စာစဉ်(၁၈) Ep 241+242+243

150 10 0
                                    

အပိုင်း (၂၄၁)

ဒီစုံတွဲလေးကို အားပေးဖို့ဆုံးဖြတ်လိုက်ပြီ

 
 
 
မို့ထင်နှင့်ထျန်းနင်၏ဆက်ဆံရေးနှင့် ပတ်သက်ဆက်နွှယ်ပြီး ပုံမှန်အားဖြင့် လူအများစုက ကောလာဟလ သတင်းများကို ဖြန့်ဝေကြသည်။ သို့တိုင် ဟိုက်ဟွေ့၏သတင်းအဖွဲ့ အရှိန်အဝါကို ထိတ်လန့်မိ၍ ပြဿနာကိုပုံကြီး မချဲ့ရဲကြပေ။
ထျန်းနင်၏တင်ပါးဒဏ်ရာပြင်းထန်လွန်း၍ အိပ်ရာပေါ်မှာ လဲလျောင်းနေရပြီး တခြားသူအကူအညီပါမှ အိပ်ရာပေါ်မှထနိုင်သည်။
ထို့ကြောင့်လည်း နောက်တစ်နေ့မနက်ခင်း အိပ်ရာမှနိုးနိုးချင်း ထျန်းနင်၏လည်ပင်းများ ခြောက်ကပ်နေပြီး စကားမပြောနိုင် ဖြစ်နေသည်။ သူမ၏ခံစားချက်နှင့် အတွေးအမြင်ကို လက်ဟန်အမူအရာဖြင့်သာ ဖော်ပြနိုင်စွမ်းရှိသည်။
မို့ထင်က သူမ၏အိပ်ရာဘေးနားမှာထိုင်ကာ သူမ၏ခန္ဓာကိုယ်ကို မဆိုသလောက်လေး လှည့်လိုက်ပြီး ဒဏ်ရာအခြေအနေကို စစ်ဆေးကြည့်နေသည်။ ထျန်းနင်က ပွန်းပဲ့ဒဏ်ရာကြောင့် နူးညံ့သည့် အသားစပျက်စီးသွားပြီး ၁၅ရက်တိတိ အပြည့်အဝအနားယူမှသာ ဒဏ်ရာသက်သာ ပျောက်ကင်းလိမ့်မည်။
ထျန်းနင်က မို့ထင်၏ခန္ဓာကိုယ်ပေါ်မှာ လဲလျောင်းနေပြီး သူမ အသက်ဆက်ရှင်နိုင်မည့် ကိုယ်သင်းရနံ့လေးကို အရူးအမူး နမ်းရှိုက်နေသည်။
မို့ထင်က သူမ၏ဦးခေါင်းလေးကို သူ့ပေါင်ပေါ် ညင်ညင်သာသာတင်လိုက်ပြီး သူမ၏မျက်နှာကို ကွယ်ထားသည့် ဆံနွယ်များကို ကြင်ကြင်နာနာ သပ်ပေးလိုက်သည်။
“ချစ်လေး နေကောင်းတော့မှာပါ”
“ဒီညလည်း တစ်ညလုံး မအိပ်မနေအလုပ်တွေ လုပ်ဦးမှာလား”
ထျန်းနင်က မတ်တတ်ထရပ်နိုင်စွမ်းမရှိ၍ မလှုပ်မယှက်ဖြင့် ဤမေးခွန်းကို မေးမြန်းလိုက်သည်။ သူမ စကားပြောနေစဉ် မျက်တောင်လေးများက ညင်သာစွာ လှုပ်ခတ်သွားသည်။
“ကိုယ်က တန်ခိုးရှင် မဟုတ်ဘူးလေ။ သေချာပေါက် အနားယူဖို့လိုအပ်တာပေါ့”
မို့ထင်က သူမ၏ပါးမို့မို့လေးကို သူ့လက်ဖဝါးဖြင့် ကြင်နာစွာ ဖွဖွလေးကို ထိတွေ့လိုက်သည်။
“နိုင်ငံခြားပြိုင်ပွဲမှာ ချစ်လေးရဲ့နာမည်ကို စာရင်းပေးထားတယ်”
“ဘယ်လိုယှဉ်ပြိုင်ပွဲမျိုးလဲ”
မို့ထင်၏မျက်ဝန်းအကြည့်က ထျန်းနင်၏ခန္ဓာကိုယ် ကောက်ကြောင်းအတိုင်း ရွေ့လျားသွားပြီး သူမ၏ခြေထောက်မှာ ရပ်တန့်သွားသည်။
