အခန်း (၁၅၇) သူတော်စင် ခန္ဓာကိုယ် နိုးလာခြင်း

282 14 0
                                    

ရဲ့ချန်က သူ၏နောက်က ရန်လိုသော အကြည့်များကို လျစ်လျူရှု ထားလိုက်ပြီး လီချင်းကျူဆီသို့ လျှောက်သွားလိုက်သည်။
ရဲ့ချန် “ လီချင်းကျူ ငါ့ကို ဘာဖြစ်လို့ လိုက်ရှာနေတာလဲ “
“ မနေ့က လျှော်ထားတဲ့ နင့်ရဲ့ကုတ်အင်္ကျီကို ပြန်ပေးချင်လို့လေ၊ ရော့ ဒီမှာ နင့်ဥစ္စာ “ လီချင်းကျူသည် သူမကိုင်ထားသော အိတ်ကို ရဲ့ချန်ကို ပေးလိုက်၏။
ရဲ့ချန်က လီချင်းကျူ ကမ်းပေးသော အိတ်ကို လက်ခံလိုက်သည်။ ထို့နောက် သူက အိတ်ကို ဖွင့်ပြီး စစ်ကြည့်သောအခါ မနေ့က သူ၀တ်ခဲ့သော အလုပ်ယူနီဖောင်းကို မြင်လိုက်ရသည်။
“ ကျေးဇူးပါ “ ရဲ့ချန်သည် လီချင်းကျူက သူ၏အင်္ကျီကို လျှော်ဖွပ်ပြီး လာပို့ပေးသောကြောင့် ကျေးဇူးတင်စကား ပြောလိုက်သည်။
“ မဟုတ်ဘူး၊ ကျေးဇူးတင်ရမယ့်သူက ငါပါ၊ မနေ့က နင့် ငါ့ကို ကူညီပေးခဲ့တယ်လေ “ လီချင်းကျူက သူမ၏လက်ကို ကမန်းကတန်း ခါပြလိုက်သည်။
ယနေ့ လီချင်းကျူ၏ပုံစံက ပုံမှန်ထက်ပင် ပို၍ လှသွေးကြွယ်နေလေသည်။
“ ဒီနေ့ နင့်ရဲ့ပုံစံက အရင်ကထက် ပိုပြီး ရွှင်ပျနေသလိုပဲနော်၊ တစ်ခုခု ကောင်းတာတွေများ ဖြစ်လာတာလား “ ရဲ့ချန်သည် ကျိဟောင်က လီချင်းကျူတို့၏အိမ်သို့ အိမ်ဂရမ် လားပေး မပေး သိလိုသည် မဟုတ်ပါလား။
“ ဟုတ်တယ်၊ အမှန်ပဲ၊ ဒီနေ့ အတော်ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားခဲ့တယ်၊ ဘာလို့လဲတော့ မသိဘူး၊ ကျိဟောင်က ရုတ်တရတိကြီး ငါတို့ရဲ့ အိမ်ဂရမ်ကို ပြန်လာပေးတယ်လေ “ လီချင်းကျူက ပြောလိုက်၏။ ဟုတ်သည်။ ကျိဟောင်က ထူးထူးဆန်းဆန်း အိမ်ဂရမ်ကို ပြန်လာပေးသောကြောင့် သူမတို့ သားအမိနှစ်ယောက် အတော်လေး အံ့အားသင့်ခဲ့ရ၏။
ယခု သူမတို့သားအမိ နှစ်ယောက်သည် နှစ်ပေါင်းများကြာအောင် ပြန်ဆပ်ရမည့် အကြွေးများနှင့် ပတ်သက်ပြီး စိတ်ပူပန်စရာ မလိုတော့ပေ။
“ အဲဒါ ကောင်းတယ် “ ရဲ့ချန်က ပြောက်လိုက်၏။
“ ဧကန္တ ရဲ့ချန် ငါတို့ရဲ့ အိမ်ဂရမ်ကို ကျိဟောင်က ပြန်ပေးအောင် လုပ်ပေးတဲ့တစ်ယောက်က နင်မလား “ လီချင်းကျူသည် ထိုသို့လုပ်ပေးသောသူက ရဲ့ချန်ဟု ထင်မြင်နေသည်။
“ မနေ့က ငါချလိုက်တဲ့ ဒဏ်ကြောင့် ကျိဟောင်ရဲ့ဦးနှောက်က လွတ်သွားတယ်နဲ့တူတယ် … ဟဟဟ “ ရဲ့ချန်က ရယ်မောနေတော့သည်။
