အခန်း (၁၈၇) ရန်သူက လမ်းပိတ်ခြင်း

208 10 0
                                    

ရဲ့ချန်သည် ရှောင်လုလုကို အနီးအနားက အစားအစာ အမြန်ရရှိသည့် စားသောက်ဆိုင် တစ်ဆိုင်သို့ ခေါ်လာခဲ့သည်။ ဤဆိုင်လေးက အကောင်းစားကြီး မဟုတ်သော်လည်း ရှောင်လုလုက ထိုနေရာက စားစရာများကို အမှန်တကယ် နှစ်သက်ပုံ ပေါ်၏။
တစ်ခါတစ်ခါ အစားအစာ လာ၀ယ်သည့် လူများက ရဲ့ချန် နှင့် ရှောင်လုလုကို စိုက်ကြည့်သွားကြ၏။ ချောမောသည့် လုလင်ပျိုတစ်ဦး နှင့် လှပသည့် မိန်းမပျိုတစ်ဦးက လူအမြောက်အမြား၏ အာရုံကို ဆွဲဆောင်နိုင်မည်မှာ သေချာ၏။
ရှောင်လုလုက ထိုလူများကို အာရုံစိုက်လာစေရန် ဘာတစ်ခုမျှ လုပ်မပြချေ။ ယခု သူမက ရဲ့ချန်နှင့်အတူ စားစရာများကိုသာ မက်မက်မောမော စားသောက်နေသည် မဟုတ်ပါလား။
ရဲ့ချန်သည် ရှောင်လုလု စားသောက်နေပုံကို ကြည့်ပြီး အတော်လေး ရွှင်ပြနေ၏။ သူမက အစားကောင်းကောင်း တစ်ခုကို စားသောက်နေသည့် ကလေးလေးတစ်ယောက်နှင့် တူနေသည် မဟုတ်ပါလား။
“ အစားကို မြန်မြန် မစားရဘူး၊ ကြည့်စမ်း နင့်ပါးမှာ အချဉ်ရည်တွေ ပေကုန်ပြီ “ ရဲ့ချန်က တစ်ရှူးစတစ်ခုကို ဆွဲထုတ်ပြီး ရှောင်လုလု၏ပါးတွင် ပေနေသည့် အချဉ်ရည်များကို သုတ်ပေးလိုက်သည်။
ရှောင်လုလုတစ်ယောက် ရှက်သွားလေသည်။ သို့သော် သူမက ထိုခံစားချက်လေးကို အမှန်တကယ် နှစ်သက်နေ၏။ သူမ သတိမထားမိခင်မှာပင် အချဉ်ရည်များက ပါးပြင်တွင် ထပ်မံ ပေသွားခဲ့ပြန်၏။
ရဲ့ချန် နှင့်ရှောင်လုလုတို့ အစားအစာကို အေးအေးလူလူ စားသောက်နေစဉ် ထောင့်ချိုးတစ်ခုက သစ်ပင်တစ်ပင်ပေါ်တွင် စက္ကူငှက်လေးတစ်ကောင်က ရဲ့ချန်၏လှုပ်ရှားမှုများကို မျက်ခြေမပြတ် စောင့်ကြည့်နေလေသည်။ ထိုစက္ကူငှက်လေးက ရဲ့ချန်၏တည်နေရာကို ရှာတွေ့ပြီးနောက် ပိုင်ရှင်ဖြစ်သူထံ သတင်းပို့ရန် ပြန်ထွက်သွားတော့သည်။
အစားအစာများကို လက်စသတ်ပြီးနောက် ရဲ့ချန်က ရှောင်လုလုကို ခေါ်ပြီး စံအိမ်သို့ ချက်ချင်း ပြန်လာခဲ့၏။
စံအိမ်သို့ ပြန်လာသောအခါ လမ်းမကြီးက အတော်လေး တိတ်ဆိတ်နေကြောင်း ရဲ့ချန် သတိထားမိသွား၏။ ထိုနေရာတွင် ဖြတ်သွားဖြတ်လာ ဟူ၍ တစ်ယောက်မျှပင် ရှိမနေပေ။
