အခန်း (၁၈၆) ရှောင်လုလုအတွက် အဝတ်အစား ဝယ်ပေးခြင်း

255 14 0
                                    

ရဲ့ချန်က ရှောင်လုလု၏လက်ကို ဆွဲပြီး ကားထားရာနေရာသို့ ခေါ်လာခဲ့သည်။
“ အာ … အကိုကြီး ရဲ့ချန်၊ ကျွန်မတို့ ဘယ်ကို သွားမလို့လဲ “ ရှောင်လုလုသည် ရဲ့ချန်က သူမကို မည်သည့်နေရာသို့ ခေါ်သွားမှန်းမသိ၍ မေးလိုက်၏။
“ လိုက်မှာသာ လိုက်ခဲ့စမ်းပါဟာ “ ရဲ့ချန်က ရှောင်လုလုကို ကားထားရာနေရာသို့သာ ဆက်လက် ဆွဲခေါ်လာ၏။
“ ကားထဲ၀င် “ ကားထားရာနေရာသို့ ရောက်လာသောအခါ ရဲ့ချန်က ရှောင်လုလုကို ကားထဲ၀င်ရန် ပြောလိုက်သည်။
ရှောင်လုလု ကားထဲသို့ အသေအချာ ရောက်ရှိသွားတော့မှ ရဲ့ချန်လည်း ကားထဲ ၀င်ထိုင်လိုက်၏။
ထို့နောက် ရဲ့ချန်က စျေးအရောင်းစင်တာ တစ်ခုသို့ ကားကို ချက်ချင်း ဦးတည် မောင်းနှင်လိုက်တော့သည်။ ရှောင်လုလုက ခေါင်းလေးကိုသာ မဝံ့မရဲ ငုံ့ထားလေသည်။ ကားထဲတွင် ရဲ့ချန် နှင့် သူမ နှစ်ယောက်တည်းသာ ရှိသောကြောင့် သူမ ရှက်ရွံ့နေသည် မဟုတ်ပါလား။
ဆယ်မိနစ်ခန့် ကြာပြီးသော် ရဲ့ချန်တို့က ရှော့ပင်းစင်တာ အနီးသို့ ရောက်ရှိလာပြီ ဖြစ်၏။ ဤနေရာတွင် အမှတ်တံဆိပ် အမျိုးမျိုး၊ စျေးနှုန်းအမျိုးမျိုး ရှိသည့် စတိုးဆိုင် အမြောက်အမြား ရှိပေသည်။
ရှောင်လုလုသည် ရဲ့ချန်၏လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်ထား၏။ သူမက သည်လိုနေရာမျိုးကို တစ်ခါမျှ မရောက်ဖူးခဲ့ပေ။ ထို့အပြင် လူများကလည်း ရှောင်လုလုကို စိုက်ကြည့်နေကြသည်။ သူမက အစေခံအ၀တ်အစားကို ၀တ်ဆင်ထားသောကြောင့် လူကြားထဲတွင် ထင်းနေသည် မဟုတ်ပါလား။
“ လာ အကောင်းဆုံး အ၀တ်ရောင်းဆိုင်တစ်ဆိုင်လောက် သွားရှာရအောင် “ ရဲ့ချန်က ရှောင်လုလု၏လက်ကိုဆွဲပြီး အကောင်းဆုံး အ၀တ်ရောင်းဆိုင် ရှာရန် ထွက်လာခဲ့သည်။
ရှောင်လုလုသည် ရဲ့ချန်က အ၀တ်စား ၀ယ်ရန်အတွက် သူမကို အဖော်ခေါ်လာသည်ဟု ထင်သွား၏။
မိနစ်အနည်းငယ်ခန့် လိုက်ရှာပြီး နောက်ဆုံးတော့ ရဲ့ချန်တို့က နာမည်ကြီး အမှတ်တံဆိပ်ရှိသည့် စတိုးဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့၏။
