Ep 295+296+297

122 9 0
                                    

အပိုင်း(၂၉၅)

 
ကြယ်ဘုရင်ဖျော်ဖြေရေး၏ ဥက္ကဌရုံးခန်း
 
 
အဖေချွမ်က ဖျော်ဖြေရေး သတင်းကို စောင့်ကြည့်နေသည်။ သူသည် သက်ပြင်းချကာ တီဗီခလုတ်ကို ပိတ်လိုက်ပြီး သူ့အတွင်းရေးမှူးကို ရုံးတွင်းဆက်သွယ်ရေးမှတဆင့် ဆက်သွယ်သည်။
 
"ငါ့ကို လာတွေ့ဖို့ ချွမ်သူဌေးကို အကြောင်းကြားလိုက်"
 
"စိတ်မကောင်းပါဘူး ဥက္ကဋ္ဌချွမ်၊ ချွမ်သူဌေးက ရုံးခန်းထဲမှာ မရှိပါဘူး"
 
အတွင်းရေးမှူးက မျက်နှာရိပ် မျက်နှာကဲကို ကြည့်ကာ ပြန်ဖြေသည်။
 
အဖေချွမ်က နာကျင်နေသော ရင်ဘတ်ကို ဖိထားသည်။ သူ အရမ်းဒေါသထွက်နေ၍ အသက်ရှုရ ခက်ခဲနေသည်။
 
 
"သူ့ကို သွားရှာဖို့ ချက်ချင်း လူလွှတ်စမ်းပါ။ ဟိုက်ဟွေ့ဖျော်ဖြေရေးက သူတို့ရဲ့ သတင်းစာ ရှင်းလင်းပွဲတက်ဖို့ ချွမ်ရဲ့ကို တောင်းဆိုထားတယ်။ ပွဲက ညနေသုံးနာရီ ကျင်းပမယ်။ ဒီပြဿနာကြောင့်နဲ့တော့ ကြယ်ဘုရင်ဖျော်ဖြေရေးရဲ့ အကျိုးအမြတ်ကို မထိခိုက်စေချင်ဘူး"
 
 
"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌကြီး"
 
 
အတွင်းရေးမှူးက ဖုန်းချလိုက်ပြီး ချွမ်ရဲ့ကို ချက်ချင်း ဆက်သွယ်သည်။
 
 
သို့သော်လည်း ပြဿနာကို ဖန်တီးခဲ့သော ချွမ်ရဲ့က နည်းနည်းလေးပင် နောင်တရပုံ မရှိပါ။ လူချမ်းသာ အပေါစားသူငယ်ချင်းများ နှင့် မော်ဒယ်မလေးများကို အဖော်ပြုကာ သင်္ဘောရွက်လွင့်သွားသည်။
 
 
လူပေါ်ကြော့သူငယ်ချင်းအုပ်စု နှင့် ပျော်ပါးသောက်စားလျက် ပင်လယ်ထဲ အချိန်ဖြုန်းနေသည်။ လူချမ်းသာ သားသမီးများက သူတို့ရှမ်ပိန်ခွက်ကို မြှောက်ကာ ချွမ်ရဲ့ကို ချီးမြောက်နေသည်။
 
"ချွမ်ရဲ့ရေ၊ မင်းအဖေ နဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးက မင်းကို မြေလှန်ရှာနေတယ်နော်။ မင်း ပြဿနာ ရှာထားလို့ မင်းပြန်ရောက်လာတာနဲ့ မင်းအဖေက မင်းကို အရှင်လတ်လတ် အရေခွံနွှာချင်နေပုံပဲ"
 
"ဒါနဲ့ ဒီနေ့မနက်ခင်း ကျင်းပခဲ့တဲ့ 'Evil Child' ဇာတ်လမ်းတွဲရဲ့ ရုပ်ရှင်ပွဲတော်မှာ မင်းနဲ့ ထျန်းနင်က မသက်ဆိုင်ပါဘူးလို့ မို့သူဌေးကိုယ်တိုင် အင်တာဗျူး ဖြေခဲ့တယ်နော်။ မင်း တင်လိုက်တဲ့ အချစ်ကဗျာလေးက သုံးစားမရ ဖြစ်သွားခဲ့ပြီ"
 
 
"မော်ဒယ်မကို သိက္ခာချဖို့ လက်သီးပုံး သုံးတတ်တဲ့သူလို့တော့ မထင်ချင်ဘူးနော်။ ရှက်စရာကောင်းလွန်းတယ်"
 
 
ချွမ်ရဲ့၏မျက်နှာအသားအရောင်က အနီရောင်မှ အဖြူရောင်၊ အဖြူရောင်မှ အစိမ်းရောင် ပြောင်းလဲသွားသည်။
 
 
"ကမ်းပြန်ဆိုက်ကြတာပေါ့"
 
 
"ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ သတင်းစာ ရှင်းလင်းပွဲကို တကယ်သွားမလို့လား"
 
