အခန်း (၁၆၆) အဆိပ်ဂိုဏ်း တည်နေရာ

200 15 0
                                    

ဤအဆောက်အဦသည် ဂျမ်မော့ရှီ၏အဖေ ဂျမ်ကျင်းပိုင်ဆိုင်သော အဆောက်အဦပင် ဖြစ်သည်။ ရဲ့ချန်သည် ရှားချင်းယုကို အစောင့်အဖြစ် လိုက်ပါပို့ဆောင်ပေးစဉ်က ဂျမ်မော့ရှီနှင့် တစ်ကြိမ်ဆုံခဲ့ဖူး၏။
ထိုလူက လျှို့ယွဲ့၏စီးပွားရေးကို ဖျက်ဆီးရန် နှင့် ဒုက္ခပေးရန် ကျင့်ကြံသူတစ်ဦး ငှားယမ်းပြီး ကြံစည်ဝံ့သည်။ သူက ဤမျှအထိ အတင့်ရဲနေသည်ဆိုလျှင် ရဲ့ချန်ကလည်း သူ့ကို ခွင့်လွှတ်ပေးစရာ အကြောင်း မရှိတော့ပေ။
“ ယောက်ျား နင် ဂျမ်ကျင်းကို တရားခံလို့ ထင်လား “ လျှို့ယွဲ့သည် ဤအရာအားလုံး၏ နောက်ကွယ်က တရားခံက ဂျမ်ကျင်းဟု သံသယ ၀င်နေ၏။
“ အထဲ၀င်ကြည့်ရအောင်၊ ဒါမှ အမှန်တရားကို သေသေချာချာ သိရမှာ “ ရဲ့ချန်က လျှို့ယွဲ့ကို အမှန်တရားအား ရှာဖွေရန် အဆောက်အဦထဲသို့ ၀င်ဖို့ ခေါ်လိုက်တော့သည်။
ရဲ့ချန်က လျှို့ယွဲ့ကို အခန်းတစ်ခန်းထဲသို့ ခေါ်လာခဲ့သည်။ သို့သော် သူတို့ကို မည်သူမျှ မမြင်နိုင်အောင် အကာအကွယ်ဒိုင်းဖြင့် ကာကွယ်ထားခဲ့သည်။
အခန်းထဲတွင် ရဲ့ချန်သည် CCTV ဗီဒီယိုထဲက အဆိပ်ကျင့်ကြံသူနှင့် တူညီသော လူတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုအချိန်တွင် အဆိပ်ကျင့်ကြံသူသည် သူ၏ရှေ့က သက်လတ်ပိုင်းအရွယ် လူတစ်ယောက်နှင့် စကားပြောနေပေသည်။
ထိုလူက ဂျမ်ကျင်း စစ်စစ်ပင် ဖြစ်သည်။ သက်လတ်ပိုင်းအရွယ် လူကြီးက အသက် ၄၀၊ ၄၅ နှစ် ၀န်းကျင်ခန့် ရှိပေသည်။
“ စီနီယာ သုဂွန်၊ ဒီနေ့အလုပ်ကရော ဘယ်လိုလဲ၊ ကောင်းကောင်းမွန်မွန် ပြီးဆုံးခဲ့ရဲ့လား “ ဂျမ်ကျင်းက အရာရာတိုင်းက အဆင်ပြေပြေ ပြီးမပြီး ချက်ချင်း မေးမြန်းလိုက်၏။
ထိုလူက အဆိပ်ဂိုဏ်း၏ အကြီးအကဲ သုဂွန် ဖြစ်ပေသည်။ “ မင်းဘာမှ စိုးရိမ်နေစရာ မလိုပါဘူး၊ လျှို့ကုမ္ပဏီထဲကို ငါ့ရဲ့အဆိပ်တွေ ဖြန့်ပြီးသွားပါပြီ၊ အခုချိန်ကစပြီး သူတို့ရဲ့လှုပ်ရှားမှုတွေ အားလုံးက လုံး၀ ရပ်တန့်သွားလိမ့်မယ် “