ထိုထူးဆန်းသည့် အခြေနေကို အကဲခတ်ရင်း ရဲ့ချန်က ကားကို ရှေ့သို့သာ ဆက်မောင်းလာခဲ့၏။ အချိန်တစ်ခဏခန့် ကြာပြီးသော် လမ်းမကြီးအလယ်တွင် လူနှစ်ယောက် ရပ်နေကြောင်း ရဲ့ချန် မြင်လိုက်ရ၏။ ထိုလူနှစ်ယောက်၏ နောက်ကျောတွင်လည်း ဓားများ လွယ်ထားလေသည်။ ထိုဓားများက လုံး၀ အတုမဟုတ်ပေ။ ယင်းက ဓားစစ်စစ်များပင် ဖြစ်၏။
ရဲ့ချန်သည် ထိုနှစ်ယောက်က ယွင်မိသားစုက သူ့ကိုသတ်ရန် လွှတ်လိုက်သည့် လူသတ်သမားများ ဖြစ်နိုင်သည်ဟု စတင် သံသယ ၀င်လာ၏။ ရဲ့ချန်သည် သူ့တွင် ရန်သူဟူ၍ မိသားစုတစ်စုသာ ရှိကြောင်း မှတ်မိပါသည်။ ထို့ကြောင့် ဤလူနှစ်ယောက်သည် ယွင်ဟောက်အတွက် လက်စားချေရန် ယွင်မိသားစုက လွှတ်လိုက်သည့် လူသတ်သမားများဖြစ်ဟန် တူ၏။
စင်စစ် ရဲ့ချန်သည် စားသောက်ဆိုင်တွင် အစားအစား စားစဉ်က သူတို့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေသည်ဟု ခံစားခဲ့ရ၏။ သူသည်လည်း ထိုလူများက ဤမျှ လျင်လျင်မြန်မြန် လှုပ်ရှားမည်ဟု ထင်မထားခဲ့ပေ။
ရဲ့ချန်သည် ထိုလူနှစ်ယောက်၏ရှေ့ မီတာအနည်းငယ်ခန့် အကွာတွင် ကားကို ရပ်လိုက်၏။
“ လုလု၊ မင်း ဒီမှာပဲ စောင့်နေနော်၊ ငါ ဒီလူနှစ်ယောက်နဲ့ စကားသွားပြောလိုက်ဦးမယ် “ ရဲ့ချန်သည် ရှောင်လုလုကို ကားထဲတွင် နေရန် ပြောလိုက်သည်။
“ အကိုကြီး ရဲ့ချန်၊ ဂရုစိုက်ပါနော် “ ရှောင်လုလုသည် ရဲ့ချန်ကို ထိုလူနှစ်ယောက်နှင့် တိုက်ခိုက်ရာတွင် ဂရုစိုက်ရန် မှာကြားနေ၏။
ရဲ့ချန် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ ထို့နောက် သူက ကားပေါ်က ဆင်းပြီး ထိုလူနှစ်ယောက်ထံ လျှောက်သွားလိုက်သည်။
ရှောင်လုလုသည် ကျောပေါ်တွင် ဓားများ လွယ်ထားသည့် လူနှစ်ယောက်ု ကြည့်ရင်း အထိတ်တလန့် ဖြစ်နေသေး၏။
ရဲ့ချန်တို့၏လမ်းကို ပိတ်ရပ်ထားသည့် လူနှစ်ယောက်က ရှောင်ခင် နှင့် ကျင်းဝူ တို့ဖြစ်ကြသည်။ ရဲ့ချန်တို့ ရှိနေသည့် တည်နေရာကို အတည်ပြုပြီးနောက် ရှောင်ခင်က ရှောင်လုမန်၏ရန်ကြွေးကို ဆပ်ပေးရန် ချက်ချင်း ထွက်လာခဲ့ခြင်း ဖြစ်သည်။
ရဲ့ချန်က ကားထဲက ထွက်လာသည်ကို မြင်ပြီး ရှောင်ခင်က ချက်ချင်း ပြောလိုက်သည်။ “ ဒီတော့ မင်းက ရဲ့ချန်ပေါ့၊ မင်းက ငါ့တူကို ရိုက်ရဲတဲ့အထိ သတ္တိကောင်းတာပဲ “