“ အေး နင်ပြောတာ ဖြစ်တော့ ဖြစ်နိုင်တယ်ဟ “ လီချင်းကျူကလည်း လိုက်ပါ ရယ်မောတော့သည်။ ရဲ့ချန်က ဤကိစ္စကို ရှောင်တိမ်းနေသည်ကို မြင်ပြီး လီချင်းကျူက ထိုခေါင်းစဉ်နှင့် ပတ်သက် ဆက်လက် မေးမြန်းခြင်း မပြုပေ။
“ ရဲ့ချန် ကျောင်းကန်တင်း သွားရအောင် “ ကျန်းချောင်က ရဲ့ချန်၏ပခုံးပေါ် လက်တင်ပြီး ကျောင်းကန်တင်းသို့ ခေါ်လာတော့သည်။
“ ခဏလေး နေပါဦးကွ “ ရဲ့ချန်က ကျန်းချောင်ကို ခေတ္တ စောင့်ခိုင်းလိုက်၏။
“ လီချင်းကျူ နင်ရော ငါတို့နဲ့အတူတူ ကျောင်းကန်တင်း လိုက်ခဲ့မလား “ ရဲ့ချန်က လီချင်းကျူကိုပါ ဖိတ်ခေါ်လိုက်၏။
တခြားကျောင်းသားများက လီချင်းကျူ၏အဖြေကို ငံ့လင့်နေကြသည်။ သူမက ရဲ့ချန်၏ဖိတ်ခေါ်မှုကို ငြင်းမည်လော လက်ခံမည်လော။ ပုံမှန်အတိုင်းဆို ယောက်ျားလေးတစ်ဦးက လာဖိတ်တိုင်း လီချင်းကျူက ငြင်းလွှတ်လေ့ရှိသည်။
“ ကောင်းပြီလေ၊ ငါလည်း နင်တို့နဲ့ လိုက်ခဲ့ပါ့မယ် “ လီချင်းကျူသည် ရဲ့ချန်၏တောင်းဆိုချက်ကို မငြင်းပယ်နိုင်သလို ခံစားလိုက်ရ၏။
ထိုစကားကို ကြားလိုက်ရသော ကျောင်းသားအားလုံးတို့သည် ငေးငိုင်ကုန်ကြ၏။ ယင်းက တစ်ကျောင်းလုံး စိတ်၀င်စားနေသည့် အထိမခံ ပန်းပွင့်လေးပင် မဟုတ်သည်လော။ အဘယ်ကြောင့် သူမ၏အမူအရာများက ၁၈၀ ဒီဂရီလောက်အထိ ပြောင်းလဲသွားရသနည်း။ ထို့နောက် ကျောင်းသားအားလုံးတို့သည် ရဲ့ချန်ကို မီး၀င်း၀င်းတောက်သော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေကြတော့၏။
လီချင်းကျူက သဘောတူလိုက်သည်နှင့် ရဲ့ချန်က သူမကို သူတို့နှစ်ယောက်နှင့်အတူ ခေါ်လာပြီး ကျောင်းကန်တင်းသို့ ဦးတည်လိုက်တော့သည်။
ရဲ့ချန်တို့ ထွက်သွားသည်ကို ကြည့်ရင်း လူတိုင်းက စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။
“ ဟေး အတန်းဖော် ချောင်ယမ်ယမ်၊ နင့်ကောင်လေးက ကျောင်းပန်းပွင့်လေး လီချင်းကျူနဲ့ အတူတွဲပြီး ထွက်သွားပြီလေ၊ အဲဒါကို မြင်တာတောင် နင်စိတ်မဆိုးဘူးလား၊ နင့်နေရာမှာ ငါသာဆိုရင် အဲကောင်ကို သစ္စာမရှိတဲ့အကောင်လို့ ဆုံးဖြတ်မိမှာ အသေအချာပဲ “ ၀၀တုတ်တုတ် လူငယ်တစ်ဦးက ချောင်ယမ်ယမ်ကို လှမ်းပြောလိုက်သည်။ ထို၀တုတ်က ချောင်ယမ်ယမ်၏ရှေ့တွင် ရဲ့ချန်၏မကောင်းကြောင်းကို ဟောင်ဖွာဟောင်ဖွာဖြင့် ပြောနေလေသည်။
ထို၀တုတ်ကောင်က ချောင်ယမ်ယမ် နှင့် ရဲ့ချန်တို့ ကွဲသွားလိမ့်မည်ဟု ထင်နေခဲ့သည်။ ပြီးနောက် သူကိုယ်တိုင်ကတော့ နတ်ဖုရားမလေး ချောင်ယမ်ယမ်၏ပိုင်ရှင် ဖြစ်လိုနေသည် မဟုတ်ပါလား။