“ ဒါက အရမ်းကောင်းတယ်၊ အခု ကျုပ်တို့ လျှို့ကုမ္ပဏီ ဆုတ်ယုတ်လာမယ့် အချိန်ကို စောင့်ကြည့်ဖို့ပဲ ကျန်တော့တယ်၊ ကျုပ်တို့က ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေနဲ့အတူ အလိုက်သင့် မျောပါရမှာပဲ၊ အဲ လျှို့ယွဲ့က သူ့ရဲ့ကုမ္ပဏီက ၀န်ထမ်းတွေကို ကောင်းကောင်းမကုသနိုင်ဘူးဆိုရင် သူ့ရဲ့အောင်မြင်မှုတွေကလည်း ကျဆင်းသွားမှာပဲ “ ဂျမ်ကျင်းက သူ၏အစီအစဉ်ကို ချပြသည်။ လျှို့ယွဲ့၏ကုမ္ပဏီက ဆုတ်ယုတ်လာသည်နှင့် ၎င်းက သူ့အတွက် လျှို့ယွဲ့၏ကုမ္ပဏီ နေရာအား အစားထိုး ရယူနိုင်မည့် အချိန်ကောင်း ဖြစ်သည်။
“ ငါ မင်းကို တတ်နိုင်သလောက် ကူညီပေးမယ်၊ ငါတို့ရဲ့သဘောတူညီချက်အရ ရလဒ်က ၅၀၊ ၅၀ ပဲနော် “ ဤလူနှစ်ယောက်သည် အစကတည်းက လုပ်ငန်းအစီအစဉ်နှင့် လာပုံ ရ၏။
အဆိပ်ဂိုဏ်းသည် ဤသို့သော ကိစ္စများကို ပြောင်ပြောင်တင်းတင်း လုပ်ရဲလိမ့်မည် မဟုတ်ချေ။ တံခါးမကြီး ခြောက်ခုအဖွဲ့အစည်းကသာ သိသွားမည်ဆိုလျှင် ၎င်း၏အကျိုးဆက်က တွေးရဲစရာရှိမည် မဟုတ်ပေ။ ထို့ကြောင့် ကိစ္စများကို ဖုံးကွယ်ပေးမည့် လက်ကိုင်တုတ် တစ်ယောက်တော့ လိုနေသည် မဟုတ်ပါလား။
သို့ကြောင့်သာ သုဂွန်က ဂျမ်ကျင်းကို လျှို့ယွဲ့၏ချမ်းသာမှုများကို အပိုင်သိမ်းရာတွင် အစိတ်အပိုင်း တစ်ရပ်အဖြစ် အသုံးချလိုက်ခြင်း ဖြစ်သည်။
သုဂွန်သည် သုခွန်၏သေဆုံးမှုအတွက် လက်စားချေရန် တရားခံကို ရှာဖွေရင်းဖြင့် တစ်လက်စတည်း သူတို့၏ကျင့်ကြံခြင်း အခြေခံများ မြှင့်တင်ရာတွင် လိုအပ်သော ဆေးအမယ်များ ၀ယ်ယူဖို့ ဘဏ္ဍာငွေပါ ရှာလိုက်ခြင်း ဖြစ်သည်။
“ စီနီယာ သုဂွန်၊ အဲဒါနဲ့ပတ်သက်ပြီး ဘာမှ စိတ်ထဲမထားပါနဲ့၊ ကျုပ်တို့ အရင်းက လုပ်ထားတဲ့ သဘောတူညီချက်ကို ကျုပ် ကောင်းကောင်း မှတ်မိပါတယ်ဗျ “ အဆိပ်ဂိုဏ်းက သူတို့၏ကြွယ်၀မှုအတွက် သူ့ကို လက်ကိုင်တုတ် သဘောမျိုးသာ အသုံးချနေကြောင်းတော့ ဂျမ်ကျင်း မသိရှာပေ။ ဂျမ်ကျင်းက သုဂွန် မြှူဆွယ်နေသော ငါးစာကိုသာ မြင်နေသည် မဟုတ်ပါလား။