“ချစ်လေးက ပြိုင်ပွဲအဆင့်သတ်မှတ်ချက် စာရင်းမှာ ဝင်နိုင်တယ်လို့ ကိုယ်ခံစားမိတာ ဘာကြောင့်မှန်းတော့ မသိဘူး။ အခုအချိန်တော့ အဲဒီပြိုင်ပွဲကိစ္စကို မပြောသေးဘူးလေ”
“အခုအချိန်အထိ ချင်းယွီက သူ့အမှားကို မဝန်ခံသေးဘူးလား”
“ည ၁၁နာရီ ၅၉မိနစ် မရောက်မချင်း ရှေ့ထွက်လာမှာ မဟုတ်ဘူး”
ချင်းယီလို အကျင့်စရိုက်ရှိသည့်လူစားမျိုးကို မို့ထင် ကြုံတွေ့ဖူး၍ အလွယ်တကူအရှုံးကို ဝန်ခံမှာမဟုတ်မှန်း သိနေသည်။
နောက်ဆုံးစက္ကန့်ပိုင်း မရောက်မချင်း သူ့အမှားကို ဝန်ခံချင်စိတ်ဖြစ်လာအောင် ကြံရွယ်နိုင်သည့်နည်းလမ်း မရှိပေ။
“အဲဒီမိန်းမကို တမင်တကာ စိတ်ဒုက္ခပေးဖို့ ကြံရွယ်ခဲ့တာမလား”
ထျန်းနင်က ခိုးခိုးခစ်ခစ်ရယ်မောလိုက်ပြီး မို့ထင်၏လက်ကို လှမ်းဆွဲကာ သူမ၏လက်ချောင်းလေးများနှင့် သူ့လက်ချောင်းလေးများကို ချည်နှောင်ထားသည်။
ထျန်းနင်၏စိတ်တည်ငြိမ်မှန်း မြင်တွေ့ရမှ အင်တာနက်သုံးစွဲသူများ၏ ပို့စ်များကို တစ်စုတစ်စည်းတည်း စုဆောင်းထားသည့်ဖိုင်ကို ထုတ်ပြလိုက်သည်။
ထျန်းနင်က အများပြည်သူ၏ သုံးသပ်ချက်အမြင်များ လှန်လှော ဖတ်ရှုလိုက်ပြီး ရုတ်တရက် စိတ်နှောင့်သွားသည်။
“သူတို့တွေ အကုန်သိသွားပြီလား”
“ကိုယ်က ချစ်လေးရဲ့မန်နေဂျာပါလို့ ကြေညာလိုက်တာ သူတို့က ဘုမသိဘမသိဖြစ်နေဦးမယ်လို့ ချစ်လေးက ထင်နေလား”
မို့ထင်က တခစ်ခစ်ရယ်မောလိုက်သည်။
“ဒါပေမဲ့ ကိုယ်တို့ဘက် ဝန်မခံသရွေ့ သူတို့မှာအဖြေရှိလာမှာ မဟုတ်ဘူး။ အခုတော့ ကိုယ်တို့ဆက်ဆံရေးကို စုံစမ်းဖို့ သူတို့နည်းသူတို့ဟန်နဲ့ ဆက်ရှာခွင့်ပေးလိုက်ပါ။ ဒါပေမဲ့ သူတို့တွေကို ဆက်ခန့်မှန်းခွင့်ပဲ ပေးထားမယ်”
မို့ထင်က ဝန်ခံခြင်းမရှိသလို ငြင်းဆန်ခြင်းလည်း မရှိခဲ့ပေ။ မို့ထင်က မန်နေဂျာ အနေဖြင့် လုပ်သင့်သည့်အလုပ်ကို လုပ်ဆောင်ပြီး သူကာကွယ်ပေးချင်သူကို ရိုးရှင်းစွာ ကာကွယ်ပေးနေသည်။
ထျန်းနင်၏တာဝန်က သူမ၏ဘဝရည်မှန်းချက် အောင်မြင်ရန် အကောင်းဆုံး အာရုံစိုက်ရမည်။
“နောက်ဆုံးတော့ သူတို့အားလုံးက အမှန်တရားကို ရှာတွေ့နိုင်မှာပါ”
“ချစ်လေး ကြောက်နေလို့လား”
မို့ထင် မေးမြန်းလိုက်သည်။
