အခန်း (၁၉၉) ချင်းချမ်ကို ကယ်တင်ခြင်း

241 11 0
                                    

ချင်းချမ်သည် အကူညီတောင်းရန် အခြားဂိုဏ်းကြီးသုံးဂိုဏ်းနှင့် တွေ့ဆုံရန်သာ မျှော်လင့်နိုင်တော့သည်။
ကံမကောင်းစွာ ရှေ့တွင် လမ်းက ဆုံးနေပြီ ဖြစ်သည်။ ချင်းချမ်က ခြေလှမ်းများကို ချက်ချင်း ရပ်တန့်လိုက်သည်။ ထို့နောက် သူမက သူမယခင် ဖြတ်ကျော်လာသည့် လမ်းသို့ ပြန်လှည့်ပြေးလာခဲ့သည်။
ချင်းချမ် ပြန်လှည့်ပြေးလာသောအခါ သွေးကျားအုပ်က သူမနောက်သို့ မှီလာတော့သည်။
“ ဂါး … “ သွေးကျားဆယ့်ငါးကောင်က မာန်ဖီပြီး ချင်းချမ်ဆီ တိုး၀င်လာတော့သည်။
ချင်းချမ်တစ်ယောက် နောက်သို့ ပြန်လှည့်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် သူမ၏နောက်တွင် နံရံကြီးက ခံနေသည် မဟုတ်ပါလား။ ထို့ကြောင့် သူမက ထပ်မံ မပြေးနိုင်တော့ပေ။
“ ငါ ဒီနေရာမှာပဲ သေရတော့မှာလား “ ချင်းချမ်အတွက် မျှော်လင့်ချက် မရှိတော့ပေ။ သူမတွင် ပြေးစရာလည်း မြေမရှိတော့ပေ။ သူမ၏ထွက်လမ်းများ အားလုံးကို သွေးကျားများက ပိတ်ဆို့ထားပြီးပြီ မဟုတ်ပါလား။
ချင်းချမ်သည် မျက်လုံးကို မှိတ်ချလိုက်ပြီး ၀မ်းနည်းဖွယ်ရာ သေဆုံးမှုတစ်ခုကို လက်ခံရန် အသင့်ပြင်ထားလိုက်သည်။
“ ဟာ … မဟုတ်သေးပါဘူး၊ လမ်းက ထပ်ဆုံးသွားပြန်ပြီလား “ သွေးကျားများ၏နောက်မှ မကျေမနပ် ညည်းညူနေသည့် လူတစ်ယောက်၏အသံက ထွက်ပေါ်လာသည်။
မကျေမနပ် ညည်းညူလိုက်သည့်လူက စင်စစ် ရဲ့ချန် ဖြစ်ပေသည်။ ရဲ့ချန်သည် ဤဒုက္ခပေးနေသည့် ၀င်္ကပါထဲတွင် တဝဲလည်လည် လှည့်ပတ်နေရသောကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေလေသည်။
ချင်းချမ်သည် လူတစ်ယောက်၏အသံကို ကြားလိုက်ရသောကြောင့် သူမ၏မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ ယခုရောက်လာသည့်လူက မည်သူဖြစ်ကြောင်း သူမသိလိုသည် မဟုတ်ပါလား။
ချင်းချမ်သည် ရောက်လာသည့်လူက ရဲ့ချန်ဖြစ်ကြောင်း မြင်လိုက်ရ၏။ ရဲ့ချန်က သူ၏ရုပ်သွင်ကို ဝါးခမောက်ကြီး ဆောင်းပြီး ဖုံးကွယ်ထားသည့်တိုင် ချင်းချမ်သည် ထိုလူက ရဲ့ချန်ဖြစ်ကြောင်း အနည်းငယ် မှတ်မိနေသေးသည် မဟုတ်ပါလား။