ဤမြို့တွင် အလွန်တရာ ကြီးမားသော လျှို့ကော်ပိုရေးရှင်း၏ ကြွယ်၀မှုနှင့် ဆွဲဆောင်လိုက်လျှင် မည်သူမျှ တောင့်ခံနိုင်မည် မဟုတ်ပေ။
ယခု ဂျမ်ကျင်း ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများသည် လျှို့ကုမ္ပဏီ၏ကြွယ်၀မှုထက် အဆနှစ်ဆယ်ထက်ပင် နည်းပါးသေးသည် မဟုတ်ပါလား။
ထိုလူနှစ်ယောက် ပြောနေသော စကားများကို ကြားပြီးနောက် လျှို့ယွဲ့ အလွန်တရာ ဒေါသူပုန်ထသွားလေသည်။ သူမသည်လည်း ဂျမ်ကျင်းက သူမ၏ကုမ္ပဏီအား ပြဿနာရှာလိမ့်မည်ဟု ထင်မထားခဲ့ချေ။
လျှို့ယွဲ့က ရှေ့သို့တက်ပြီး ထိုလူနှစ်ယောက်ကို သင်ခန်းစာကောင်းကောင်း ပေးလိုနေသည်။
ရဲ့ချန်က လှုပ်လှုပ်ရှားရှား လုပ်ရန် ဆိုင်းပျိုးနေသော လျှို့ယွဲ့ကို ချက်ချင်း တားထားလိုက်ရသည်။
“ ယောက်ျား ငါ့ကို လွှတ်ပေးစမ်းပါ၊ အဲလူနှစ်ယောက်ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ချင်လို့ “ လျှို့ယွဲ့က ရဲ့ချန်၏လက်မှ လွတ်ရန် အတင်း ရုန်းကန်နေလေသည်။
“ နင် မိုက်ရူးရဲ မဆန်စမ်းနဲ့၊ အဲလူရဲ့အင်အားက နင့်အထက်မှာ၊ နင်က သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး “သုဂွန်၏အင်အားက မြေကြီးနယ်ပယ် အထွတ်အထိပ်အဆင့် ဖြစ်သည်။ ထို့ကြောင့် သူမ၏ယခု အင်အားဖြင့်ဆိုလျှင် သုဂွန်၏ပြိုင်ဘက် မဖြစ်နိုင်သေးပေ။
“ ယောက်ျား အဲဒါဆို နင်ကရော ဘာဖြစ်လို့ မလှုပ်ရှားသေးတာလဲ၊ နင့်ရဲ့အင်အားနဲ့ဆိုရင် အဲလူတွေကို သွက်ချာပါဒနိုင်အောင် အလွယ်လေး လုပ်နိုင်မှာ သေချာတယ်၊ ဒါဆို ငါလည်း ဂျမ်ကျင်းကို သင်ခန်းစာ ပေးလို့ရပြီလေ “ လျှို့ယွဲ့က ရဲ့ချန်အား သုဂွန်ကို အဘယ်ကြောင့် မတိုက်ခိုက်သနည်းဟု မေးခွန်းထုတ်လိုက်သည်။
“ ယွဲ့ ဂျမ်ကျင်းက ငါတို့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘူး၊ အခု ငါတို့လိုအပ်တာက အဆိပ်ဂိုဏ်း ဘယ်နေရာမှာ ရှိတာလဲဆိုတာ သိရဖို့ပဲ၊ အဆိပ်ဂိုဏ်းကို ဖြိုခွဲပြီးပြီဆိုရင် အဲဒီဂျမ်ကျင်းကို နင်ကြိုက်တာသာ လုပ်တော့ “ ရဲ့ချန်က လျှို့ယွဲ့ကို မည်သည့်အရာက အရေးပိုကြီးမှန်း ရှင်းပြလိုက်သည်။ အကြီးမားဆုံး ခြိမ်းခြောက်မှုက အဆိပ်ဂိုဏ်းပင် ဖြစ်သည်။ ထို့ကြောင့် ရဲ့ချန်က အဆိပ်ဂိုဏ်းကိုသာ အရင်ဆုံး ဖြိုခွဲလိုနေသည်။