“ ခင်ဗျားတို့ ဘယ်သူတွေလဲ၊ ခင်ဗျားတို့နှစ်ယောက်နဲ့ ကျုပ် မသိဘူးလို့ ထင်တယ်နော့ “ ထိုလူနှစ်ယောက်ကို ကြည့်ခြင်းအားဖြင့် ယွင်မိသားစုက လွှတ်လိုက်သည့် လူများမဖြစ်နိုင်ကြောင်း သိသာနေ၏။ ရဲ့ချန်တစ်ယောက် သူတို့နှစ်ယောက်က မည်သူဖြစ်ကြောင်း စတင် စဉ်းစားကြည့်လိုက်သည်။
“ ဘာလဲ၊ မင်းက ရှောင်ပြေးချင်သေးတာလား၊ မင်း မနေ့က ရှောင်လုမန်ဆိုတဲ့ ကောင်လေးတစ်ယောက်ကို ရိုက်ခဲ့တယ်မလား “ ရှောင်ခင်သည် သူ၏တူက မည်သူဖြစ်ကြောင်း ပြောလိုက်၏။
“ ဪ … ဒီတော့ ခင်ဗျားတို့က ရှောင်လုမန်နဲ့ အမျိုးတွေပေါ့၊ ဟဟဟ … ကောင်းပြီးလေ၊ ဆိုတော့ ခင်ဗျားတို့က ကျုပ်ဆီက ဘာလိုချင်လို့လဲ၊ ကျုပ်ကို ပြဿနာ လာရှာတာလား “ ရဲ့ချန်သည် သူ့ကို ပြဿနာ လာရှာသည့် ထိုလူနှစ်ယောက်ကို စိတ်မရှိပေ။
ထို့အပြင် သူတို့နှစ်ယောက်ထဲက တစ်ယောက်သည် မြေကြီးနယ်ပယ် အစောပိုင်းအဆင့်မျှသာ ရှိသေးပြီး အခြားတစ်ယောက်က မြေကြီးနယ်ပယ် အထွတ်အထပ်ဆင့်မျှသာ ရှိသေး၏။
“ မင်းတို့ လူငယ်လေးတွေက အတော်လေး မောက်မာကြတာပဲ၊ ဒီတော့ မင်းတို့ ကိုယ့်အကန့်သတ် ကိုယ်သိအောင် ပညာလေး နည်းနည်းပါးပါးလောက်တော့ ပေးမှ ဖြစ်တော့မယ် “ ရှောင်ခင်က ရဲ့ချန်ကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်တော့သည်။
ထို့နောက် ရှောင်ခင်သည် ရဲ့ချန်ဆီသို့ ဦးတည် ပြေး၀င်လာပြီး လက်ဝါးဖြင့် ရဲ့ချန်၏ရင်ဘတ်ကို ရိုက်ချလိုက်သည်။
ရဲ့ချန်သည် ရှောင်ခင်က သူ့ကို ရိုက်ရန် အဘယ်ကြောင့် ခွင့်ပြုနိုင်မည်နည်း။ ထို့ကြောင့် ရဲ့ချန်၏လက်သီးက ရှောင်ခင်၏မျက်နှာသို့ အရင်ဆုံး ပြေး၀င်သွားလေသည်။ “ ခွက် … “ ရှောင်ခင်တစ်ယောက် ဆယ်မီတာ ကျော်ကျော်အထိ လွင့်ထွက်သွားတော့သည်။
ရှောင်ခင်တစ်ယောက် ကတ္တရာလမ်းမကြီးပေါ်သို့ အရှိန်ပြင်းပြင်းနှင့် ပြုတ်ကျသွားလေသည်။ ရဲ့ချန်၏လက်သီးချက်ကို ခံလိုက်ရပြီး ပါးစပ်ထဲမှ သွားတစ်၀က်ခန့် ကျွတ်ထွက်ကုန်ပြီး သွေးများလည်း စီးကျလာတော့သည်။
ကျင်းဝူသည် ရဲ့ချန်၏အင်အားကို မြင်ပြီး အတော်လေး အံ့အားသင့်သွားလေသည်။ ထို့နောက် သူ့ကိုယ်သူ စိတ်ချရသည့် နေရာအထိ နောက်ဆုတ်လိုက်၏။
“ မင်း မျိုးမစစ်ကောင်၊ ငါ့မျက်နှာကို ရိုက်ရဲတယ် ဟုတ်လား “ ရှောင်ခင်က လမ်းမပေါ်မှ ထရပ်ရန် ကြိုးစားလိုက်သည်။ သူ၏စိတ်ထဲမှ ရဲ့ချန်ကို သတ်လိုစိတ်တို့ကလည်း တဟုန်းဟုန်း တောက်လောင်လာတော့သည်။
