အခန်း (၂၀၀) ဓားခုနစ်ချောင်းဂိုဏ်း၏ လျှို့ဝှက် အကြံအစည်များ

504 18 0
                                    

ချင်းချမ်သည် လိမ်းဆေးကို သူမ၏ကျောကို လိမ်းရန် ကြိုးစားလိုက်သောအခါ သူမ၏လက်က မလှမ်းနိုင်သောကြောင်း အတော်လေး ဒုက္ခရောက်နေတော့သည်။
“ ရဲ့ချန်၊ နင် ငါ့ကို ကူညီလို့ ရမလား “ ချင်းချမ်သည် ကျောကို လိမ်းဆေးလိမ်းရန် ရဲ့ချန်ဆီက အကူညီ တောင်းလိုက်လေသည်။
ရဲ့ချန်က ချင်းချမ်၏လက်ထဲက လိမ်းဆေးပုလင်းကို ယူပြီး သူမ၏ဖြူဖွေးပြီး ချောမွတ်နေသည့် ကျောပြင်လေးကို ဆေးလူးပေးလိုက်သည်။
ဤတစ်ကြိမ်တွင် ချင်းချမ်က ရဲ့ချန်ကို မကျီစယ်တော့ပေ။ သူမက ရိုးသားစွာ အကူညီ တောင်းလိုက်ခြင်းသာ ဖြစ်ပေသည်။
ချင်းချမ်က ရဲ့ချန်ကို ထုံးစံအတိုင်း မမြှူဆွယ်တော့သည်ကား သေခြင်း၊ ရှင်ခြင်း အခြေအနေတစ်ခုကို ရင်ဆိုင်လိုက်ရသောကြောင့်လည်း ဖြစ်တန်ရာ၏။
ရဲ့ချန်၏လက်က သူမ၏ကျောပြင်ကို ထိလိုက်သောအခါ ချင်းချမ်တစ်ယောက် အနည်းငယ် တုန်ယင်သွားလေသည်။ သူမသည် ရဲ့ချန်၏လက်တွင် အထိအတွေ့တစ်ခုတည်းနှင့် အမျိုးသမီးများကို စိတ်လှုပ်ရှားစေနိုင်သည့် မှော်စွမ်းအင်တစ်ခု ရှိနေသည်ဟု ခံစားလိုက်ရသည်။
ယင်းသည် ချင်းချမ်က ဣတ္ထိယနှလုံးသား ကျမ်းစာကျင့်စဉ်ကို လေ့ကျင့်ခဲ့သောကြောင့်လည်း ဖြစ်နိုင်၏။ ရဲ့ချန်၏ ဘုရင့်နှလုံးသား ကျင့်စဉ်နှင့် တွေ့ဆုံသောအခါ သူတို့နှစ်ခုက တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပုံ ပေါ်၏။
“ ရပြီ၊ အားလုံး ပြီးပြီ “ ရဲ့ချန်က ချင်းချမ်၏ဒဏ်ရာများကို ဆေးလိမ်းပေးပြီးပြီ ဖြစ်သည်။
အချိန်တစ်ခဏအတွင်း ချင်းချမ် ခံစားနေရသည့် ဒဏ်ရာများက အမာရွတ်ပါ မကျန် ပျောက်ကင်းသွားလေသည်။ ရဲ့ချန်၏ဆေးက အတော်လေး ကောင်းမွန်လှချေသည်။
“ အဲဒါ ဘာဆေးလဲ၊ အကျိုးသက်ရောက်မှုက လုံး၀ ဆန်းကြယ်လှချည်လား “ ချင်းချမ်သည် လိမ်းဆေး၏အာနိသင်ကို ချီးကျူးမဆုံး ဖြစ်နေလေသည်။ သူမအတွက် ဤမျှ လျင်လျင်မြန်မြန် ကုသနိုင်စွမ်းရှိသည့် လိမ်းဆေးမျိုးကို တစ်ခါမျှ မမြင်ဖူးဘူး မဟုတ်လား။