ချောင်ယမ်ယမ်သည် သူမ၏ရှေ့က ၀တုတ်၏စကားများကို ဂရုစိုက်ခြင်း အလျင်းမရှိဘဲ စာအုပ်ကိုသာ အာရုံမပျက် ဆက်ဖတ်နေလိုက်သည်။
ချောင်ယမ်ယမ်က သူ့ကို လျစ်လျူရှုလိုက်သည်ကို ကြည့်ရင်း ၀တုတ်ကောင် စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။ ထို့နောက် သူက ချောင်ယမ်ယမ်၏ မျက်စိရှေ့မှ ချက်ချင်း ထွက်ခွာသွားတော့၏။
ချောင်ယမ်ယမ်သည် သူမ၏ရှေ့တွင် ရဲ့ချန်ကို သွားပုပ်လေလွင့် ပြောနေသော ထိုဖက်တီးကောင်ကို အတော်လေး မျက်မုန်းကျိုး သွားလေသည်။
ရုတ်တရတ် ချောင်ယမ်ယမ်၏လက်ဖဝါးမှ ဓားအလင်းတန်းငယ်လေး တစ်ခု ထွက်ပေါ်လာတော့သည်။ သူမက ထိုဓားအလင်းတန်းငယ်လေးကို ထိန်းချုပ်ပြီး ဖက်တီးကောင်၏အင်္ကျီကို ဖြတ်တောက်လိုက်သည်။
ဖက်တီးကောင်၏အင်္ကျီကို ဖြတ်တောက်ပြီးနောက် ဓားအလင်းတန်းက ချောင်ယမ်ယမ့်ဆီသို့ ပြန်လှည့်လာခဲ့သည်။ ယင်းက အလွန်တရာ မြန်ဆန်သောကြောင့် ချောင်ယမ်ယမ် လှုပ်ရှားလိုက်သည်ကို မည်သူမျှ သတိမပြုမိလိုက်ပေ။
ရဲ့ချန်ကို ရှုံ့ချ ပြောဆိုလိုက်သော ဖက်တီးကောင်၏အင်္ကျီသည် အကောင်းတိုင်းကနေ အစိတ်အပိုင်းများအဖြစ် ဖွာထွက်သွားတော့သည်။ “ အိုက် စ် … “ သူက မိန်းကလေးတစ်ယောက်လို အော်ဟစ်လိုက်တော့သည်။
အခန်းထဲတွင် ကျန်နေသေးသော ကျောင်းသားအချို့က ထိုအော်ဟစ်သံ ထွက်ပေါ်လာရာဆီသို့ တစ်မုဟုတ်ချင်း လှည့်ကြည့်လိုက်တော့သည်။ သူတို့သည် စိတ်၀င်စားစရာကောင်းသော အဖြစ်အပျက်တစ်ခုကို မြင်လိုက်ရ၏။ အတွင်းခံတစ်ထည်သာ ၀တ်ဆင်ထားသော ဖက်တီးတစ်ယောက်က အခန်းရှေ့တွင် ထီးထီးကြီး ရပ်နေသည် မဟုတ်ပါလား။
အခန်းထဲတွင် ကျန်ခဲ့သော ကျောင်းသားအများစုက မိန်းကလေးများပင် ဖြစ်၏။ တချို့မိန်ကလေးများက သူမတို့၏ဖုန်းများကို ထုတ်ယူပြီး ထိုရှားပါးသော အဖြစ်အပျက်ကို အမိအရ ဓာတ်ပုံများ ရိုက်ယူလိုက်တော့သည်။
ထိုအရာကို မြင်လိုက်သော တချို့မိန်းကလေးများကတော့ တအုန်းအုန်း ရယ်မောနေတော့သည်။
ဖက်တီးကောင်သည် သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းပင် မသိလိုက်ချေ။ သူ၀တ်ထားသော အင်္ကျီများက ရုတ်တရက် အစိတ်အပိုင်းများအဖြစ်သို့ လွင့်ထွက်သွားသည်ကိုသာ သူ သိသည် မဟုတ်ပါလား။
ထို့နောက် အခန်းထဲက မိန်းကလေးများက သူ့ကို ကြည့်နေသည်ကို မြင်လျှင်မြင်ချင်း သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန် ကြိုးစားလိုက်သည်။