ချင်းချမ်သည် မနေ့ညက အဖြစ်အပျက်များကို ပြန်လည် အမှတ်ရလာသည်။ ထိုအဖြစ်အပျက်များက သူမ၏ဘ၀တွင် မည်သည့်အခါမျှ မေ့နိုင်မည် မဟုတ်တော့ပေ။
ယင်းက အနှိပ်အနယ် တစ်ခုသာ ဖြစ်သော်လည်း ထိုကျင့်စဉ်၏ နှိုးဆွမှုက ကမ္ဘာတွင် စွမ်းအားအကြီးဆုံး ဖြစ်ပေသည်။
“ ရဲ့ချန်၊ ဒီကနေ မြန်မြန်ထွက်သွား “ ချင်းချမ်သည် ရဲ့ချန်ကို ဤနေရာမှ ချက်ချင်း ထွက်သွားရန် အော်ပြောလိုက်သည်။
ချင်းချမ်သည် ရဲ့ချန်က သူ၏အင်အားများကို အသုံးအဆောင်ပစ္စည်းတစ်ခုကို အသုံးပြုပြီး ဖုံးကွယ်ထားမှန်း သိသည်။ သို့သော် သွေးကျား ဆယ့်ငါးကောင်ရှေ့တွင် ရဲ့ချန်က ၀မ်းနည်းဖွယ်ရာ အဆုံးသတ်သွားမည်က သေချာပေသည်။
ထိုအသံကို ကြားပြီး ရဲ့ချန်က ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ကြည့်ရသည်မှာ မိန်းမချောလေး ချင်းချမ်က မှော်သားရဲများ အလယ်တွင် အကူညီကင်းမဲ့နေပုံ ရပေသည်။
ချင်းချမ် ၀တ်ဆင်ထားသည့် အ၀တ်အစားများက ယခုအခါ သွေးကွက်များစွာဖြင့် နီရဲနေပြီ ဖြစ်သည်။ သူမ၏ပုံစံကလည်း အနည်းငယ် စုတ်စုတ်ပြတ်ပြတ် ဖြစ်နေပြီ ဖြစ်သည်။
သနားစရာကောင်းသည့် ချင်းချမ်ကို ကြည့်ရင်း ရဲ့ချန် ကရုဏာ သတ်သွားလေသည်။ “ ခင်ဗျား ကျုပ်အကူအညီ လိုသေးလား “ ရဲ့ချန်က ချင်းချမ်ကို ကူညီပေးရန် ကမ်းလှမ်းလိုက်သည်။
“ နင်ဘာစကားတွေ ပြောနေတာလဲ၊ ဒီကနေ မြန်မြန်ထွက်သွား၊ ဒီကောင်တွေက နင့်အတွက် ပြိုင်ဘက်မဟုတ်ဘူး “ ချင်းချမ်က ရဲ့ချန်ကို ထွက်သွားရန် ပြောလိုက်သည်။
ယင်းက သွေးကျားများ ဖြစ်ပေသည်။ သွေးကျားတစ်ကောင်၏ စွမ်းအားက အနည်းဆုံး ကောင်းကင်နယ်ပယ် အဆင့်ရှစ်၊ အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှပေသည်။
ကောင်းကင်နယ်ပယ် အဆင့်တစ်ဆယ် ကျင့်ကြံသူများပင် ထိုသွေးကျားအုပ်နှင့် ထိပ်တိုက်တိုးမိလျှင် အတော်လေး ခက်ခက်ခဲခဲ တိုက်ခိုက်ရမည် ဖြစ်သည်။
သူတို့အတွက် စိတ်၀င်စားစရာ အသစ်တစ်ခု ထပ်ရောက်လာသည်ကို မြင်ပြီး သွေးကျားအုပ်ထဲမှ တစ်၀က်လောက်က ခွဲထွက်လာပြီး ရဲ့ချန်၏ဘေးတွင် ၀န်းရံထားလိုက်ကြသည်။ သူတို့၏ပုံစံက အတော်လေး ဆာလောင်နေဟန် ရ၏။