လျှို့ယွဲ့တစ်ယောက် သဘောပေါက်သွားပြီး စိတ်ကလည်း တဖြည်းဖြည်း ငြိမ်သက်လာတော့သည်။
ထို့နောက် ရဲ့ချန်က ထိုလူနှစ်ယောက်၏စကားကို ပြန်လည် အာရုံစိုက်တော့သည်။
“ ဂျမ်ကျင်း မင်းမနေ့က ငါခိုင်းထားတာ လုပ်ပြီးပြီလား “ သုဂွန်က ဂျမ်ကျင်းကို သူမနေ့က ခိုင်းထားသော ကိစ္စများ ပြီးမပြီး မေးမြန်းလိုက်၏။
“ အင်း ပြီးပြီ၊ ရော့ ဒီမှာ ခင်ဗျားပြောထားတာတွေ အကုန်လုံးပဲ “ ဂျမ်ကျင်းက သုဂွန်ကို စာရွက်စာတမ်းတစ်ခု ပေးလိုက်၏။
စာရွက်ထဲတွင် ပါ၀င်သော အကြောင်းအရာများသည် ရဲ့ချန်၏နောက်ခံ၊ ကိုယ်ရေးအကျဉ်းနှင့် ပတ်သက်သော အချက်များပင် ဖြစ်၏။
သုဂွန်က ရဲ့ချန်၏အချက်အလက် အသေးစိတ်များအားလုံးကို ဖတ်ရှုလိုက်သည်။ ဤထဲတွင် ရဲ့ချန်ဟု အမည်ရှိသောလူ၏ အကြောင်းနှင့်ပတ်သက်ပြီး ထူးထူးခြားခြား ဘာမျှ မရှိပေ။
သုဂွန်သည် ထိုလူက သူ၏တတိယညီလေးကို သတ်နိုင်ခဲ့သောကြောင့် အတော်လေး အံ့သြသွားခဲ့သည်။
“ မင်းရဲ့အလုပ်ကို ကောင်းကောင်းမွန်မွန်တော့ လုပ်သားပဲ၊ ငါ သဘောကျတယ် “ သုဂွန်သည် ဂျမ်ကျင်း၏လုပ်ပုံကိုင်ပုံကို ကြည့်ပြီး ကျေနပ်သွားသည်။
ထို့နောက် သုဂွန်က စာရွက်ကို အင်္ကျီထဲသို့ ထည့်လိုက်သည်။ “ ငါ့ရဲ့အလုပ်က ဒီနေရာမှာ ပြီးပြီ၊ ဒီတော့ ငါလည်း ဂိုဏ်းကို ပြန်လိုက်ဦးမယ် “ သုဂွန်က နှုတ်ဆက်စကား ဆိုလိုက်သည်။
သုဂွန်က ပြင်တင်းတံခါးကို ဖွင့်ပြီး အပြင်သို့ ခုန်ထွက်လိုက်သည်။ သုဂွန်၏လုပ်ရပ်ကြောင့် ဂျမ်ကျင်းတစ်ယောက် မှင်တက်မိနေလေသည်။ ဤကား မြေပြင်ကနေ မီတာတစ်ရာကျော်အထိ မြင့်မားသော ထိပ်ဆုံးအထပ်ဖြစ်သည်။ ထိုအမြင့်မှ တစ်ယောက်ယောက်က ပြုတ်ကျမည်ဆိုလျှင် သေလမ်းတစ်လမ်းသာ ကျိမ်းသေ သွားရမည် ဖြစ်၏။