ရှောင်လင်သည် နောက်ကျောက ဓားတစ်ချောင်းကို ဆွဲထုတ်ပြီး တခြားဓားများကို ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။ ယင်းသည် ဓားပျံကျင့်စဉ်တစ်ခုဖြစ်ကြောင်း သိနိုင်၏။
“ မျိုးမစစ်လေး၊ မင်းသေဖို့ အဆင်သင့် ဖြစ်ပြီလား “ ပါးစပ်ထဲက သွေးတစ်လုတ်ကို ထွေးထုတ်ပြီး ရှောင်ခင်က ပြောလိုက်သည်။
ရဲ့ချန်က အရိပ်ကိုးခု ခြေလှမ်းကို အသုံးပြုလိုက်သည်နှင့် ရှောင်ခင်၏ဘေးသို့ တစ်မုဟုတ်ချင်း ရောက်ရှိ်သွား၏။ “ ဥက္ကာခဲ အကျိုး ပစ်လွှတ်ခြင်း … ဘမ်း “ ရဲ့ချန်၏ရိုက်ချက်သည် ရှောင်ခင့်ကို ရိုက်မိသွားပြီး ရှောင်ခင်၏တိုက်ခိုက်မှုက လမ်းမကြီးဆီသို့ ရောက်ရှိသွားလေသည်။
ရှောင်ခင်၏တိုက်ခိုက်မှုကြောင့် လမ်းမကြီးပေါ်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်သွားလေသည်။
ဤသိုင်းကွက်က ယခင်ကထက် များစွာ အားကောင်းလာခဲ့သည်။ ရှောင်ခင်သည် အသက်အန္တရာယ်မှ လွတ်မြောက်နိုင်သော်လည်း ကျင့်ကြံသူတစ်ယောက်အဖြစ်တော့ ရပ်တည်နိုင်တော့မည် မဟုတ်ပေ။
ရဲ့ချန်၏ရိုက်ချက်ကို ခံလိုက်ရသည့် ရှောင်ခင်သည် ချက်ချင်း လဲကျသွားလေသည်။
ကျင်းဝူသည် ရဲ့ချန်၏လှုပ်ရှားမှုများကို မြင်ပင် မမြင်လိုက်ရပေ။ သူသတိရသည့် အချိန်တွင် ရဲ့ချန်က ရှောင်ခင့်ကို အနိုင်ယူပြီးပြီ ဖြစ်နေ၏။ ကျင်းဝူက တုန့်ဆိုင်းမနေတော့ဘဲ နောက်ကျောက ဓားသုံးချောင်းကို ဆွဲထုတ်ပြီး ရဲ့ချန်ကို တိုက်ခိုက်လိုက်တော့သည်။ ကျင်းဝူသည် ဓားသုံးချောင်းကို ထိန်းချုပ်ပြီး ရဲကချန်၏ခန္ဓာကိုယ်က သေကွင်းသေကွက်များကို တိုက်ခိုက်လိုက်သည်။
ရဲ့ချန်က သူ့ဆီ ပြေး၀င်လာသည့် ဒားများကို လက်ဝှေ့ယမ်းပြီး ကာကွယ်လိုက်၏။ “ ခရက် … ခရက် … ခရက်
… “ ရဲ့ချန်၏လက် နှင့် ဓားသုံးချောင်းတို့ ထိမိသည့် အသံများ ထွက်ပေါ်လာ၏။ ထိုထိမိသံများသည် သံသံချင်း ထိမိသည့် အသံလို ဖြစ်နေ၏။
ကျင်းဝူသည် ရဲ့ချန်က သူ၏ဓားချက်များကို မည်သို့ ကာကွယ်လိုက်ပုံအား ကြည့်ရင်း အံ့အားသင့်သွား၏။
ကျင်းဝူသည် ထိုလူ၏အင်အားကို စစ်ဆေးကြည့်လိုက်သည်။ ထိုလူ၏အင်အားက မြေကြီးနယ်ပယ် အဆင့်နှစ်သာ ရှိသေးသည့်တိုင် သူ၏တိုက်ချက်ကို လက်တစ်ဖက်တည်းဖြင့် အဘယ်ကြောင့် လွယ်လွယ်ကူကူ ချေဖျက်နိုင်ရသနည်း။
