီယင်သည်  သတင်းစာစက္ကူ ပထမအသုတ်ကိုထုတ်ရန် ညွှန်ကြားလိုက်လေတော့သည်။

“ အရှင့်သား၊ သူကတော့ ကျောက်အာနျိုပါ ”
စက္ကူထုတ်စက်ရုံဆီသို့ လီယင် ရောက်ရောက်ချင်းနေ့တွင် စုမောအာသည် သူ့ထံသို့ အသက်၂၄နှစ် အရွယ်ခန့်ရှိပြီဖြစ်သည့် လူရွယ်တစ်ဦး ခေါ်လာခဲ့သည်။

လီယင်ကတော့ အဘယ်ကြောင့် ဒီလူကို သူ့ဆီခေါ်လာရသနည်း ဆိုသည်ကို နားမလည်နိုင်သော မျက်လုံးများဖြင့် စုမောအာကို ကြည့်နေ၏။

ထိုအခါ စုမောအာက -

“ အရှင့်သား၊ ကျွန်တော်မျိုးမကို ခွင့်လွှတ်တော်မူပါ။ ဒီကျောက်အာနျိုဆိုတဲ့လူဟာ စက္ကူထုတ်နည်းကို သင်ကြားစဉ်မှာကတည်းက ကြိုးကြိုးစားစားလိုက်ပါလုပ်ဆောင်ခဲ့ပြီး သူထုတ်ခဲ့တဲ့ စက္ကူကလည်း အားလုံးထဲမှာ အကောင်းဆုံးပါပဲ အရှင့်သား။ ဒါကြောင့် ကျွန်တော်မျိုးမ အရဲကိုးပြီး ဒီလူကို စက္ကူထုတ်စက်ရုံမှာ ‌ဦးဆောင်စေဖို့ လာတောင်းဆိုတာပါ အရှင့်သား ” ဟု မဝံ့မရဲ ပြောလာသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now