“ ဆာ နဲ့ မစ် ကြိုဆိုပါတယ်၊ ကျွန်မ ဘာကူညီပေးရမလဲရှင့် “ ရဲ့ချန်တို့ အထဲ၀င်လာသောအခါ တံခါး၀တွင် ရပ်နေသည့် ၀န်ထမ်းမလေးက ကြိုဆိုလိုက်၏။
ပထမဆုံးအနေနှင့် ထို၀န်ထမ်းမလေးသည် ဤဆိုင်ကို ရုပ်ချောချောကောင်လေးတစ်ယောက် ရောက်လာသောကြောင့် အတော်လေး ပျော်ရွှင်သွားသည်။ သို့သော် ရဲ့ချန်၏ဘေးက လှပပြီး ချစ်စဖွယ်ကောင်းသည့် မိန်းကလေးတစ်ယောက်ကို မြင်ပြီးနောက် ရဲ့ချန်ကို ရရှိရန် အခွင့်ရေး မရှိတော့ကြောင်း ခံစားလိုက်ရ၏။
“ သူနဲ့ လိုက်ဖက်မယ့် အ၀တ်အစားလေးတွေ လိုက်ရှာဖို့ ကူညီပေးနိုင်မလား “ ရဲ့ချန်သည် ထို၀န်တမ်းမလေး မြင်နိုင်စေရန် ရှောင်လုလုကို ရှေ့သို့ ဆွဲခေါ်လိုက်၏။
ရှောင်လုလုသည် ရဲ့ချန်က သူမကို အ၀တ်စား ၀ယ်ပေးမည်ဖြစ်ကြောင်း ကြားပြီး အတော်လေး အံ့အားသင့်သွားလေသည်။
၀န်ထမ်းမလေးသည် အရုပ်လေးတစ်ရုပ်လို အလွန်တရာ ချစ်စဖွယ်ကောင်းသည့် ရှောင်လုလုကို တစ်ချက် အကဲခတ်လိုက်သည်။ အ၀တ်အစားအားလုံးသည် ရှောင်လုလုနှင့် လိုက်ဖက်နေမည်မှာ သေချာ၏။
“ ကောင်းပါပြီရှင့်၊ ကျွန်မ အကောင်းဆုံး အ၀တ်စားတွေကို ရှာပေးပါ့မယ် “ ၀န်ထမ်းမလေးက ရှောင်လုလု၏လက်ကို ဆွဲပြီး အ၀တ်စား ပြခန်းထဲသို့ ထွက်လာခဲ့၏။
“ အကိုကြီး ရဲ့ချန် … “ ရှောင်လုလုက ရဲ့ချန်၏နာမည်ကို အော်ခေါ်လိုက်၏။ သူမသည် ထို၀န်ထမ်းမလေးက သူမကို ပြန်ပေးဆွဲနေသည်ဟု ခံစားနေရသည် မဟုတ်ပါလား။
ရှောင်လုလု၏အမူအရာကို ကြည့်ပြီး ရဲ့ချန် တစ်ချက် ပြုံးမိလိုက်သည်။ “ စိတ်အေးအေးထားပါကွာ၊ သူက နင်နဲ့ သင့်တော်မယ့် အ၀တ်အစားတွေ ရွေးပေးမလို့ ခေါ်တာပါ “ ရဲ့ချန်သည် ရှောင်လုလုကို ၀န်ထမ်းမလေးနှင့် အသာတကြည် လိုက်သွားရန် ဖြောင့်ဖျ ပြောဆိုနေရသည်။
ဤနေရာက ၀န်ဆောင်မှု အတော်လေး ကောင်းလှပေသည်။ ရဲ့ချန်က ရှောင်လုလု အ၀တ်စားသွားလဲနေသည်ကို စောင့်ဆိုင်းနေစဉ် ထိုနေရာက အလုပ်သမားတစ်ဦးက လက်ဖက်ရည် နွေးနွေးလေးတစ်ခွက် လာပေးသည်။
ငါးမိနစ်ခန့် ကြာပြီးသော် ရှောင်လုလုက အ၀တ်လဲခန်းထဲမှ ထွက်လာတော့သည်။ “ ဖလူး … “ ရဲ့ချန်၏ပါးစပ်ထဲမှ သောက်ထားသမျှ လက်ဖက်ရည်အားလုံး ပန်းထွက်သွားတော့သည်။
