အပိုင်း(၄၅၅)
"အခုကစပြီးတော့ ချစ်လေးက ဖုန်းကို ဘေးချထားပြီး ကိုယ့်စကားကို နာခံရမယ်။ ကိုယ် ချစ်လေးကို အရေးတကြီး ပြောစရာ ကိစ္စ ရှိတယ်"
လူတိုင်းက သူတို့၏ စိုးရိမ်မှုကို ထျန်းနင် သိအောင် ပြသပြီးနောက် မို့ထင်က ထျန်းနင်၏ ကုတင်အစွန်းနား ထိုင်ကာ သူမကို လေးနက်သော လေသံဖြင့် မေးမြန်းသည်။
"မနေ့တုန်းက လုံကျဲနဲ့အတူတူ ပေကျင်းဆေးရုံသွားပြီး hCGသွေးစစ်ခဲ့သေးလား"ထျန်းနင်က မို့ထင် မည်သည့်အတွက်ကြောင့် မေးမြန်းလဲ သေချာ မသိသော်လည်း ခေါင်းညိတ်သည်။
"ဒီမနက်ပဲ ပေကျင်းဆေးရုံက ချစ်လေးကို ဖုန်းဆက်လာတယ်။ ကိုယ်က ချစ်လေး ကိုယ်စား ဖုန်းကိုင်လိုက်တယ်။ ချစ်လေး ကိုယ်ဝန် ရှိနေတယ်လို့ ဆရာဝန်က ကောက်ချက်ချတယ်"
ထျန်းနင် ကြောင်အမ်းအမ်း ဖြစ်နေသည်။ ခဏကြာပြီးနောက် မနက်ခင်းတုန်းက မို့ထင်၏မျက်နှာပေါ်မှ အပြုံးလေးကို သူမ အမှတ်ရသွားသည်။
"ဒါပေမဲ့ တခြားဆေးရုံက ပြောတာတော့..."
"ချစ်လေး အိပ်ပျော်နေတုန်း ကိုယ်က ပေကျင်းဆေးရုံ ရောက်သွားတယ်။ ချစ်လေးရဲ့ ဆေးစစ်မှု ရလဒ်ကို ဆရာဝန်နဲ့ ကိုယ်တိုင် ဆွေးနွေးပြီးပြီ။ ဆရာဝန်ကတော့ ချစ်လေး ကိုယ်ဝန် ရှိနေပြီလို့ အခိုင်အမာ ပြောတယ်"
မို့ထင်က ချိုသာစွာ ဆက်မပြောခင် သူ့စိတ် တည်ငြိမ်အောင် အသက်ခပ်ပြင်းပြင်း ရှုလိုက်သည်။
"အဲဒီတခြားဆေးရုံကနေ ချစ်လေးရဲ့ ဆေးစစ်မှတ်တမ်းက ပေါက်ကြားသွားတယ်။ အရမ်းကို မြန်ဆန်လွန်းလို့ တစ်ယောက်ယောက် ကြံစည်ထားတယ်လို့ သံသယ ဝင်မိတယ်""ဒါကြောင့် အခုအချိန်မှာ ကိုယ်တို့အတွက် အရေးကြီးဆုံး ကိစ္စက နောက်ထပ် စစ်ဆေးမှုလုပ်ဆောင်ဖို့ပဲ"
ထျန်းနင်၏နဂိုက သုန်မှုန်နေသော အကြည့်က ချက်ချင်း မျှော်လင့်ရောင်ခြည် လင်းလက်သွားသည်။
"ယောက်ျား အမှန်ပြောနေတာလား""ဒါပေါ့"
"ဒါဆိုရင် ဘာတွေ စောင့်ဆိုင်း နေဦးမလဲ။ အခုပဲ သွားကြတာပေါ့"
ထျန်းနင်က သူမ၏ ခြုံစောင်ကို ချက်ချင်း ဖယ်ရှားလိုက်သော်လည်း မို့ထင်က သူမကို ဟန့်တားသည်။