အကြောင်းပြချက်သည် ဂျမ်ကျင်းက လူသားတို့၏လုပ်နိုင်စွမ်းထက် ကျော်လွန်နေသော လူတစ်ယောက်ယောက်နှင့် တစ်ခါမျှ မဆုံဖူးခဲ့ဟန် ရ၏။ ဂျမ်ကျင်းတစ်ယောက် ယုံကြည်ချက်များ ပိုမိုတိုးပွားသည်။ လျှို့ယွဲ့၏ကုမ္ပဏီကို အပိုင်သိမ်းမည့် အစီအစဉ်များက သေချာပေါက် ချောချောမွေ့မွေ့ဖြင့် ပြီးဆုံးသွားပါလိမ့်မည်။
ဤကဲ့သို့ အလွန်တရာ အားကောင်းသော လူတစ်ယောက်က ကူညီမည်ဆိုလျှင် အရာရာတိုင်းက လွယ်လွယ်ကူကူ ပြီးဆုံးသွားမည် မဟုတ်ပါလား။
ယင်းသည် အဆိပ်ဂိုဏ်း၏တည်နေရာကို ရှာဖွေရန် အခွင့်အရေးပင် ဖြစ်သည်။ ရဲ့ချန်က လျှို့ယွဲ့ကို ခေါ်ပြီး သုဂွန်နောက်သို့ လိုက်လာခဲ့သည်။
ကောင်းကင်အထက်ကနေ ရဲ့ချန်က သုဂွန်၏လှုပ်ရှားမှုများကို ရှင်းလင်းစွာ မြင်နေရ၏။။ ရဲ့ချန်က သုဂွန်၏ခန္ဓာကိုယ်မှ လှုပ်ရှားမှုများကို တစ်စက်မှ အလွတ်မခံချေ။
သုယောင်သည် အဆောင်အဦထဲမှ ခုန်ထွက်လာပြီး မြို့ပြင်သို့ ထွက်ရန် ဦးတည်လိုက်သည်။
ရဲ့ချန် နှင့် လျှို့ယွဲ့တို့က သုဂွန်၏ခြေရာကို ခံပြီး ဆက်လက် လိုက်ပါလာကြသည်။ သုဂွန်က အလွန်တရာ သတိကြီးပုံ ပေါ်၏။ သူက သူ၏နောက်သို့ တစ်ယောက်ယောက် လိုက်လာခြင်း ရှိမရှိ အကြိမ်များစွာ လှည့်လှည့်ကြည့်နေသည် မဟုတ်ပါလား။
ထို့နောက် သူက အဆိပ်ဂိုဏ်း၏တည်နေရာကို မည်သူမျှ မသိစေရန် အကြိမ်များစွာ ဝေ့၀ိုက်နေလေသည်။
ရဲ့ချန်က သုဂွန်၏နောက်သို့ စိတ်ရှည်ရှည်ဖြင့် လိုက်ပါလာသည်။ နှစ်နာရီခန့် ကြာပြီးသော် ရဲ့ချန်တို့သည် မီတာတစ်ရာခန့် အမြင့်ရှိမည်ဟု ခန့်မှန်းရသည့် ရှေးဟောင်းဗိသုကာ လက်ရာများနှင့် အဆောက်အဦကြီးတစ်ခုကို မြင်လိုက်ရ၏။
ထိုအဆောက်အဦကြီးကို အကာအကွယ်ဒိုင်းများဖြင့် ဖုံးလွှမ်းထားလေသည်။ ထို့ကြောင့် ၎င်းကို သာမန်လူများက မြင်နိုင်တော့မည် မဟုတ်ပေ။
ယင်းက အဆိပ်ဂိုဏ်း၏ ဌာနချူပ် ဖြစ်ပုံပေါ်သည်။ သုဂွန်က ထိုရှေးဟောင်း အဆောက်အဦကြီးဆီသို့ ချက်ချင်း ဦးတည်လိုက်တော့သည်။ သုဂွန် အထဲသို့ ၀င်သွားသောအခါ အလွန်တရာ ရိုသေလေးစားနေဟန် ရသော အစောင့်နှစ်ယောက်က သုဂွန်ကို ချက်ချင်း ခရီးဦးကြိုပြုကြသည်။