သွေးကျားများက ရဲ့ချန်ကိုလည်း လမ်းပိတ်ထားပြီးပြီ ဖြစ်သည်။ ယင်းသည် သူတို့နှစ်ယောက်စလုံးကို စားသောက်ပြီး အဆုံးသတ်ပေးမည်ဟူသော သဘောပင် ဖြစ်သည်။
ချင်းချမ်အတွက် သွေးကျားများသည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် အလွန်တရာ ကြောက်စရာကောင်းသော မွန်းစတားများ ဖြစ်ပေသည်။
ရဲ့ချန်အတွက်တော့ သွေးကျားများက ရတနာများဟု မြင်နေသည်။ သွေးကျားဆယ့်ငါးကောင်၏ အူတိုင်များသာ ရခဲ့လျှင် ရဲ့ချန်အတွက် အလွန် အသုံး၀င်မည်မှာ သေချာပေသည်။
ရဲ့ချန်က ထိုအူတိုင်များကို ဆေးဖော်စပ်ရာတွင်လည်ကောင်း၊ ပန်းပဲထုရာတွင်လည်ကောင်း အသုံးပြုနိုင်သည် မဟုတ်ပါလား။
ရဲ့ချန်က ရှေ့သို့ တက်လာပြီး သွေးကျားအုပ်ကို သတ်ဖြတ်ရန် ပြင်လိုက်သည်။
“ သတိထား “ ရဲ့ချန် လုပ်လိုက်သည့် အရာကို မြင်ပြီး ချင်းချမ်က သူ့ကို တားဆီးရန် ကြိုးစားလိုက်သည်။
ရဲ့ချန်က ရှေ့တက်လာပြီး သွေးကျားများကို တိုက်ခိုက်လိုက်သည်။
ချင်းချမ်သည် ရဲ့ချန် မည်မျှပင် ကြိုးစားသည်ဖြစ်စေ အချည်းနှီးသာ ဖြစ်မည်ဟု ခံစားလိုက်ရ၏။ ရလဒ်အနေနှင့် ရဲ့ချန်က သွေးကျားများကို သေချာပေါက် ရှုံးနိမ့်သွားမည်သာ ဖြစ်ပေသည်။
“ ချင်းချမ်တစ်ယောက် မျက်လုံးကို မှိတ်ချလိုက်သည်။ နောက်ထပ် ထပ်ဖြစ်မည့်အရာများကို သူမဆက်မကြည့်ဝံ့တောပေ။
“ ဘမ်း … ဘမ်း … ဘမ်း … ဘမ်း … ဘမ်း “ တိုက်သံခိုက်သံ မာန်ဖီသံ ကြုံးဝါးသံများက ပွက်လောရိုက်သွားလေသည်။ သို့သော် တိုက်ပွဲက အတော်လေး တိုတောင်းလှချေသည်။ စက္ကန့်အနည်းငယ်ခန့် ကြာပြီင်္းနောက် လေထုက ယခင်အတိုင်း ပြန်လည် ငြိမ်သက်သွားတော့သည်။
ချင်းချမ်သည် တိုက်ခိုက်သံများက ပြီးသွားပြီဖြစ်ကြောင်း သေသေချာချာ ကြားလိုက်ရ၏။ ထို့ကြောင့် သူမသည် မျက်လုံးကို အနည်းငယ် ဖွင့်ပြီး မည်သည့်အရာများ ဖြစ်ပျက်သွားကြောင်း ချောင်းကြည့်လိုက်သည်။
ချင်းချမ်တစ်ယောက် မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ အေးအေးလူလူ ရှိနေသည့် လူတစ်ယောက်ကို မြင်လိုက်ရ၏။ ယင်းသည် သူမ စိတ်ကူးပင် ယဉ်မကြည့်ဖူးသည့်အရာ ဖြစ်ပေသည်။
ယခုတော့ ရဲ့ချန်၏ရှေ့မှောက်တွင် သွေးကျားအလောင်းပုံကြီးက တစ်ပုံတစ်ခေါင်း ဖြစ်နေပြီ ဖြစ်၏။ သူတို့အားလုံးက ၀င်သက်ထွက်သက် လုံး၀ မရှိတော့ပေ။ သူတို့က သေဆုံးသွားသည်မှာ သေချာနေပြီ ဖြစ်၏။