ကံမကောင်းစွာပင် ယင်းက မဖြစ်နိုင်တော့ပေ။ ဖက်တီးကောင်၏လက်များက သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးကို လုံခြုံအောင် မကာကွယ်နိုင်ဘူး မဟုတ်လား။ ထို့ကြောင့် သူ၏အတွင်းခံတစ်ထည်သာ ရှိသော ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် မြင်သမျှအရာရာတိုင်း လိုက်လံ ဆွဲယူနေတော့သည်။
ထိုအရာကို မြင်လိုက်ရသော ချောင်ယမ်ယမ်သည် အတော်လေး ကျေကျေနပ်နပ် ဖြစ်သွားလေသည်။ နောက်ဆုံးတော့ ထိုဖက်တီးကောင်ကို သင့်တော်သော အပြစ်တစ်ခု ပေးပြီပြီ မဟုတ်ပါလား။
အမှန်စင်စစ် ချောင်ယမ်ယမ်သာ ဆန္ဒရှိလျှင် ထိုဖက်တီးကောင်ကို သတ်ပင် သတ်နိုင်ပေသည်။ သို့သော် သူမက လူတစ်ယောက် သတ်ပစ်ရလောက်အောင်အထိ ရက်စက်သော မိန်းကလေးတစ်ယောက် မဟုတ်ပေ။
အကယ်၍ သူမ၏မိသားစု သို့မဟုတ် သူမ ချစ်သော လူတစ်ယောက်ကို အန္တရာယ်ပေးမည်ဆိုပါက ချောင်ယမ်ယမ်အနေဖြင့် ရက်စက်သော မိန်းမတစ်ယောက် ဖြစ်ရန် ၀န်လေးနေမည် မဟုတ်ပေ။
ရုတ်တရက် ချောင်ယမ်ယမ်၏ သူတော်စင် ခန္ဓာကိုယ်က စတင် နိုးထလာတော့သည်။ သူမ၏စိတ်ထားတို့ကလည်း နည်းနည်းချင်း နည်းနည်းချင်း ပြောင်းလဲလာတော့သည်။ သူမကိုယ်သူမ အပြစ်ကင်းစင်သော မိန်းမငယ်လေး တစ်ယောက်ဟူသော အတွေးများကလည်း လုံး၀ ပျောက်ဆုံးကုန်၏။
ရဲ့ချန်၊ လီချင်းကျူ နှင့် ကျန်းချောင်တို့သည် ကျောင်းကန်တင်းသို့ ရောက်လာကြသည်။ ဤနေရာတွင် စဉ်ဆက်မပြတ် အမြဲတမ်းလိုလို လူစည်ကားနေပုံ ပေါ်သည်။
“ မင်းတို့နှစ်ယောက် ဘာမှာ မှာလဲ “ ကျန်းချောင်က ရဲ့ချန် နှင့် လီချင်းကျူတို့အား မှာယူလိုသော အစားအစာကို မေးမြန်းလိုက်၏။
ကျန်းချောင်သည် အထိမခံသော ကျောင်းပန်းပွင့်လေးဖြစ်သည့် လီချင်းကျူနှင့် အတူတူ စားရတော့မည် ဆိုသောကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။
တခြားအခန်းက ကျောင်းသားများသည် ကျောင်းပန်းပွင့်လေး လီချင်းကျူက ကျောင်းကန်တင်းသို့ ရောက်လာသောကြောင့် တအံ့တသြ ဖြစ်သွားလေသည်။ အထူးသဖြင့် တတိယနှစ်က ကျောင်းသားများပင် ဖြစ်၏။ သူတို့သည် လီချင်းကျူက ကျောင်းကန်တင်းသို့ လာသည့်အဖြစ်ကို ယခင်နှစ်များကတည်းက မမြင်ဖူးခဲ့ဘူး မဟုတ်လား။
ကျောင်းတွင် ၂ နှစ်တိုင်တိုင် ပညာသင်ကြားခဲ့သည်။ ယခု တတိယနှစ်ရောက်မှ ပထမဆုံးအကြိမ် လီချင်းကျူ ကျောင်းကန်တင်းသို့ လာသည့်အဖြစ်ကို သူတို့ မြင်ဖူးခြင်း ဖြစ်သည်။
