အခန်း (၁၆၅) ရန်သူကို လိုက်ရှာခြင်း

213 11 0
                                    

ရဲ့ချန်က လျှို့ယွဲ့၏ဘေးသို့ ချက်ချင်း လျှောက်လာသည်။ “ ယွဲ့ နင် အဆင်ပြေရဲ့လား “ ရဲ့ချန်က လျှို့ယွဲ့၏ အခြေအနေကို ချက်ချင်း မေးမြန်းလိုက်၏။ သူက သူမ၏အခြေအနေနှင့် ပတ်သက်ပြီး အတော်လေး စိုးရမ်းနေသည် မဟုတ်ပါလား။
“ ယောက်ျား ငါအဆင်ပြေပါတယ် “ လျှို့ယွဲ့က ရဲ့ချန်ကို တစ်မုဟုတ်ချင်း ပွေ့ဖက်လိုက်တော့၏။
ရဲ့ချန်က သူမနှင့် ပတ်သက်ပြီး အလွန်တရာ စိတ်ပူနေသောကြောင့် လျှို့ယွဲ့ ရင်ထဲတွင် အတော်လေး ထိသွားလေသည်။
ထိုအရာကို မြင်လိုက်ရသော အလုပ်သမား နှင့် ၀န်ထမ်းအချို့သည် ဒူးများ ပျော့ခွေမတက် အံ့အားသင့်ကုန်ကြ၏။ ကြီးကျယ်သော စီးပွားရေးဘုရင်မ လျှို့ယွဲ့က ယောက်ျားတစ်ယောက်ကို ယောက်ျားဟုခေါ်ပြီး ပွေ့ဖက်နေသည်ကို သူတို့ မြင်လိုက်ရသည် မဟုတ်ပါလား။ ဥက္ကဌ လျှို့ယွဲ့က မည်သည့်အချိန်က လက်ထပ်တားခဲ့သနည်း။ သူတို့ကကော ထိုကိစ္စကို အဘယ်ကြောင့် မသိရသနည်း။
“ တကယ့်တကယ်၊ ဒီမှာ ဘာတွေ ဖြစ်ပျက်ကုန်တာလဲ “ ရဲ့ချန်က လျှို့ယွဲ့ကို ဤနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်သွားသနည်းဟု မေးလိုက်၏။ ဤအဆောက်အဦ၏ ထောင့်တိုင်းတွင် အဘယ်ကြောင့် အဆိပ်မှုန့်များဖြင့် ပြည့်နှက်နေရသနည်း။
“ ယောက်ျား သူတို့ဘာဖြစ်ကုန်ကြတယ် မသိဘူး၊ ငါ့ကို ကူညီပါဦးဟာ “ လောလောဆယ် မကျန်းမမာ ဖြစ်နေပြီး ဖြူဖက်ဖြူရော် ဖြစ်နေပုံပေးနေသော ၀န်ထမ်းအချို့ကို လျှို့ယွဲ့က ညွှန်ပြလိုက်သည်။ စင်စစ် လျှို့ယွဲ့သည်လည်း ဤကဲ့သို့ ကိစ္စသေးသေးလေးအတွက် ရဲ့ချန်ကို စိတ်အနှောက်အယှက် မပေးလိုချေ။ သို့သော် ဤပြဿနာကို သူမတစ်ယောက်တည်းလည်း မဖြေရှင်းနိုင်ဘူး မဟုတ်လား။
လျှို့ယွဲ့သည် ဤကုမ္ပဏီမှ ၀န်ထမ်းများ မည်သည့်အရာများ ဖြစ်ပျက်သွားမှန်း သိရှိရန် နည်းလမ်းတစ်ခုကို ရှာတွေ့ထားပြီးပြီ ဖြစ်သည်။
