အခန်း (၁၀၈) လုပ်ကြံသတ်ဖြတ်သူ ကျင့်ပေနှင့် ချောင်ကျင်း

231 12 0
                                    

လူအိုကြီးသည် တံခါးပေါက်ဆီသို့ ချက်ချင်း ပြေးသွားတော့သည်။ လုပ်ကြံသတ်ဖြတ်သူ​၏နေရာတွင် အလင်းရောင်က အင်မတန် အားနည်းလှသည်။ ထိုနေရာတွင် လမ်းမကြီးဆီက မီးတိုင်များမှ  အလင်းရောင် တစွန်းတစသာ ရှိလေသည်။ ထို့ကြောင့် ဤနေရာသည် လုပ်ကြံသတ်ဖြတ်သူများ အသင်းအား အခြေစိုက်ရန်အတွက် အလွန်တရာ သင့်တော်သော နေရာ ဖြစ်နေတော့သည်။

လူအိုကြီးသည် ဤနေရာမှ အကြီးဆုံး အဆောက်အဦးကြီးဆီသို့ တိုက်ရိုက် ပြေးသွားတော့သည်။ ထိုနေရာက အစောင့်များကလည်း လူကြီးကို သိဟန် တူသည်။ ထို့ကြောင့် သူတို့က လူအိုကြီး အထဲဝင်လာသည်ကို တစ်စုံတရာ တားဆီးခြင်းမျိုး မရှိပါချေ။

" ဘော့စ်... ဘော့စ်ကို တွေ့ချင်နေတဲ့ လူတစ်ယောက် အပေါ်မှာ ရောက်နေပါတယ် " လူအိုကြီးက ထိုင်ခုံပေါ်တွင် ထိုင်ပြီး အရက်သောက်နေသော လူကို ပြောလိုက်သည်။

ထိုနေရာတွင် လူနှစ်ဦး ရှိပေသည်။ တစ်ဦးက လုပ်ကြံသတ်ဖြတ်သူများ အသင်းခေါင်းဆောင် ကျင့်ပေဖြစ်ပြီး ဒုတိယတစ်ယောက်က ဆံအပြာရောင်နှင့် ချောင်ကျင်းဟု အမည်ရှိသော လူငယ်လေးတစ်ယောက်ပင် ဖြစ်သည်။ သူတို့ နှစ်ဦးက အရေးကြီးသော ကိစ္စတစ်ခုကို ဆွေးနွေးနေဟန် ရသည်။

" ဒီမှာ ငါတို့ အလုပ်ရှုပ်နေတာ မင်း မမြင်ဘူးလား၊ အဲ့လူကိုပြောလိုက် ငါက မတွေ့ချင်ဘူးလို့ " ဤအချိန်က အရေးကြီး အလုပ်ကိစ္စတစ်ခုကို ဆွေးနွေးနေသော အချိန် ဖြစ်သောကြောင့် ကျင့်ပေတစ်ယောက် အလွန်တရာ ဒေါသထွက်သွားတော့သည်။

" ဒါပေမဲ့ ပြဿနာရှိတာက အဲ့ဒီ့လူက အတော်လေး သန်မာတယ်၊ ဘော့စ်က သူ့ကို လာမတွေ့ဘူးဆိုရင် သူက ဒီနေရာကို ဖြိုချပစ်မယ်လို့ ခြိမ်းခြောက်နေတယ် " လူအိုကြီးက ရဲ့ချန်​၏ ခြိမ်းခြောက်ပုံကို ပြန်ပြောပြလိုက်သည်။

" ဘာ... ဘယ်ကောင်က ဒီလိုစကားမျိုး ပြောရဲတာလဲကွ၊ ငါ အဲ့ကောင်ကို သွားသတ်မယ် " ထိုခြိမ်းခြောက်မှုကို ကြားပြီးနောက် ကျင့်ပေသည် အလွန်တရာ ဒေါသူပုန် ထသွားလေသည်။ ယင်းသည် ပထမဆုံးအကြိမ် လူတစ်ယောက်က သူတို့​၏ လုပ်ကြံသတ်ဖြတ်သူများ အသင်းကို အလေးမထားသော အပြုအမူဖြင့် လာရောက် စော်ကားရဲခြင်း ဖြစ်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now