သူတို့သည် လီချင်းကျူ၏ဘေးတွင် ကောင်ချောလေးတစ်ယောက် ပါလာမှန်း သတိထားမိလိုက်သည်။
လီချင်းကျူသည် လူများစွာက စိုက်ကြည့်နေသည့်အတွက် သူမကိုယ်သူမ မသက်မသာဖြစ်သလို ခံစားလိုက်ရ၏။ ဖြစ်မည်ဆိုက ဖြစ်လောက်ပေ၏။ လီချင်းကျူက ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင် မဟုတ်ပါလား။
နားချိန်ရောက်လျှင် လီချင်းကျူက အမြဲတမ်းလိုလို အခန်းထဲတွင်သာ စာကျက်နေလေ့ ရှိသည်။ မဟုတ်လျှင် စာကြည့်တိုက်က စာအုပ်တစ်အုပ်ကို ငှားပြီး ဖတ်နေလေ့ ရှိပေသည်။
ထို့နောက် ရဲ့ချန်က သူမှာယူလိုသော စားစရာကို မှာလိုက်သည်။ ရဲ့ချန် မှာယူလိုက်သော အစားအစာ ပမာဏကိုကြားပြီး ကျန်းချောင်တစ်ယောက် ဆွံ့အသွားလေသည်။
ရဲ့ချန်သည် သူ၏ခန္ဓာကိုယ်က အလွန်တရာ အားကုန်ပြီး ဆာလောင်လာသည်ဟု ခံစားလိုက်ရ၏။ ဤသို့ ဖြစ်ရသည့် အကြောင်းရင်းသည် ချမ်မုန့်ယမ်ဆီက ယင်ချီများကို စုပ်ယူခဲ့သောကြောင့် ဖြစ်ပုံရ၏။ ယင်းက ထိုအရာ လုပ်ခဲ့ခြင်း၏ တစ်ဖက်က အကျိုးသက်ရောက်များ ဖြစ်ကောင်းဖြစ်နိုင်သည်။
လီချင်းကျူက အသီးအရွက် အမြောက်အမြား ပါ၀င်သော စားစရာကိုသာ မှာယူလိုက်သည်။ အသီးအရွက်သည် လူ၏ခန္ဓာကိုယ်အတွက် အတော်လေး ကောင်းမွန်သည် မဟုတ်ပါလား။ ထို့အပြင် တစ်ပွဲအတွက် စျေးနှုန်းကလည်း အင်မတန် နည်းပါးသေးသည်။
ကျန်းချောင်က ရဲ့ချန် နှင့် လီချင်းကျူတို့ မှာကြားသော စားစရာများကို မှတ်သားပြီး စျေး၀ယ်ရန် ထွက်သွားတော့သည်။
“ ငါတို့ရဲ့စားစရာတွေ သွား၀ယ်နေတုန်း ထိုင်ဖို့ ခုံအလွတ်လေး ဘာလေး လိုက်ရှာရအောင် “ ရဲ့ချန်က လီချင်းကျူကို သူတို့သုံးယောက်အတွက် ထိုင်ခုံရှာရန် ခေါ်လိုက်သည်။
ချောင်ကျကျနေရာက ပြတင်းပေါက်အနားတွင် ထိုင်ခုံလွတ် များစွာ ရှိနေသေးသည်။ ရဲ့ချန်က လီချင်းကျူကို ထိုနေရာသို့ ခေါ်လာခဲ့သည်။
ထိုနေရာကဆိုလျှင် ရဲ့ချန်တို့က ကျောင်းပရဝုဏ်နယ်မြေကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။
“ ချင်းကျူ မင်းက ဘာဖြစ်လို့ ဒီမှာ ရှိနေတာလဲ၊ ကျောင်းကန်တင်းကို မလာချင်ဘူးလို့ နင်ပဲပြောခဲ့တာ မဟုတ်ဘူးလား “ အရပ်ရှည်ရှည် ခပ်ချောချောနှင့် လူငယ်တစ်ယောက်က လီချင်းကျူဆီသို့ လျှောက်လာတော့သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now