“ ယွဲ့ သူတို့တွေ အကုန်လုံးက အဆိပ်မိထားတာ၊ တန်တော့ နင့်ကုမ္ပဏီအပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတဲ့လူ တစ်ယောက်ယောက်တော့ ရှိနေပြီ ထင်တယ် “ ရဲ့ချန်က လျှို့ယွဲ့ကို ထိုလူများ ဖြစ်သွားသည့် အကြောင်းရင်းကို ပြောပြလိုက်သည်။
“ သြော် … သူတို့အကုန်လုံးက အဆိပ်မိသွားကြတာကိုး “ လျှို့ယွဲ့၏သုံးသပ်ချက်ကလည်း မှန်ကန်သွားပုံ ရ၏။ ဤကုမ္ပဏီက ၀န်ထမ်းများက အမှန်တကယ် အဆိပ်မိသွားခြင်း ဖြစ်ပေသည်။
သို့သော် သည်လူ အမြောက်အမြားကို ဒုက္ခပေးလိုနေသော လူက မည်သူနည်း။ ထိုလူက ဤကုမ္ပဏီကို ပစ်မှတ်ထားနေသည်ဆိုလျှင် ပစ်မှတ်က သူမသာလျှင် ဖြစ်သင့်ပေသည်။
“ ယောက်ျား အဲဒီအဆိပ်က အန္တရာယ် ရှိလား “ လျှို့ယွဲ့သည် ထိုအဆိပ်က အန္တရာယ် ရှိမရှိ ချက်ချင်း မေးမြန်းလိုက်၏။
“ အဲဒီအဆိပ်နဲ့ပတ်သက်ပြီး တအားကြီး စိုးရိမ်မနေပါနဲ့၊ အန္တာရာယ် သိပ်မရှိပါဘူး၊ အဲဒါကို သင့်တော်အောင် တိုင်တွယ်နိုင်သရွေ့ အဆင်ပြေနေပါလိမ့်မယ်၊ ငါတို့ အရင်ဆုံး ဒီနေရာကနေ ရွေ့ရအောင်၊ ကုမ္ပဏီတစ်ခုလုံးမှာ အဆိပ်မှုန့်တွေက ပျံ့နှံ့နေပြီ၊ ဒီနေရာက နေလို့ကောင်းတဲ့နေရာ မဟုတ်တော့ဘူး “ ရဲ့ချန်က အရင်ဆုံး အဆောက်အဦ၏ အပြင်ဘက်သို့ ရွေ့ပြောင်းရန် လျှို့ယွဲ့ကို ပြောလိုက်သည်။
“ ကောင်းပြီ ငါသဘောပေါက်ပြီ “ လျှို့ယွဲ့က ရဲ့ချန် ပြောသည်အတိုင်း ချက်ချင်း လုပ်ဆောင် လိုက်၏။
“ လူတိုင်းပဲ၊ ငါတို့ အဆောက်အဦရဲ့ အပြင်ဘက်ကို ထွက်ရအောင်၊ ကျေးဇူးပြုပြီး အဆောက်အဦရဲ့ အပြင်ဘက်ကို ထွက်ဖို့ လမ်းမလျှောက်နိုင်တဲ့ လူတွေကို ကူညီပေးလိုက်ကြပါ “ လျှို့ယွဲ့က လူတိုင်းအား တစ်ဦးကိုတစ်ဦး ဖေးမရန် အကူအညီ တောင်းလိုက်သည်။ သို့မှသာ သူတို့က အပြင်သို့ ထွက်နိုင်ကြမည် မဟုတ်ပါလား။
အလုပ်သမားများ နှင့် ၀န်ထမ်းများ အားလုံးတို့သည် အဆောက်အဦ၏အပြင်ဘက်သို့ မထွက်နိုင်သော လူများကို ချက်ချင်း ကူညီပေးလိုက်ကြ၏။
လျှို့ယွဲ့က အခြားရုံးခွဲများကိုလည်း ဆက်သွယ်ပြီး ရဲ့ချန်ပြောသည့်အတိုင်း လုပ်ဆောင်ရန် ညွှန်ကြားလိုက်၏။