ထျန်းနင် ခေါင်းခါလိုက်သည်။ အများပြည်သူ၏ထင်ကြေးကို ပထမဆုံး မြင်တွေ့ရချိန်ကထက် ပို၍ စိုးရိမ်သောက ကင်းဝေးနေသည်။
“မကြောက်ပါဘူး။ အခုလို အခြေအနေလေး ပိုသဘောကျမိတယ်။ ဒီလိုနည်းလမ်းနဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းလိုက်တာက ချစ်လေးတို့ရဲ့ အချစ်ရေးကို ကြေညာမလား ဖုံးကွယ်မလားကို ဆုံးဖြတ်ခွင့်ရှိတဲ့သူက ချစ်လေးတို့မှန်း သတင်းထောက်တွေ သိသွားအောင် လုပ်နိုင်တဲ့အပါးနပ်ဆုံး နည်းလမ်းပဲ”
မို့ထင်က ထျန်းနင်၏မန်နေဂျာဟု ကြေညာလိုက်တည်းက လျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်သူ၊ စက်ဆုပ်သည့်ခံစားချက် ခံစားနေရသူ၊ သူတို့ကို သိက္ခာချချင်သူနှင့် ရိုမန်တစ်ဆန်သည့် အချစ်ရေးကိစ္စလေးကို အားပေးသည့် ပရိသတ်များလည်း ပေါ်လာခဲ့သည်။
“စိတ်ကူးယဉ်ဆန်သည့်မိန်းကလေးအများစုရဲ့ အမြင်မှာ အားမာန်အပြည့်ရှိတဲ့ ကျားကြီး ကာကွယ်မှုကို ခံယူနေရတဲ့ ချစ်စရာကောင်းလွန်း ကြောင်မလေးထျန်းနင် ဖြစ်နေတာပေါ့”
“သူတို့နှစ်ယောက်က အရမ်း လိုက်ဖက်ညီတယ်။ သူတို့ဘာသာ ဝန်ခံချင်ဝန်ခံ မဝန်ခံချင်နေပေါ့။ ငါကတော့ သူတို့ကြား သင်္ဘောကြီးလွှင့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ”
“ထျန်းနင်ရဲ့ခြေတံရှည်လေးရယ် မို့သူဌေးရဲ့ 1.9မီတာ အရပ်အမောင်းက လိုက်ဖက်ညီလွန်းတယ်ကွာ။ ငါတော့ အရင်တုန်းတည်းက LM ကြော်ငြာကို ထင်ကြေးမပေးဖူးဘူး။ ဒါပေမဲ့ အခုနောက်တစ်ခေါက် ထပ်ကြည့်မိတော့ အချစ်တွေပြည့်နှက်နေသလို ခံစားမိတယ်”
“ငါတို့ရဲ့နာမည်ကျော် စီအီးအိုကြီးက သူ့ဂုဏ်သိက္ခာကို တစ်ဆင့်လျှော့ချပြီး မော်ဒယ်လေးရဲ့မန်နေဂျာ လုပ်တယ်။ အချစ်ကြောင့်သာ အခုလိုမျိုးလုပ်နိုင်တာပေါ့ မဟုတ်ဘူးလား”
မို့ထင်က ထျန်းနင်ကို ဆုပေးပွဲအခမ်းအနားမှာ အကူအညီပေးရန် ရောက်လာသည့်မြင်ကွင်းကို ပရိသတ်တစ်ဦးက ရုပ်ပြကာတွန်း ရေးဆွဲကာ စာတင်ထားသည်။
ထျန်းနင်တို့၏ ရိုမန်တစ်ဆန်သည့်အပြုအမူကြောင့် ပရိသတ်များမှာ အားကျရလွန်း၍ နှာခေါင်းသွေးလျှံရသည်။
“ငါကတော့ တခြားသူတွေနဲ့ဆန့်ကျင်ဘက်ပဲ သူတို့ဆက်ဆံရေးကို လျှို့ဝှက်ထား စေချင်သေးတယ်”
“မို့သူဌေးက ထျန်းနင်ကို သဘောကျတယ်မလား”