ရဲ့ချန်တစ်ယောက် ရှောင်လုလုကို ကြည့်ပြီး မင်တက်မိနေ၏။ ယခု ရှောင်လုလုသည် အဖြူရောင် ဂါ၀န်ရှည်ကြီးတစ်ထည် ၀တ်ဆင်ထားပြီး လှချင်တိုင်း လှနေသည် မဟုတ်ပါလား။ သူမ၏ရှက်ရွံ့နေသည့် အမူရာလေးပါ ပေါင်းထည့်လိုက်သောအခါ ရှောင်လုလုက ဆွဲဆောင်မှုရှိသည်ထက်ပင် ပိုနေပြီ ဖြစ်၏။
“ အိုး … အရမ်း ချစ်ဖို့ကောင်းတယ်၊ အရမ်း လှတယ် “ ၀န်ထမ်းမလေး အချို့က ရှောင်လုလုကို ဓာတ်ပုံ ရိုက်နေကြလေသည်။ ရှောင်လုလု၏မျက်နှာကလည်း ရဲရဲနီနေလေသည်။
ထို၀န်ထမ်းမလေးများသည် ရှောင်လုလု၏ ချစ်စဖွယ်ကောင်းမှုကို သိမ်းဆည်းထားလိုပုံ ရ၏။
“ ဒီကိုလာ၊ နင့်ရဲ့ရည်းစားက နင့်ရဲ့ပုံစံကို အကဲဖြတ်ပေးလိမ့်မယ် “ ၀န်ထမ်းမလေးက ရှောင်လုလုကို ရဲ့ချန်ဆီ ခေါ်လာခဲ့၏။
“ ကျွန်မက သူ့ရည်းစား မဟုတ်ဘူး “ ရှောင်လုလုက ၀န်ထမ်းမလေး ပြောသည့်စကားကို ငြင်းဆန်လိုက်၏။
ရှောင်လုလုသည် သူမက ရဲ့ချန်၏ရည်းစားဖြစ်ကြောင်း ၀န်ခံရန် ရှက်နေသောကြောင့် ငြင်းဆန်နေသည်ဟု ၀န်ထမ်းမလေး ထင်သွားသည်။
“ ဆာ၊ ကျွန်မတို့ ရွေးပေးလိုက်တဲ့ အ၀တ်စားတွေကို သဘောကျရဲ့လား၊ ရှင့်ရဲ့မိန်းကလေးက ဒီဂါ၀န်ကို ၀တ်ထားချိန်မှာ အရမ်းလှပြီး ချစ်စရာကောင်းသွားတယ်ဆိုတာ ရှင့် မျက်မြင်ပဲ “ ၀န်ထမ်းမလေးသည် ရှောင်လုလု မည်မျှထိ ချစ်စရာကောင်းသွားမှန်း သက်သေပြလိုနေ၏။
“ အင်း သူက ပိုလှပြီး ချစ်စရာ ကောင်းသွားတာတော့ အမှန်ပဲ၊ ဒါပေမဲ့ မင်း သူ့ကို ၀တ်ပေးလိုက်တဲ့ အ၀တ်စားက နည်းနည်း သာမန် ဆန်နေတယ် “ ရဲ့ချန်က ပြောလိုက်၏။
ရှောင်လုလုသည် အ၀တ်လဲခန်းထဲသို့ ချက်ချင်း ပြေး၀င်သွားလေသည်။ သူမသည် ထိုအ၀တ်အစားများကို ၀တ်ဆင်ထားရင် အတော်လေး ရှက်နေသောကြောင့် မတ်တတ်ပင် ရပ်မနေနိုင်တော့ဘူး မဟုတ်လား။
“ ဆာ၊ ဒီလောက် ချစ်စရာကောင်းပြီး လှပတဲ့ ရည်းစားလေးတစ်ယောက် ရထားတာ အတော်ကံကောင်းတာပဲနော်၊ အ၀တ်အစားတွေ အားလုံးက သူ၀တ်လိုက်ရင် သင့်တော်သွားမှာ အသေအချာပဲ “ ၀န်ထမ်းမလေးသည် ရှောင်လုလုကို အ၀တ်စားအချို့ ထပ်မံ ရွေးချယ်ပေးလိုက်၏။
နောက်ဆုံးတော့ ရှောင်လုလုက အပြင်သို့ ပြန်ထွက်လာပြီ ဖြစ်၏။ ထိုအချိန်တွင် သူမ၀တ်ဆင်ထားသည့် အ၀တ်အစားများသည် ဒူးလောက်ရှည်သော စကတ်တို၊ အပေါ်ပိုင်းတွင် တဖိတ်ဖိတ်တောက်ပနေသည့် အင်္ကျီတစ်ထည်ဖြင့် အတော်လေး ခေတ်ဆန်နေသည့် ရှောင်လုလု ဖြစ်နေပြီ ဖြစ်၏။