ရဲ့ချန်က စာရွက်အလွတ်တစ်ရွက်အား ယူပြီး စာလုံးအချို့ကို ချရေးလိုက်သည်။ ယင်းသည် ပါ၀င်သော ဆေးအမယ်များနှင့် အဆိပ်ဖြေဆေး ဖော်စပ်နည်း ဆေးအညွှန်းပင် ဖြစ်သည်။ “ ယွဲ့ ဒီ ငါရေးထားတဲ့ ဆေးအမယ်တွေကို ချက်ချင်း ၀ယ်ပေးဖို့ လိုတယ်၊ ပြီးရင် အဆိပ်မိတဲ့ ၀န်ထမ်းတွေကို တိုက်လိုက် “
လျှို့ယွဲ့က ရဲ့ချန်ဆီက ဆေးအညွှန်းကို လှမ်းယူလိုက်သည်။ ထို့နောက် သူမ၏အတွင်းရေးမှူးအား အရာရာတိုင်းကို ဆောင်ရွက်ရန် စေခိုင်းလိုက်သည်။
အဆောက်အဦးထဲတွင် အားလုံး ရှင်းလင်းသွားပြီ ဖြစ်၏။ ယခု အဆောက်အဦထဲတွင် ရဲ့ချန် နှင့် လျှို့ယွဲ့တို့သာ ကျန်ရစ်ခဲ့တော့သည်။
အားလုံးကလည်း ကုမ္ပဏီကို အန္တရာယ်ပေးလိုသော တရားခံအား ရှာဖွေရန် ထွက်သွားကြပြီ ဖြစ်သည်။
“ ယွဲ့ ဒီကုမ္ပဏီက CCTV စောင့်ကြည့် စစ်ဆေးခန်းက ဘယ်နေရာမှာလဲ “ ရဲ့ချန်က အဆောက်အဦတစ်ခုလုံးကို ခြုံငုံစောင့်ကြည့်သော အခန်းအား ချက်ချင်း မေးမြန်းလိုက်၏။
ရဲ့ချန်သည် ဤကုမ္ပဏီ၏နေရာတိုင်းတွင် တပ်ဆင်ထားသော CCTV ကင်မရာက လက်သည်တရားခံအား ရိုက်ယူထားနိုင်မည်ဟု မျှော်လင့်မိ၏။
“ ဒီကိုလာ “ လျှို့ယွဲ့က ရဲ့ချန်၏လက်ကို ဆွဲပြီး CCTV စောင့်ကြည့်စစ်ဆေးခန်းသို့ ချက်ချင်း ခေါ်လာခဲ့သည်။
ထိုနေရာသို့ ရောက်ရှိလာသောအခါ လျှို့ယွဲ့က CCTV ဗီဒီယိုဖိုင်ကို နောက်သို့ ပြန်ရစ်လိုက်သည်။ ထို့နောက် သူမ နှင့် ရဲ့ချန်တို့ နှစ်ယောက်လုံး မှတ်တမ်းများကို သံသယ အပြည့်ဖြင့် စောင့်ကြည့်နေလေသည်။
အချိန်တစ်ခဏခန့်ကြာပြီးသော် ကင်မရာအားလုံးက မှတ်တမ်းများ နှင့် အလုပ်လုပ်ပုံများသည် ရုတ်ချည်း အဆက်ပြတ်သွားလေသည်။ ရဲ့ချန် သူ၏မျက်ခုံးကို တစ်ချက် ပင့်မိလိုက်သည်။ ထိုလူက အတော်လေး ဥာဏ်ကောင်းပုံ ရ၏။ သူက လှုပ်ရှားမှုများ မစတင်ခင် CCTV များကို တမင်တကာ ပိတ်ပစ်ခဲ့သည် မဟုတ်ပါလား။
“ မိန်းမ ဒီအခန်းထဲက ဗီဒီယိုဖိုင်ကိုလည်း ဖွင့်ကြည့်ပါဦး “ ရဲ့ချန်က ပြောလိုက်သည်။