 
ချွမ်ရဲ့က ရှမ်ပိန်ခွက်ကို ကြမ်းပြင်ပေါ် ပစ်ပေါက်လိုက်ပြီး သူ့ဖုန်းကို ဆွဲထုတ်ကာ သူ့ပြုပြင်ထားသော ဓာတ်ပုံကို အွန်လိုင်းပေါ်တင်ရန် သူ့လူယုံများကို အမိန့်ပေးလိုက်သည်။ ဓာတ်ပုံပါ စာသားလေးက
 
"ငါတို့အချစ်က အတုအယောင်လား"
 
"ဟိုလူချမ်းသာ ဆက်ခံသူ နောက်ထပ်ဓာတ်ပုံတစ်ပုံ တင်လိုက်ပြန်ပြီ။ ဓာတ်ပုံထဲမှာ ထျန်းနင်နဲ့ နမ်းနေတဲ့ယောက်ျားက သူပါလို့ ဝန်ခံလိုက်တာလား"
 
 
"မဖြစ်နိုင်ပါဘူး။ ဒါဆိုရင် ထျန်းနင်နဲ့ သူနဲ့ တိတ်တိတ်ပုန်း ပတ်သက်နေတာ ကြာပြီး ပြောချင်တာလား။ မို့သူဌေးက ဒီအကြောင်းကို သိရဲ့လား"
 
 
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
 
 
"အခု ငါ ကြည့်ရသလောက်တော့ ဓာတ်ပုံထဲက ယောက်ျားက ချွမ်ရဲ့နဲ့ တူလဲ မတူပါဘူး"
 
 
မူရင်းဓာတ်ပုံကို ဟိုက်ဟွေ့ဖျော်ဖြေရေး၏ပီအာအဖွဲ့က အပြီးတိုင်ဖယ်ရှားခဲ့ပါသည်။ ယခုပေါ်လာသော ဓာတ်ပုံက ချွမ်ရဲ့ပြုပြင်ထားသော ဓာတ်ပုံ ဖြစ်သည်။ ထို့ကြောင့်လည်း လူအများစုက ချွမ်ရဲ့ကို ယုံကြည်သွားသည်။
 
 
ချွမ်ရဲ့ကိုယ်တိုင် ဝန်ခံသလို လုပ်ဆောင်ခဲ့၍ ထျန်းနင် နှင့် ချွမ်ရဲ့၏ဆက်ဆံရေးက ဘေးကြည့်ပရိသတ်များအတွက် ခိုင်မာသော သတင်းဖြစ်လာသည်။
 
 
ဟိုက်ဟွေ့ဖျော်ဖြေရေးက မည်သို့သောသက်သေမျိုးကို ထုတ်ပြမည်နည်း။
 
 
ဟိုက်ဟွေ့ဖျော်ဖြေရေး၏လက်ထဲ မည်သည့်သက်သေမျိုး ရှိနေသနည်း။
 
 
ပင်လယ်ကမ်းခြေမှ ကြယ်ဘုရင်ဖျော်ဖြေရေးကို ပြန်ရောက်လာပြီးနောက် ချွမ်ရဲ့က သူ့အဖေရုံးခန်းထဲ တန်းသွားခဲ့သည်။ အဖေချွမ်က သူ့ကို အေးစက်စက် ကြည့်လိုက်ပြီး ကြေကွဲဆို့နင့်နေသော လေသံဖြင့်
 
"ငါ အတော်လေး အိုနေပါပြီ။ မင်း ငါ့ကို မြန်မြန် သေစေချင်တာလား။ မင်း နဲ့ မို့ထင် ဘာတွေကွာခြားလဲဆိုတာ မင်း အခုအထိ ရှင်းရှင်းလင်းလင်း မသိသေးဘူးလား။ မင်းက ဟိုက်ဟွေ့ဖျော်ဖြေရေးကို ပြဿနာသွားရှာသလို ဖြစ်နေတာ သိရောသိရဲ့လား"
 
"ခင်ဗျား အသိဉာဏ်ထဲမှာ ကျွန်တော်က အမြဲမှားယွင်းနေသလား"
 
 
"မင်း မိန်းမတွေနဲ့ ကလူတာရယ် ပြဿနာ ရှာတာရယ် ကလွဲရင် မင်း ဘာအောင်မြင်မှုမျိုး ရခဲ့ဖူးလို့လဲ။ ကြယ်ဘုရင်ဖျော်ဖြေရေးအတွက် ယွမ်တစ်ယွမ်တောင် ရှာပေးဖူးလား"
 
 
"မင်းအဖေရဲ့ရာထူးကို မက်မောနေတဲ့သူ ဘယ်လောက်တောင်များလဲ မင်း သိရဲ့လား"
 
 
" ငါက နှစ် ၁၀၀ကျော် အသက်မရှင်နိုင်ပါဘူး။ မင်းကို ဘဝဆက်တိုင်း ဂရုမစိုက်နိုင်ဘူး"
 
 
ချွမ်ရဲ့က အဖေချွမ်၏စကားကြောင့် မှင်တက်သွားသည်။ သူ့မျက်လုံးများက ပြူးကျယ်သွားပြီး ပြန်အော်သည်။
 