“ထျန်းနင်လို အေးတိအေးစက် တည်တည်ငြိမ်ငြိမ် အကျင့်စရိုက်ရှိတဲ့မိန်းကလေးက မို့သူဌေးကြီးရဲ့ချစ်ခြင်းကို လိုအပ်တာပေါ့။ ငါတော့ တကယ် ကျေနပ်တယ်”
ထျန်းနင်က သူတို့အားလုံး၏ကွန့်မန့်လေးကို ဖတ်ရှုပြီး ကြည်နူးနေမိသည်။
လုချယ်က စာထည့်ထားသည့်သေတ္တာလေးနှင့် လက်ဆောင်ပစ္စည်းများကို ယူဆောင်လာပြီး Hyatt Regencyကို ရောက်လာခဲ့သည်။
“ဒါတွေကိုလည်း ပရိသတ်တွေပေးတာပဲ။ ပစ္စည်းတချို့က မဒမ်ကိုပေးတာ။ တချို့ပစ္စည်းတွေက သူဌေးကို လက်ဆောင်ပေးကြတာပါ”
“ဒီလက်ဆောင်တွေအားလုံးကို တစ်နေ့တည်းနဲ့ရလာတာပါ”
ထျန်းနင်က စာအိတ်လေးများ ဖွင့်ဖတ်လိုက်သည်။
“ခန့်ညားချောမောပြီး အသန်မာဆုံး ဘော်ဒီဂတ်ကြီးကို မန်နေဂျာအဖြစ် ပိုင်ဆိုင်ထားတဲ့ ထျန်းနင်ကို ငါတို့အားလုံးက ဂုဏ်ပြုပါတယ်”
ထျန်းနင်က ပါးချိုင့်လေးများ ပေါ်လာသည်အထိ ပြုံးလိုက်သည်။
“ဒီလူတွေက မို့သူဌေးကြီးဆီ ဒီလိုစာတွေရေးပြီး ပို့ရဲလောက်တဲ့သတ္တိရှိခဲ့မယ်လို့ ထင်ကိုမထင်ခဲ့မိဘူး။ ထျန်းနင်သာ ဘေးနားရှိနေရင် မို့သူဌေးက ချဉ်းကပ်လို့မရတဲ့ ကြောက်စရာကောင်းတဲ့သူဌေးကြီး မဟုတ်တော့ဘူး”
ထျန်းနင်က လုချယ်လက်ထဲမှ သေတ္တာလေးကို လက်လွှဲယူလိုက်ပြီး စိတ်လှုပ်ရှားနေရသည်။
“စာထဲမှာ မို့ထင်အကြောင်း ဘာတွေရေးထားသေးလဲ”
ထျန်းနင်က မို့ထင်အတွက် ပေးထားသည့်စာတစ်စောင်ကို စပ်စပ်စုစုဖွင့်ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။
“မို့သူဌေးကို တိုက်ရိုက်စကားပြောခွင့်ရလို့ စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမဲ့ အရဲကိုးပြီး ပြောချင်တာတော့ မို့သူဌေးက အရမ်းကို ချောတယ်”
“မဒမ် ပျင်းရင် ဒီစာလေးတွေကိုဖတ်ပြီး အပန်းဖြေလို့ရပါတယ်”
လုချယ်က စာအိတ်သေတ္တာလေးကို ထျန်းနင်ဘေးနားက ကြမ်းပြင်ပေါ် ထားပေးလိုက်သည်။
ထို့နောက် ထျန်းနင်က အဝါရောင်စာအိတ်လေးကို ဆွဲထုတ်လိုက်သည်။ သို့သော်လည်း စာတစ်ကြောင်းမှ မပါဝင်ဘဲ ဓာတ်ပုံတစ်ပုံကိုသာ မြင်တွေ့ရသည်။
ဓာတ်ပုံထဲမှာ သူမက ယောက်ျားတစ်ယောက်ကို နမ်းနေသည်။
ဓာတ်ပုံထဲမှာ နမ်းနေသည့်အမျိုးသားကို ခန့်မှန်းနေစရာပင် မလိုအပ်ချေ။ သတင်းထောက်က ညအချိန်မှ သူမတို့နှင့်တည့်တည့်တိုးပြီး အဝေးတစ်နေရာမှ ရိုက်ကူးထားရ၍ ထိုအမျိုးသား၏ နောက်ကျောပြင်ကိုသာ ဝေဝေဝါးဝါး မြင်တွေ့ရသည်။