ထိုမှတ်တမ်းကို ဖွင့်ကြည့်လိုက်သောအခါ ထိုနေရာတွင် အခန်းထဲသို့ ၀င်ရောက်လာသော အ၀တ်အဟောင်းများနှင့် လူတစ်ယောက်က ရှိနေသည်။ ထိုလူက အခန်းထဲက အစောင့်များကို မလှုပ်ရှားနိုင်အောင် အလွယ်တကူ လုပ်ပစ်ခဲ့သည်။ ဤဖြစ်စဉ်တွင် ထိုလူထူးဆန်းက သူ၏လက်တစ်ချောင်းကိုသာ လှုပ်ရှားရန် လိုအပ်ခဲ့သည်။ အစိမ်းရောင် မြူခိုးများကလည်း သူ၏ခန္ဓာကိုယ်မှ စတင် ဖြာထွက်လာလေသည်။
ထိုမြူခိုးများကို ရှူရှိုက်မိသော အစောင့်များသည် သူတို့၏လည်ပင်းကို နာကျင်စွာ ဆုပ်ကိုင်ထားကြသည်။ အချိန်တစ်ခဏခန့် ကြာပြီးသော် ထိုအစောင့်များက သတိလစ်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်။
ထိုအရာကို ကြည့်ခြင်းအားဖြင့် ဤလူက အဆိပ်ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သိနိုင်၏။ ရဲ့ချန်သည် ထိုလူက သုယောင်၏ဂိုဏ်းနှင့် ဆက်စပ်နေမည်ဟု သံသယ၀င်လာသည်။
ယင်းသည် ရဲ့ချန်၏ ယေဘုယျ အတွေးသက်သက်သာ ဖြစ်၏။ သူ၏တွေးဆချက်က မှန်မမှန် သူလည်း သေချာ မသိချေ။
“ ယွဲ့ အဲဒီလူက သုယောင်နဲ့ တစ်ဂိုဏ်းတည်းက လာတဲ့လူ တင်တယ်၊ ပြီးတော့ သူက နင့်ရဲ့ကုမ္ပဏီကို လက်စားချေချင်လို့ ရောက်လာတာဖြစ်မယ် “ ရဲ့ချန်က သူတွေးမိသော အကြောင်းအရာကို သူမအား ပြောလိုက်၏။
“ ယောက်ျား နင်ပြောတာ ဖြစ်နိုင်တယ်ဟ၊ သုယောင်ရဲ့ဂိုဏ်းက ငါ့ရဲ့ကုမ္ပဏီကို လက်စားချေချင်နေတာပဲ ဖြစ်ရမယ် “ လျှို့ယွဲ့တစ်ယောက် ထိုအဆိပ်ဂိုဏ်းကို အတော်လေး ဒေါသထွက်သွားလေသည်။ ဤကိစ္စတွင် အပြစ်မဲ့သော လူထောင်ပေါင်းများစွာ ကြားညှပ်သွားသည် မဟုတ်ပါလား။
ယခု လျှို့ယွဲ့ကလည်း ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီ ဖြစ်၏။ ထို့ကြောင့် သူမက ယခင်ကလို ကြောက်ရွံ့နေတော့မည် မဟုတ်ပေ။
“ ယောက်ျား အဲဒီအဆိပ်ဂိုဏ်းကို ငါတို့ ဘယ်လိုရှာကြမလဲ၊ သူတို့က လုပ်လို့ရနေတယ်ဆိုရင် ဒီလိုပဲ ငါတို့ကုမ္ပဏီကို ပြဿတွေ ထပ်ခါထပ်ခါ ရှာနေလိမ့်မယ် “ ယခင်ပြဿနာက ရဲ့ချန်၏အကူအညီဖြင့် ဖြေရှင်းပြီးပြီး ဖြစ်သည်။ သို့သော် ၎င်း၏အဆွယ်အပွားများက လုံး အမြစ်ပျက်ခဲ့သည်တော့ မဟုတ်ပေ။ ထို့နောက် အဆိပ်ဂိုဏ်းက လူများက သူမတို့၏ ကုမ္ပဏီသို့ ဆက်လတ် ရောက်လာမည်မှာ သေချာသလောက် ရှိ၏။
“ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မစိုးရိမ်ပါနဲ့၊ သူတို့ရှိမယ့် နေရာကို ငါရှာလိုက်မယ် “ ရဲ့ချန်က ရဲ့လျှိုကို အပြင်သို့ ခေါ်ထုတ်လိုက်၏။
မြေခွေးပေါက်စလေး ရဲ့လျှိုက အပြင်သို့ ရောက်လာသောအခါ အနည်းငယ် သန်းဝေးနေသည်။ သူမကို ကြည့်ရသည်မှာ ယခုမှ အိပ်ရာက နိုးလာပုံ ရ၏။
ရဲ့ချန်တစ်ယောက် အကူညီမဲ့သွားလေသည်။ သူက တစ်လျှောက်လုံး အိပ်စက်သော အလုပ်ကိုသာ လုပ်နေသည့် ၀က်ပျင်းတစ်ကောင်ကို မွေးထားရသည်နှင့် တူနေသည် မဟုတ်ပါလား။
“ မြေခွေးလေး အခုချိန်က နင်နိုးထရမယ့် အချိန်ရောက်ပြီ၊ အခု ဒီနေရာကနေ မကြာခင်က ထွက်ခွာသွားတဲ့ ကျင်ကြံသူတစ်ယောက်ကို မြန်မြန် ရှာပေးတော့ “ ရဲ့ချန်က ရဲ့လျှိုကို အဆိပ်ဂိုဏ်းက ကျင်ကြံသူ၏ခြေရာကို လိုက်ရှာရန် အမိန့်ပေးလိုက်သည်။
အမြီးကိုးချောင်း မြေခွေးက အနံ့ခံရာတွင် ဆရာတစ်ဆူ ဖြစ်သည်။ အမြီးကိုးချောင်း မြေခွေးက ကီလိုမီတာ တစ်သောင်းကျော်က လူတစ်ယောက်၏အနံ့ကိုတောင် ရရှိနိုင်သည် မဟုတ်ပါလား။
မြေခွေးလေး ရဲ့လျှိုက သူမ၏ဦးခေါင်းကို ခါယမ်းလိုက်သည်။ သူမက ဤသို့သော အရာတစ်ခုခုကို လုပ်ရန် ဆန္ဒမရှိဟု ဆိုလိုခြင်း ဖြစ်သည်။
“ နင်က အပျင်းကြီးတဲ့ မြေခွေးတစ်ကောင်ပဲ၊ နင် ငါပြောသလို မလုပ်ချင်ဘူးဆိုရင် နင့်ကို ငါကျွေးကျွေးနေတဲ့ စားစရာတွေလည်း ရှိတော့မှာ မဟုတ်ဘူး “ ရဲ့ချန်က ဆေးဖက်၀င် အပင်များ နှင့် ကောင်းကင်မက်မွန်းသီးများ ပေးတော့မည် မဟုတ်ကြောင်း ခြိမ်းခြောက်လိုက်သည်။
“ အု … အု … အာဝု “ ရဲ့လျှိုက ရဲ့ချန်၏စကားများကို ချက်ချင်း ကန့်ကွက်လိုက်သည်။ ထို့နောက် သူမသည် ရဲ့ချန်က စားနပ်ရိက္ခာများ ဖြတ်တောက်မည် ဆိုသောကြောင့် ရဲ့ချန် ခိုင်းသည့်အတိုင်း လုပ်ဆောင်ရန် အာရုံစိုက်လိုက်တော့သည်။
ရဲ့လျှိုက ဤနေရာ အနီးတဝိုက်ကို စတင် နမ်းရှုံ့တော့သည်။ တစ်ခဏအတွင် ရဲ့လျှိုက အဆိပ်ဂိုဏ်းက ကျင့်ကြံသူ၏အနံ့ကို ရှာဖွေ တွေ့ရှိသွားလေသည်။