“ ဒါပေါ့၊ ဒီလိမ်းဆေးက ပြင်ပဒဏ်ရာလောက်တော့ ကောင်းကောင်း ကုသနိုင်စွမ်း ရှိပါတယ် “ ရဲ့ချန်က ပြန်ဖြေလိုက်သည်။ အမှန်စင်စစ် ထိုဆေးက ရဲ့ချန်ကိုယ်တိုင် ဖော်စပ်ထားခြင်း မဟုတ်ပေ။ ယင်းက ရဲ့ချန် အပြင်းအထန် လေ့ကျင့်စဉ်က ဂူရွှမ်းပေးခဲ့သည့် ဒဏ်ရာကုသဆေး တစ်မျိုးပင် ဖြစ်သည်။
ဤလိမ်းဆေးက အလွန်တရာ အစွမ်းထက်သည့် ဆေးမျိုးဖြစ်သည်။ ရဲ့ချန်အတွက် လေ့ကျင့်ခဲ့သည့် တစ်လျှောက်လုံး ရရှိခဲ့သော ဒဏ်ရာအားလုံးကို ထိုဆေးက အလွယ်တကူ ကုသပေးနိုင်ခဲ့သည်။
“ ဟိုဘက်လှည့်၊ ငါအ၀တ်စား လဲချင်လို့ “ ချင်းချမ်သည အ၀တ်စား လဲလိုသောကြောင့် ရဲ့ချန်ကို တစ်ဖက်သို့ လှည့်ရန် ပြောလိုက်သည်။
ရဲ့ချန်က အကူညီကင်းမဲ့စွာဖြင့် တစ်ဖက်သို့ လှည့်ပေးလိုက်ရသည်။ သူ၏နောက်တွင်တော့ ချင်းချမ်၏အ၀တ်စားလဲသံ သဲ့သဲ့ကို ကြားနေရသည်။
တစ်ဖက်သို့ လှည်နေသည့် ရဲ့ချန်ကို တစ်ချက် အကဲခတ်ပြီးနောက် ချင်းချမ်က အဖြူရောင် ရှေးဟောင်း ဂါ၀န်တစ်ထည်ကို ထုတ်ယူပြီး ခန္ဓာကိုယ်တွင် ၀တ်ဆင်လိုက်သည်။
“ ပြီးပြီး၊ ပြန်လည့်လို့ ရပြီ “ ချင်းချမ်က ရဲ့ချန်ကို ပြန်လှည့်ခွင့် ပြုလိုက်သည်။
ရဲ့ချန်က နောက်သို့ ပြန်လှည့်ပြီး ချင်းချမ်၏ပုံစံကို တစ်ချက် အကဲခတ်လိုက်သည်။
လောလောဆယ် ချင်းချမ်က အဖြူရောင် ဂါ၀န်တစ်ထည်ကို ၀တ်ဆင်ထားကြောင်း မြင်လိုက်ရ၏။ သူမက ထိုအဖြူရောင် ဂါ၀န်လေးကို ၀တ်ဆင်လိုက်သောအခါ အလွန်တရာ လှပပြီး ဆွဲဆောင်မှုရှိသည့် နတ်သမီးလေးလို ဖြစ်သွားလေသည်။
ချင်းချမ်က ရှေ့သို့ လျှောက်လာပြီး ရဲ့ချန်ရှေ့တွင် ရပ်လိုက်သည်။ “ အစောက ငါ့ကို ကူညီခဲ့တာတွေအတွက် ကျေးဇူးအများကြီး တင်ပါတယ် “ ချင်းချမ်သည် ရဲ့ချန်က သူမကို အချိန်မီ ကယ်တင်ပေးခဲ့သောကြောင့် ကျေးဇူးတင်စကား ပြောလိုက်သည်။
“ ရပါတယ်၊ ကိစ္စမရှိပါဘူး “ ရဲ့ချန်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ချင်းချမ်၏အလှက သူ့ကို အနည်းငယ် ဆွဲဆောင်မှု ရှိနေသည် မဟုတ်ပါလား။
ချင်းချမ်က မျက်စိနောက်စရာကောင်းသည့် အ၀တ်အစားများကို ၀တ်မထားသည့်အခါမှာတော့ အတော်လေး ဆွဲဆောင်မှု ရှိလှပေသည်။
ရဲ့ချန်က သူမကို စိတ်၀င်စားနေသည့် အကြည့်ဖြင့် စိုက်ကြည့်နေသောကြောင့် ချင်းချမ်တစ်ယောက် သဘောအကျကြီး ကျသွားလေသည်။ ယခုတော့ သူမက ရဲ့ချန်ကို မည်သည့်ပုံစံမျိုးဖြင့် ဆွဲဆောင်ရမည်မှန်း သိသွားပြီ ဖြစ်သည်။ ရဲ့ချန်က အပြစ်ကင်းစင်သည့် မိန်းကလေးကို နှစ်သက်တတ်ပုံ ပေါ်သည်။