ထိုအရာကိုကြည့်ရင်း ချင်းချမ်သည် သူမ၏မျက်တောင်ကို တဖျပ်ဖျပ် ခတ်လိုက်သည်။ ထို့နောက် သူမက မျက်လုံးကို သေချာပွတ်သပ်ပြီး အတည်ပြုလိုက်သည်။ သေချာသည် ယင်းက အိပ်မက်တစ်ခု မဟုတ်ပေ။
“ ဒါက အိပ်မက်တစ်ခု မဟုတ်ဘူးပဲ၊ ဒီလူက ဘယ်လိုလုပ်ပြီး သွေးကျားဆယ့်ငါးကောင်ကို သတ်လိုက်တာလဲ “ တိုက်ပွဲကို မမြင်ခဲ့ရသောကြောင့် ချင်းချမ်သည် ရဲ့ချန်က သွေးကျားများကို မည်သို့ အနိုင်ယူခဲ့မှန်း အတော်လေး သိချင်စိတ် ပြင်းပြသွား၏။
ရဲ့ချန်က ဓားမြှောင်တစ်ချောင်းကို ကောက်ယူပြီး သွေးကျားများ၏ခန္ဓာကိုယ်ထဲက အူတိုင်များကို တူးယူလိုက်သည်။
ချင်းချမ်က ရဲ့ချန်၏ဘေးသို့ အပြေးအလွှား ရောက်လာ၏။ “ ရဲ့ချန်၊ နင် ဒီသွေးကျားတွေကို ဘယ်လိုချလိုက်တာလဲဟင် “ ချင်းချမ်က ရဲ့ချန်ကို သွေးကျားများအား မည်သို့ အနိုင်ယူခဲ့ကြောင်း ချက်ချင်း မေးမြန်းလိုက်၏။
“ ငါ သူတို့ကို ချရုံပဲ ချခဲ့တာပါ “ ရဲ့ချန်က ချင်းချမ်၏မေးခွန်းကို ပြန်ဖြေလိုက်သည်။
ရဲ့ချန်က သွေးကျားများကို သေဆုံးသွားရန် အမှန်တကယ် ရိုက်ရုံသာ ရိုက်ခဲ့ခြင်း ဖြစ်သည်။ သူတို့က ရွေ့လျားမှု၊ လျင်မြန်မှုက အတော်လေး ကောင်းမွန်သော်လည်း သွေးကျားများသည် ဧရာမ ကျောက်ဘီလူးများနှင့်စာလျှင် ခုခံမှုအပိုင်းတွင် မနှိုင်းယှဉ်သာအောင် အားနည်းလွန်းပေသည်။ ထို့ကြောင့် ရဲ့ချန်က အလွယ်တကူ အနိုင်ယူလိုက်ခြင်း ဖြစ်ပေသည်။
“ ဘာတဲ့ရယ် “ ရဲ့ချန်၏ အမှုမထားသည့် အဖြေကို ကြားပြီးနောက် ချင်းချမ်တစ်ယောက် အတော်လေး အံ့အားသင့်သွားတော့သည်။
“ သူက ဘယ်အဆင့်က လူတစ်ယောက်လဲ၊ ဘာဖြစ်လို့ ဒီလောက်ထိ သန်မာနေရတာလဲ “ ချင်းချမ် စိတ်ထဲကနေ တွေးနေမိ၏။
ရဲ့ချန်သည် သွေးကျားများ၏ခန္ဓာကိုယ်ထဲမှ အူတိုင်များကို တစ်ကောင်ပြီးတစ်ကောင် ထုတ်ယူလိုက်သည်။ အားလုံးကို ထုတ်ယူပြီးနောက် ရဲ့ချန်က သွေးကျားအလောင်းများကို လွင့်ပစ်လိုက်သည်။
“ အဲဒါတွေကို ဘာဖြစ်လို့ လွင့်ပစ်လိုက်တာလဲ၊ ဒါတွေက နည်းနည်းတော့ အဖိုးတန်နေသေးတာပဲ ဥစ္စာ “ ချင်းချမ်သည် သွေးကျားခန္ဓာကိုယ်က အခြားနေရာများတွင် အသုံးပြုနိုင်သေးကြောင်း ရှင်းပြလိုက်သည်။