“ အာဝု … အာဝု … “ ရဲ့လျှိုက ရဲ့ချန် နှင့် လျှို့ယွဲ့တို့ကို သူမနောက် လိုက်လာရန် ပြောလိုက်သည်။
ရဲ့ချန်က ရဲ့လျှိုနောက်သို့ ချက်ချင်း လိုက်လာခဲ့သည်။ လျှို့ယွဲ့က ရဲ့လျှိုနှင့် သူ၏အမြန်နှုန်းကို လိုက်မမှီသောကြောင့် ရဲ့ချန်က သူမကို ပွေ့ခေါ်လာရသည်။
ရဲ့လျှိုက အဆောက်အဦ၏အပြင်ဘက်သို့ ခုန်ထွက်ပြီး မိုးကုတ်စက်ဝိုင်း၏ တစ်နေရာသို့ ပျံသန်းသွားလေသည်။ ရဲ့ချန်ကလည်း ရဲ့လျှိုလုပ်သည့်အတိုင်း အဆောက်အဦ၏ အပြင်သို့ ခုန်ထွက်ပြီး ရဲ့လျှိုထွက်ခွာသွားသော ဦးတည်ဘက်သို့ လိုက်ပါသွားလေသည်။
ရဲ့ချန်၊ ရဲ့လျှို နှင့် လျှို့ယွဲ့တို့သည် အလွန်တရာ ခမ်းနားပြီး မြင့်မားသော အဆောက်အဦတစ်ခုသို့ ရောက်ရှိလာကြသည်။ ထိုအဆောက်အဦသည် လျှိုယွဲ့၏ကုမ္ပဏီ အဆောက်အဦးနှင့်ပင် နှိုင်းယှဉ်နိုင်လောက်အောင် ခမ်းနားလှပေသည်။
ရဲ့လျှိုက သူမ၏အမြီးဖြင့် အောက်ဘက်သို့ ညွှန်ပြလိုက်သည်။
ရဲ့ချန်သည် သူတို့ လိုက်ရှာနေသော လူက ဤအဆောက်အဦထဲတွင် ရှိကြောင်း သဘောပေါက်သွားလေသည်။
ရဲ့ချန်တို့ ရှာနေသော လူ၏တည်နေရာကို ပြောပြပြီးနောက် ရဲ့လျှိုက အမှုန်အမွှားများအဖြစ် ပြောင်းလဲပြီး ပြန်လည် ပျောက်ကွယ်သွားတော့သည်။
“ ဒါက ဂျမ်ကုမ္ပဏီ အဆောက်အဦ မဟုတ်လား၊ ရဲ့လျှိုက ဘာဖြစ်လို့ ငါတို့ကို ဒီခေါ်လာတာလဲ “ လျှိုယွဲ့က တီးတိုး ရေရွတ်လိုက်၏။ လျှိုယွဲ့က ဤအဆောက်အဦ၏ ပိုင်ရှင်ကို သေသေချာချာ သိပေသည်။
“ ယွဲ့ နင်က ဒီအဆောက်အဦရဲ့ ပိုင်ရှင်ကို သိနေတယ်ပေါ့ “ လျှိ်ုယွဲ့က ဤအဆောက်အဦ၏ပိုင်ရှင်ကို သိနေကြောင်း ရဲ့ချန် မြင်လိုက်ရသည် မဟုတ်ပါလား။
“ ဟုတ်တယ်၊ ဒီအဆောက်အဦက ဒီမြို့မှာ အတော်လေး ချမ်းသာပြီး နာမည်ကြီးနေတဲ့ ဂျမ်ကျင်း ပိုင်တဲ့ အဆောက်အဦပဲ၊ အခု ဒီကုမ္ပဏီရဲ့ ဥက္ကဌအသစ်က သူ့ရဲ့သားလို့ ငါကြားခဲ့ရတယ်၊ ငါထင်တာ မမှားရင် သူ့နာမည်က ဂျမ်းမော့ရှီပဲ “ လျှို့ယွဲ့က ရဲ့ချန်ကို ရှင်းပြလိုက်တော့သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now