“ ခင်ဗျား ဘာမှ ပြောစရာ မရှိတော့ဘူးဆိုရင် ကျုပ်သွားတော့မယ်လေ “ ရဲ့ချန်က ဤနေရာက ထွက်ရန် လမ်းတစ်ခုရှာရန် ပြင်ဆင်လိုက်သည်။
“ ခဏနေပါဦး “ ချင်းချမ်က ထွက်သွားတော့မည့် ရဲ့ချန်ကို တားလိုက်သည်။
“ ဘာပြောစရာ ရှိသေးလို့လဲ “ ရဲ့ချန်က မေးလိုက်သည်။
“ နင်က ငါ့လို အားနည်းတဲ့ မိန်းကလေးတစ်ယောက်ကို ဒီလို အန္တရာယ်အရမ်းများတဲ့ နေရာကြီးမှာ တစ်ယောက်တည်းထားပြီး ထွက်သွားတော့မလို့လား “ ချင်းချမ်က ရဲ့ချန်နှင့်အတူတူ လိုက်လာလိုသည်။ ရဲ့ချန်နှင့် လိုက်မှသာ သူမအတွက် လုံခြုံမည်ဖြစ်ကြောင်း ခံစားနေရသည် မဟုတ်ပါလား။
“ အဲဒီတော့ ခင်ဗျားက ဘယ်လိုလုပ်ချင်တာတုန်း “ ရဲ့ချန်က မေးလိုက်သည်။
“ အင်း … ငါ နင်နဲ့လိုက်ခဲ့မယ်လေ “ ချင်းချမ်က ပြောလိုက်သည်။
“ ကောင်းပြီလေ၊ ဒါပေမဲ့ ကျုပ်ကိုတော့ မတားနဲ့နော် “ ရဲ့ချန်က ချင်းချမ်ကို အတူခေါ်ပြီး လမ်းရှာရန် စိတ်ရှိနေမည် မဟုတ်ပေ။ အနည်းဆုံးတော့ ချင်းချမ်လို မိန်းမချောလေးတစ်ယောက် အဖော်ပါလာသောကြောင့် ပျင်းတော့ ပျင်းမည် မဟုတ်ပေ။
“ ကျေးဇူး အများကြီး တင်ပါတယ် “ ချင်းချမ်က ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။
“ သွားရအောင်၊ လမ်းလည်း ရှာရဦးမယ် “ ရဲ့ချန်က ချင်းချမ်ကို ခေါ်ပြီး ထွက်လမ်းကို အတူတူ လိုက်ရှာသည်။
ရဲ့ချန် နှင့် ချင်းချမ်တို့သည့် ထွက်လမ်းတစ်ခုကို အပြေးအလွှား ရှာဖွေနေကြသည်။
“ ခင်ဗျားတို့ရော ဒီနေရာက ရတနာတစ်ခုခု တွေ့ခဲ့သေးလား “ ရဲ့ချန်သည် ချင်းချမ်ကို ဤနေရာမှ ရတနာတစ်ခုခု ရမရ မေးမြန်းလိုက်သည်။
“ ဟင့်အင် … အစကတည်းက ငါတို့ ဒီနေရာကနေ ရတနာဖြစ်ဖြစ်၊ တန်ဖိုးရှိတာပဲ ဖြစ်ဖြစ် ဘာတစ်ခုမှ မရခဲ့ဘူး၊ ငါတို့ စစ်ဆေးခဲ့တဲ့ အခန်းတွေ အကုန်လုံးက အခန်းလွတ်တွေချည်းပဲ “ ချင်းချမ်က ပြောလိုက်သည်။
ချင်းချမ် နှင့် သူမ၏အဖွဲ့ကလည်း အခန်းအတော်များများကို စစ်ဆေးပြီးပြီ ဖြစ်သည်။ သို့သော် သူတို့က ရတနာမရဘဲ အဘယ်ကြောင့် ဒုက္ခများသာ ရရှိခဲ့ရသနည်း။
သူမတို့ နောက်ဆုံး ဖွင့်လိုက်သည့်အခန်းက သွေးကျားဆယ့်ငါးကောင် ရှိနေသည့် အခန်းဖြစ်နေသည်။ သူမတို့သည် အိပ်ပျော်နေသည့် သွေးကျားများ ပြည့်နေသော အခန်းကို ဖွင့်ခဲ့မိသောကြောင့် ဤကဲ့သို့ ကံဆိုးမိုးမှောင် ကျခဲ့ခြင်း ဖြစ်ပေသည်။