“ ကျုပ်တော့ ဒါတွေကို မလိုချင်တော့ဘူး၊ တကယ်လို့ ခင်ဗျားလိုချင်တယ်ဆိုရင်တော့ ယူလိုက်လေ “ ရဲ့ချန်အတွက် ယင်းတို့က မလိုအပ်တော့ပေ။ သွေးကျားများက တခြားနေရာများတွင် အသုံး၀င်နိုင်သည့်တိုင် သူတူးယူထားသည့် အူတိုင်များထက်တော့ နိမ့်ကျနေမည် မဟုတ်ပါလား။
“ နင်က မလိုတော့ဘူးဆိုရင်လည်း ငါယူထားလိုက်ပါ့မယ် “ ရဲ့ချန်က ၎င်းတို့ကို မလိုတော့ဟု ဆိုနေသောကြောင့် ချင်းချမ်က သွေးကျားဆယ့်ငါးကောင်ကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။
“ ရဲ့ချန်၊ နင်က အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ “ ဤအဖြစ်အပျက်ကြီးကြောင့် ချင်းချမ်က ရဲ့ချန်၏အဆင့်ကို သိချင်စိတ် ပြင်းပြသွား၏။
“ ဒါက လျှို့ဝှက်ချက်လေ “ ရဲ့ချန်က ပြုံးပြလိုက်သည်။ သူ၏အဆင့်နှင့်ပတ်သက်ပြီး ချင်းချမ်ကို ပြောမပြလိုပေ။
“ အမလေး၊ ဖြစ်ပျက်နေလိုက်တာ “ ရဲ့ချန်၏အဖြေကို ကြားပြီးနောက် ချင်းချမ်တစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။
ရဲ့ချန်က ချင်းချမ်၏အမူအရာကို မသိကျိုးကျွံ ပြုထားလိုက်သည်။ “ ခင်ဗျား ဒဏ်ရာတွေကို ကုသပြီး အခု၀တ်ထားတဲ့ အ၀တ်အစားတွေကို လဲသင့်နေပြီ “ ရဲ့ချန်က ပိုကောင်းသည့် အရာတစ်ခုကို လုပ်သင့်ကြောင်း ပြောလိုက်သည်။
ရဲ့ချန်က နတ်သမီးတံခါး၀ထဲက လိမ်းဆေးတစ်ပုလင်းကို ထုတ်ယူပြီး ပေးလိုက်သည်။ “ ရော့ … ဒါလိမ်းလိုက်၊ ဒါနဲ့ဆိုရင် ခင်ဗျားရဲ့ဒဏ်ရာတွေ အမာရွတ်တောင် မကျန်တော့ဘဲ မြန်မြန်ဆန်ဆန် ပျောက်သွားလိမ့်မယ် “
ချင်းချမ်က ရဲ့ချန် လှမ်းပေးသည့် လိမ်းဆေးပုလင်းကို လက်ခံလိုက်သည်။ “ ကျေးဇူး “ သူမက ကျေးဇူးတင်စကား ပြောလိုက်သည်။
ချင်းချမ်က ထောင့်ချိုးတစ်ခုသို့ ၀င်သွားပြီး သူမ၀တ်ထားသည့် အ၀တ်အစားများကို ချွတ်လိုက်သည်။ ထို့နောက် သူမက ရရှိထားသည့် ဒဏ်ရာများအပေါ် လိမ်းဆေး လူးလိုက်သည်။
ထိုလိမ်းဆေးက အတော်လေး သက်သက်သာသာ ရှိကြောင်း ခံစားလိုက်ရသည်။ လိမ်းဆေးကို လိမ်းပြီးနောက် သူမ၏ဒဏ်ရာများက တဖြည်းဖြည်း အေးလာပြီး သက်သာလာတော့သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now