ရှောင်လုလု ထို၀တ်စုံကို ၀တ်ဆင်လိုက်သောအခါ သူမ၏ပုံစံက ပို၍ပင် ပနံရလာသည့် အဖြစ်ရယ်ပါ။
ရဲ့ချန်က မည်သည့် မှတ်ချက်မျှ မပေးသည်ကို ကြည့်ရင်း ရှောင်လုလုက ချက်ချင်း မေးမြန်းလိုက်၏။ “ အကိုကြီး ရဲ့ချန်၊ ကျွန်မပုံစံက ဘယ်လိုနေလဲ၊ ကျွန်မ ထူးထူးဆန်းဆန်းတွေများ ဖြစ်သွားပြီလားဟင် “ ယင်းသည် ရှောင်လုလုအတွက် ဤကဲ့သို့ ခေတ်ဆန်ပြီး စျေးကြီးသည့် အ၀တ်အစားများကို ပထမဆုံးအကြိမ် ၀တ်ဖူးခြင်း ဖြစ်၏။
"”မင်း အရမ်းလှတာပေါ့ကွာ၊ ဟိုမှာ မင်းကိုယ်မင်း ပြန်ကြည့်လိုက် “ ရဲ့ချန်သည် ရှောင်လုလုကို စတိုးဆိုင်က မှန်ကြီးတစ်ချပ်ကို ညွှန်ပြလိုက်သည်။ ထိုမှန်ကြီးထဲတွင် ရှောင်လုလုက မိမိကိုယ်ကို ရှင်းလင်းစွာ ပြန်မြင်နိုင်သည် မဟုတ်ပါလား။
ရှောင်လုလုက မှန်ကြီးကို တစ်ချက် ကြည့်လိုက်သည်။ ထိုအချိန်တွင် ရဲ့ချန်က သူမကို နောက်ကနေ ဖက်ထားကြောင်း သတိထားမိလိုက်သည်။ သူမ၏မျက်နှာကလည်း ရဲရဲနီသွားတော့သည်။
“ ဆာ၊ ဒီ၀တ်စုံက ဘယ်လိုလဲ၊ ဆာတို့ သဘောကျရဲ့လား “ ၀န်ထမ်းမလေးသည် သူမတို့ ရွေးချယ်ပေးထားသည့် အ၀တ်များကို ကြိုက်မကြိုက် မေးမြန်းလိုက်၏။
“ အင်း ငါတို့ သဘောကျတယ်၊ ဒါ ယူလိုက်မယ် “ ရှောင်လုလုအတွက် ထိုကဲ့သို့သော ၀တ်စုံများဖြင့်သာ ရဲ့ချန် မြင်တွေ့လို၏။
“ ဆာ၊ နောက်ထပ် ထပ်ရွေးဦးမယ်၊ ဒီလောက်နဲ့ တော်ပြီလား “ ၀န်ထမ်းမလေးက မေးလိုက်၏။
“ မယူတော့ဘူး၊ ဒီလောက်ဆို လုံလောက်ပြီ “ ရှောင်လုလုက ပြန်ဖြေလိုက်သည်။ ဤ၀တ်စုံ တစ်စုံတည်းဖြင့်ပင် စျေးနှုန်းက အတော်ကြီးနေပြီ ဖြစ်၏။ ရှောင်လုလုက ထို၀တ်စုံနှင့် တွဲချိတ်ထားသည့် စျေးနှုန်းကတ်ပြားကို မြင်နေရသည်။ ထို၀တ်စုံက ဒေါ်လာတစ်သောင်း နီးပါးပင် ရှိ၏။ ယင်းသည် ရှောင်လုလုအတွက် စိတ်ကူးပင် မယဉ်၀ံ့သည့် ၀တ်စုံမျိုး ဖြစ်ပေသည်။
“ ကျုပ် နောက်ထပ် နည်းနည်းလောက် ထပ်၀ယ်ဦးမယ်၊ ဒီတော့ ဒီစတိုးဆိုင်က အကောင်းဆုံးဆိုတဲ့ ၀တ်စုံကို ပြပါ “ ရဲ့ချန်က ရှောင်လုလုကို နောက်ထပ် အနည်းငယ် ထပ်၀ယ်ပေးလိုသေး၏။