ချင်းချမ်သည် သွေးကျားများ လာသည့်နေရာကို သံသယ၀င်သွားတော့သည်။ သူတို့က ဤသို့သော နေရာမျိုးတွင် အဘယ်ကြောင့် အသက်ရှင်နေရသနည်း။
ယင်းသည် ချင်းချမ်အတွက် အဖြေမထုတ်နိုင်သော ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေသည်။
ကြည့်ရသည်မှာ ရဲ့ချန်တစ်ယောက်တည်းသာ ဘာမျှမရခဲ့ခြင်း မဟုတ်ဘဲ ချယ်ရီပန်းပွင့်ဂိုဏ်းသည်လည်း သူနှင့် ကံချင်းတူနေပုံ ပေါ်နေ၏။
ရဲ့ချန်၏ခန့်မှန်းချက်က မှန်ကန်သွားပုံ ရ၏။ ဤနေရာက ရှေးဟောင်းရတနာသိုက် ရှိသည့်နေရာ မဟုတ်ပေ။ ယင်းက ရှေးဟောင်းရတနာသိုက်ထဲသို့ ချိုးဖြတ်၀င်ရောက်လာသူများကို သတ်ဖြတ်ရန်အတွက် စီမံထားသည့် ၀င်္ကပါတစ်ခုပင် ဖြစ်သည်။
ရဲ့ချန်သည် အန္တရာယ်ပြည့်နေသည့် ၀င်္ကပါထဲမှ ထွက်နိုင်မည့် ထွက်လမ်းတစ်ခုကို စတင် တွေးတောမိလာသည်။
“ မြန်မြန်လာ၊ ဒီနေရာက ထွက်ရအောင် “ ရဲ့ချန်က သူ၏ခြေလှမ်းများကို အနည်းငယ် အရှိန်မြှင့်လိုက်သည်။
ချင်းချမ်ကလည်း ရဲ့ချန်နောက်မှ ကပ်လိုက်လာခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်သည် အလွန်တရာ ရှုပ်ထွေးနေသည့် စင်္ကြန်လမ်းတစ်လမ်းသို့ ခြေချမိလိုက်ကြသည်။
ရဲ့ချန်သည် အကွာအဝေးတစ်ခုမှ တိုက်ပွဲသံများကို ကြားလိုက်ရသည်။ ထိုအသံများက သံသံချင်း ထိခိုက်မိသောကြောင့် ထွက်ပေါ်လာသည့် အသံများ ဖြစ်ဟန်တူသည်။
“ ခင်ဗျားရဲ့အော်ရာတွေက သိသာထင်ရှားလွန်းနေတယ်၊ ရှေ့မှာ ဘာတွေဖြစ်နေတယ်ဆိုတာ မြင်တယ်မလား “ ရဲ့ချန်သည် ချင်းချမ်အား သူမ၏အော်ရာများကို ဖုံးကွယ်ခိုင်းလိုက်၏။
ရဲ့ချန်သည် ထိုတိုက်ပွဲက ကျင့်ကြံသူများ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ခံစားလိုက်ရသည်။
ပြဿနာသည် သူတို့ မည်သည့်အရာအတွက် ဤသို့ တိုက်ခိုက်နေရသနည်း။
ဤနေရာတွင် မည်သည့်ရတနာမျှ မရှိသည်ကလည်း ရှင်းလင်းလှပေသည်။ ထိုလူများက အဘယ်ကြောင့် တိုက်ပွဲကို အဆုံးမသတ်ကြသေးသနည်း။
ရဲ့ချန် နှင့် ချင်းချမ်တို့က အနားသို့ ချဉ်းကပ်လာသောကြောင့် မီးတောင်ကြားဂိုဏ်းက အကြီးကဲနှစ်ယောက်ကို တိုက်ခိုက်နေသည့် လူများက ဓားခုနှစ်ချောင်းဂိုဏ်းက အကြီးကဲ လေးယောက်ဖြစ်ကြောင်း သတိထားမိသွားသည်။