လောလောဆယ် ရဲ့ချန်၏ရင်ခွင်ထဲတွင် ရှိ်နေသော လျှို့ယွဲ့ကလည်း ထိုရှေးဟောင်း အဆောက်အဦကြီးကို မြင်လိုက်ရ၏။ ထိုအဆောက်အဦကြီးသည် လူသားတို့ လာလေ့လာထ မရှိသော သစ်တောတစ်တော၏အလယ်တွင် တည်ရှိပေသည်။
“ ယောက်ျား ငါတို့ အဆိပ်ဂိုဏ်းရဲ့ တည်နေရာကို ရှာတွေ့ပြီလား၊ ပြီးရင် ငါတို့ ဘာဆက်လုပ်ကြမလဲ “ လျှို့ယွဲ့က မေးလိုက်၏။။
“ သေချာတာပေါ့၊ ငါတို့ ဒီဂိုဏ်းကို ဖျက်ဆီးကြမယ် “ ရဲ့ချန်က ဤသို့သော ဂိုဏ်းမျိုးကို အမှန်တကယ် ဖျက်ဆီးလိုသည်။ အဆိပ်ဂိုဏ်းသည် ရဲ့ချန်၏မိသားစုအတွက် အလွန်တရာ အန္တရာယ်ရှိသော အနက်ရောင်ဂိုဏ်း တစ်ဂိုဏ်းပင် ဖြစ်၏။ ထို့ကြာင့် သူတို့က ပျက်စီးရန်သာ ထိုက်တန်ပေသည်။
ရဲ့ချန်က လျှို့ယွဲ့ကို ခေါ်ပြီး မြေပေါ်သို့ ဆင်းလာခဲ့သည်။ “ ယွဲ့ နင် ငါနဲ့လိုက်မှာလား ဒီမှာ နေခဲ့မှာလား “ ရဲ့ချန်က မေးလိုက်၏။
“ ဒါပေါ့ ငါလိုက်မှာ၊ အရင်အချိန်တွေ အားလုံးမှာ ငါလေ့ကျင့်ထားတဲ့ သိုင်းပညာတွေကို လက်တွေ့ စမ်းကြည့်ချင်တယ် “ လျှို့ယွဲ့က ဖူလန်လင်း သင်ပေးခဲ့သော သိုင်းပညာများကို စမ်းသပ်ရန် စိတ်အားထက်သန်နေလေသည်။
လျှို့ယွဲ့သည် ထိုအရာများက နောက်ကျပြီးဖြစ်စေ စောပြီးပဲဖြစ်စေ သေချာပေါက် ဖြစ်လာမည်ဟု သိထားပြီးပြီ ဖြစ်သည်။ ကျင့်ကြံသူတို့လောကသည် ခက်ခဲမှုများဖြင့် ပြည့်နက်နေသည့် လောကပင် ဖြစ်၏။ ထို့ကြောင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီဆို တိုက်ပွဲကို ရှောင်လွှဲ၍ မရတော့ပေ။
ဖူလန်လင်းကလည်း လျှို့ယွဲ့ကို တစ်နေ့နေ့တွင် မိမိချစ်မြတ်နိုးသော လူတိုင်းကို ကာကွယ်ရန် ရန်သူကို သတ်ဖြတ်ရမည့် အခြေအနေမျိုးနှင့် မုချ ကြုံတွေ့ရမည်ဟု ပြောခဲ့ဖူး၏။
ထိုအချိန်က လျှို့ယွဲ့၏စိတ်ထဲတွင် ထိုကိစ္စကို မတင်မကျ ဖြစ်ခဲ့ရ၏။ သူမက ထိုသို့သော အရာများကို လုပ်ဆောင်ရန် လိုသည်လော။ လျှို့ယွဲ့အတွက် သတ်ဖြတ်ခြင်းဆိုသော ဝေါဟာရသည် လွယ်လွယ်ပြောနိုင်သော စကား မဟုတ်ပေ။ ထို့ကြောင့် သူမက ထိုကိစ္စများကို တွေးမိတိုင်း အထိတ်တလန့်ပင် ဖြစ်ခဲ့ရသေးသည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now