ဓာတ်ပုံပေါ်မှာ ရေးသားထားသည့်စာတိုလေးကိုကြည့်ပြီး ထျန်းနင် မဲ့ပြုံးပြုံးလိုက်သည်။
“ထျန်းနင်၊ မင်း နမ်းနေတဲ့ပုံကို ငါတို့က ဖုံးကွယ်ထားမယ်လို့များ မျှော်လင့်နေတာလား။ အရမ်းမောက်မာမနေနဲ့”
ထျန်းနင်က ဓာတ်ပုံလေးကို သူမ၏ဘေးနား ချထားလိုက်ပြီး မို့ထင်အလုပ်ပြီးမည့်အချိန်ကို စောင့်မျှော်နေသည်။
ည၈နာရီအချိန်ကို ရောက်လာခဲ့သည်။ ထျန်းနင် သတင်းကိုကြည့်လိုက်မှ ဟိုက်ဟွေ့က ဆုပေးပွဲကျင်းပရန် စီစဉ်သူကို ဖြေရှင်းချက်ပေးရန် နှစ်ကြိမ်တိတိ ဖိအားပေးထားကြောင်း သိလိုက်ရသည်။
အမှန်တကယ်တော့ ချင်းယွီကို သွယ်ဝိုက်သော နည်းလမ်းဖြင့် သတိပေးခဲ့ခြင်း ဖြစ်ရမည်။
ယခုအချိန်တွင် ချင်းယွီတစ်ဦးတည်း သောကရောက်နေခြင်းမဟုတ်၊ ပါဝင်ပတ်သက်မိသည့် ချင်းယွီ၏မန်နေဂျာလည်း ဗျာပါဒများနေသည်။
“ဒီပြဿနာကို နင်တို့ဘာသာ ဖြေရှင်းလိုက်လို့မရဘူးလား”
ချင်းယွီက သူမ၏လက်ထဲမှ ခေါင်းအုံးကို ဆောင့်ဆွဲလိုက်သည်။
“ဟိုက်ဟွေ့ဘက်က ဒုတိယသတိပေးချက် ထုတ်လိုက်တာ နင်တို့ မသိဘူးလား”
“ငါလည်း မစဉ်းစားတတ်တော့ဘူး”
မန်နေဂျာမှာ ဇောချွေးပြန်နေပါပြီ။
“ငါသေချာ စဉ်းစားမိတာတော့ ဟိုက်ဟွေ့ကို အထင်မသေးသင့်တာပဲ မို့သူဌေးရဲ့လှည့်ကွက်တွေကို နင်လည်းကြားဖူးမှာပါ”
“အေဂျင်စီကလည်း ငါ့ဘက်က ရပ်တည်ပေးဖို့ အခုအထိ ငြင်းဆန်နေတုန်းပဲ”
ချင်းယွီ၏မျက်ဝန်းတွင် ရှုံးနိမ့်သည့်ခံစားချက်များ ဖြစ်ပေါ်နေသည်။
“ငါတို့အေဂျင်စီက ဟိုက်ဟွေ့ကို တိတ်တိတ်လေး ယှဉ်ပြိုင်နေတတ်ပေမဲ့ ပေါ်ပေါ်ထင်ထင် ထိပ်တိုက်မရင်ဆိုင်ဖူးဘူး။ ဒီတစ်ခေါက်တော့ နင်လုပ်ခဲ့တဲ့အပြစ်အတွက် မို့ထင် ပေါ်ပေါ်ထင်ထင် အပြစ်ပေးချင်ပုံပဲ။ နင် ရှောင်ပြေးဖို့ ဘယ်လိုပဲကြိုးစားကြိုးစား ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး။ ချင်းယွီ နင် ဝန်ခံလိုက်တော့”
“ထျန်းနင်ရဲ့ဒဏ်ရာက ပေါ့သေးသေးမဟုတ်ဘူးနော်။ မို့ထင်လက်က လွတ်ချင်ရင်တော့ လက်တွေ့မှာ မလွယ်ကူလောက်ဘူး”
 
 
***

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now