ထိုလူများ၏တိုက်ပွဲက အတော်လေး ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။ မီးတောင်ကြားဂိုဏ်းက အကြီးကဲနှစ်ယောက်က သေဆုံးသွားပြီ ဖြစ်သည်။ ကျန်နှစ်ယောက်ကလည်း ဓားခုနှစ်ချောင်းဂိုဏ်းက အကြီးကဲ နှစ်ယောက်၏ အပြင်းအထန် ဖိတိုက်ခြင်းကို ခံနေရပြီ ဖြစ်သည်။
“ မီးတောင်ကြားဂိုဏ်းက အကြီးကဲနှစ်ယောက် မင်းတို့မိတ်ဆွေတွေနောက်ကို လိုက်သွားဖို့ အဆင်သင့် ဖြစ်ပြီလား … ဟဟဟ “ စကားပြောလိုက်သောသူက ကျန့်ကျင်း ဖြစ်သည်။
လောလောဆယ် ဓားခုနှစ်ချောင်းဂိုဏ်းကို ကျန့်ကျင်းက ဦးဆောင်ထားခြင်း ဖြစ်သည်။
“ ကျန့်ကျင်း၊ ငါတို့ ဂိုဏ်းခေါင်းဆောင် သိသွားမှာကို မင်းမကြောက်ဘူးလား၊ ဒီကိစ္စကို ငါတို့ဂိုဏ်းခေါင်းဆောင် မသိဘူးသေးဘူးဆိုရင်တောင် ဒီနေရာမှာ ငါတို့မီးတောင်ကြားဂိုဏ်း နဲ့ မင်းတို့ဓားခုနှစ်ချောင်းဂိုဏ်းတို့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ သေချာပေါက် သူရှာဖွေနိုင်မှာပဲ “ မီးတောင်ကြားဂိုဏ်း၏အကြီးကဲ နှစ်ယောက်သည် ကျန့်ကျင်းကို တခြားအကြီးကဲ နှစ်ယောက်ကို သတ်ခဲ့သည့်အတွက် လျော်ကြေးပေးပြီး တောင်းပန်ရန် သတိပေးလိုက်သည်။
ထိုလူလေးယောက်က သူတို့ဂိုဏ်းက အကြီးကဲနှစ်ယောက်ကိုပင် သတ်ဝံ့သည်။ ယင်းက မီးတောင်ကြားဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုပင် ဖြစ်သည်။
“ ဟဟဟ … ငါတို့က ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ အစကတည်းက ငါတို့က မင်းတို့အကုန်လုံးကို ဒီနေရာကနေ မောင်းထုတ်ပစ်ဖို့ ရည်ရွယ်ထားပြီးသား၊ ဒီနည်းလမ်းက ငါတို့အတွက် တစ်နိုင်ငံလုံးမှာ အင်အားအကြီးဆုံးဂိုဏ်းကြီး ဖြစ်လာမယ့် နည်းလမ်းကြီးပဲလေ “ ကျန့်ကျင်းက အော်ဟစ် ရယ်မောနေတော့သည်။
ဓားခုနှစ်ချောင်းဂိုဏ်း၏ အစီအစဉ်က အစကတည်းက အခြားဂိုဏ်းကြီး သုံးဂိုဏ်းကို ဖယ်ရှားပစ်ရန် ဖြစ်နေသည် မဟုတ်ပါလား။

***

You've reached the end of published parts.

⏰ Last updated: Sep 12, 2021 ⏰

Add this story to your Library to get notified about new parts!

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now