“ အကိုကြီး ရဲ့ချန်၊ ကျွန်မ မလိုချင်တော့ပါဘူး၊ ဒီလောက်ဆို လုံလောက်ပါပြီ “ ရှောင်လုလုသည် နောက်ထပ် စျေးကြီးသည့် အ၀တ်အစားများ ၀ယ်ပေးမည်ကို လက်မခံဝံ့တော့ပေ။
ရှောင်လုလုအတွက် ရဲ့ချန်က အိမ်တွင် လက်ခံပေးထားသည်ကကို ကောင်းခြင်းမင်္ဂလာတစ်ပါး ဖြစ်နေပြီ မဟုတ်ပါလား။ ထို့ကြောင့် သူမက အ၀တ်အစားတစ်ခုအတွက်နှင့် ရဲ့ချန်ကို စိတ်အနှောက်အယှက် မပေးလိုတော့ချေ။
“ မင်းဘာမှ စိုးရိမ်နေစရာ မလိုပါဘူး၊ ဒါတွေက မင်း ငါ့အိမ်မှာ အလုပ်ကောင်းကောင်း လုပ်ခဲ့လို့ ဆုချတဲ့အနေနဲ့ ၀ယ်ပေးတာ၊ ဒါကြောင့် ငြင်းဆန်မနေတော့နဲ့ “ ရဲ့ချန်က ရှောင်လုလု၏ဦးခေါင်းလေးကို ပွတ်ပြီး ပြောလိုက်သည်။
ရှောင်လုလုသည် မျက်လုံးလေးကို မှိတ်ပြီး ရဲ့ချန်၏အထိအတွေ့ကို ခံစားလိုက်၏။
“ အခု ၀န်ထမ်းမလေးတွေနဲ့ ပူးပေါင်းလုပ်ဆောင်လိုက်ပါ၊ ဒါဆိုရင် မင်း အိမ်မြန်မြန် ပြန်လို့ရမယ် “ ရဲ့ချန်သည် ရှောင်လုလုကို ၀န်ထမ်းမလေးများနှင့် ပူးပေါင်းလုပ်ဆောင်လျှင် အိမ်မြန်မြန် ပြန်ရမည် ဖြစ်ကြောင်း ပြောလိုက်၏။
တစ်နာရီအတွင် ရှောင်လုလု အ၀တ်စား ဒါဇင်ခန့် ရွေးထားပြီးပြီ ဖြစ်၏။ ထိုအ၀တ်စား အားလုံးက ရှောင်လုလု ၀တ်ဆင်လိုက်သည့်အခါ အတော်လေး လိုက်ဖက်ညီလှချေသည်။ ထို့ကြောင့် ရဲ့ချန်က ထိုအ၀တ်စား အားလုံးကို ၀ယ်ယူလိုက်သည်။ ရဲ့ချန် ရှောင်လုလုအတွက် ၀ယ်ပေးခဲ့သည့် အ၀တ်စားများက ဒေါ်လာ သုံးသိန်းနီးပါးပင် ရှိလေသည်။
၀န်ထမ်းမိန်းကလေးသည် ရဲ့ချန်ကို ပျော်ရွှင်စွာ ကူညီပေးလိုက်လေသည်။ ဤနည်းလမ်းသည် သူမတို့ အပိုဆုများစွာ ရရှိမည် အခွင့်အရေးပင် ဖြစ်သည်။
အ၀တ်စား အားလုံးအတွက် ငွေပေးချေပြီးနောက် ရဲ့ချန် နှင့် ရှောင်လုလုတို့သည် အစားစာ စားသောက်ရန် စားသောက်ဆိုင်တစ်ဆိုင်ဆိုင် ရှာရန် ထွက်လာခဲ့သည်။
ရှောင်လုလုသည် မည်သည့်အရာမျှ ထပ်မမေးပေ။ သူမ စားစရာ စားနေရသရွေ့ အရသာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူမအတွက် အရေးသိပ်မကြီးဘူး မဟုတ်လား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Kde žijí příběhy. Začni objevovat