ရဲ့ချန်က သူ၏ဓားများကို ကောက်ယူလိုက်သံအား ကျင်းဝူ ကြားလိုက်ရ၏။ “ ခရက် … ခရက် … ခရက် “ ကျင်းဝူ၏ဓားသုံးချောင်းကို ရဲ့ချန်က အစိတ်ပိုင်းများ အဖြစ် ချိုးပစ်လိုက်သည်။
ရဲ့ချန်က သူ၏ဓားပျံများကို ချိုးပစ်လိုက်သည်ကို မြင်ပြီး ကျင်းဝူသည် ကမ္ဘာ့ အံ့အား အသင့်ဆုံးလူ ဖြစ်နေသည်။
ကျင်းဝူသည် သူ၏ဓားများက မည်မျှထိ မာကျောမှန်း ကောင်းကောင်း နားလည်ပေသည်။ ဤကဲ့သို့ အလွန်တရာ မာကျောသည့် ဓားပျံများကို မြေကြီးနယ်ပယ် အဆင့်နှစ် ကျင့်ကြံသူတစ်ယောက်က အလွယ်တကူ ချိုးချေနိုင်ရန် နည်းလမ်း မရှိပေ။
“ မင်း ဘယ်သူလဲ “ ကျင်းဝူက မေးလိုက်သည်။
“ ခင်ဗျားရဲ့ အဖော်ဆီက ကြားခဲ့ပြီးပြီ မဟုတ်လား၊ ကျုပ်က ရဲ့ချန်လေ၊ ဒါက ကျုပ်နာမည်ပဲ သေသေချာချာ မှတ်ထားပါ “ ရဲ့ချန်က သူ၏နာမည်ကို မှတ်ထားရန် ပြောလိုက်သည်။
“ ကောင်းပြီး ရဲ့ချန်၊ မင်းက နည်းနည်းလောက် တော်တာတော့ ငါ၀န်ခံပါတယ်၊ ဒါပေမဲ့ ငါ မင်းကို တကယ် မတိုက်ခိုက်သေးလို့ပါ၊ ငါသာ တကယ်တိုက်ခိုက်မယ်ဆိုရင် မင်း သေသွားတာ ကြာပြီ “ ကျင်းဝူက ရဲ့ချန်ကို သူတကယ် မတိုက်ရသေးကြောင်း သတိပေးလိုက်၏။
“ တကယ်လား၊ ဒါဆို ခင်ဗျားရဲ့ ခင်ဗျားရဲ့ အစွမ်းစစ်စစ်လေးတွေ ပြပါဦး၊ ခင်ဗျား ကြွားနေသလို ခင်ဗျားရဲ့အစွမ်းက ဘယ်လောက်အားကောင်းမလဲဆိုတာ ကျုပ် တကယ် သိချင်စိတ် ပြင်းပြနေပြီ၊ ခင်ဗျား စကားအတိုင်း တကယ်ပဲ အားကောင်းနေမလား ဒါမှမဟုတ် ကျုပ်ကို ခြိမ်းခြောက်ဖို့ သက်သက် လေလုံးထွားနေတာလား “ ရဲ့ချန် ရယ်မောလိုက်၏။ ကျင်းဝူက သူ့ကို တိုက်ခိုက်သည့်အခါ မည်သို့ လုပ်မည်နည်းဟု ရဲ့ချန် သိချင်စိတ် ပြင်းပြနေ၏။
“ မင်းက ငါ့ကို လျော့တွက်ရလောက်အောင် အတော်လေး သတ္တိကောင်းနေတာပဲ “ ရဲ့ချန်က သူ့ကို စိန်ခေါ်နေသည်ကို ကြည့်ရင်း ကျင်းဝူ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။ ထို့နောက် သူက လက်တစ်ဖက်ကို မြှောက်ပြီး အထူးမန္တာန်တစ်ပုဒ်ကို ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုတော့သည်။ မန္တာန်ကို ရွတ်ဆိုပြီးနောက် ကျင်းဝူ၏ဦးခေါင်းပေါ်တွင် အစိမ်းရောင် လေဓားသွား လေးစင်း ပေါ်ထွက်လာ၏။
ယင်းက သံဓားများ မဟုတ်ကြပေ။ ကျင်းဝူက သူ၏စွမ်းအင်များကို အသုံးပြုပြီး ဖန်တီးထားသည့် ဓားလေးစင်း ဖြစ်ပေသည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now