"ကျွန်တော်က မို့ထင် ဒုက္ခပေးဖို့ ဆုံးဖြတ်ထားပြီသား"
 
သူ့သားက ကယ်တင်၍ မရမှန်း သဘောပေါက်သွားသည်။ အဖေချွမ်က တုန်ရီနေသော လက်ချောင်းလေးများဖြင့် တံခါးပေါက်ကို ညွှန်ပြသည်။
 
"ငါ့မျက်စိရှေ့က ထွက်သွားစမ်းပါ"
 
"မင်း ပြဿနာရှာထားလို့ ဟိုက်ဟွေ့ဖျော်ဖြေရေးက နေ့လည်သုံးနာရီမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်။ သူတို့ရဲ့သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ပေးဖို့ အသိပေးထားတယ်။ ငါ့ရဲ့သား ဘွဲ့ထူးကို မလိုချင်ရင်တောင် မင်းနဲ့အတူတူ ကြယ်ဘုရင်ဖျော်ဖြေရေးကို ချောက်နက်ထဲ မတွန်းချရင် အကောင်းဆုံးပဲ"
 
 
ထိုစကားသံကြောင့် ချွမ်ရဲ့က နောက်ကိုပင် လှည့်မကြည့် ရုံးခန်းထဲမှ ထွက်သွားသည်။
 
 
...
 
 
မို့ထင်က ထျန်းနင် နှင့် ချွမ်ရဲ့ကို အကန့်ခွဲချင်သော်လည်း ချွမ်ရဲ့က ပြဿနာကို ပိုကြီးထွားအောင် ရှေ့ဆက် မိုက်မဲခဲ့သည်။
 
 
ထို့ကြောင့်လည်း ညနေ ၃နာရီ မတိုင်ခင်တည်းက ဖန်ယွီက သတင်းစာရှင်းလင်းပွဲကို ပြင်ဆင်နေသည်။ သူ့လက်ထဲ သက်သေအခိုင်အမာ ရှိနေ၍ ချွမ်ရဲ့၏မဟုတ်မမှန် သတင်းကို ကြောက်လန့်နေစရာပင် မလိုအပ်ပါ။
 
 
စင်အောက်မှာ သတင်းထောက်များ နေရာယူထားကြသည်။ သူတို့မျက်နှာအမူအရာကို ကြည့်လိုက်ရုံဖြင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကြောင်း သိနိုင်သည်။
 
 
"ညနေ ၃နာရီ ရောက်ခါနီးနေပြီ။ ချွမ်ရဲ့က အခုအထိ မရောက်လာသေးဘူး"
 
 
"ချွမ်ရဲ့က လာရောလာပါ့မလား"
 
 
"ငါ သတင်းကြားထားတာတော့ အလှလေးတွေနဲ့ ပင်လယ်ဘက်ခရီး ထွက်သွားတယ်တဲ့"
 
 
ဖန်ယွီက သတင်းထောက်များ အပြန်အလှန် ပြောဆိုနေသော စကားဝိုင်းကို နားစွင့်နေသည်။ ယနေ့ ကျင်းပသော သတင်းစာပွဲက ကြယ်ဘုရင်ဖျော်ဖြေရေးကို သင်ခန်းစာ ပေးရန် ကြံရွယ်ခဲ့သော်လည်း စင်အောက်မှာ ရှိနေသော သတင်းထောက်များကိုလည်း နာနာကျင်ကျင် အပြစ်ရှာရန် စီစဉ်ထားသည်။
 
 
သတင်းစာ ရှင်းလင်းပွဲ ပြင်ဆင်ရန်အတွက် ဖန်ယွီက ဟွားကျင်းကျင်းကို လေဆိပ်လိုက်ပို့ချိန်ပင် မရခဲ့ပေ။ ထိုအကြောင်းကို တွေးမိလေတိုင်း သူ့ကိုယ်သူ မပြည့်စုံသော ချစ်သူတစ်ယောက်ဟု ခံစားစေသည်။
 
 
ညနေ ၃နာရီတိတိ အချိန်မှာ သတင်းစာ ရှင်းလင်းပွဲကို စတင်ကျင်းပသော်လည်း ချွမ်ရဲ့ကို အရိပ်အယောင်ပင် မမြင်ရပါ။ သို့တိုင် ဖန်ယွီက ဂရုမစိုက်ပါ။
 
 
ဖန်ယွီက အားလုံးကို တိတ်တိတ်ဆိတ်ဆိတ် နေရန် အချက်ပြလိုက်၍ တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။
 
 
ဖန်ယွီက ပရိသတ်များကို ဖြန့်ကျက် ကြည့်ရှုလိုက်ပြီး ခါးကိုင်းကာ ဂါရဝပြုလိုက်သည်။
 
"ပထမဆုံးအနေနဲ့ မီဒီယာမိတ်ဆွေများကို ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်။ဒါနဲ့ ကျွန်တော့်ကို ခဏခဏ မြင်နေရလို့ စိတ်ပျက်နေပြီလား။ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ပြဿနာကြီးကြီးမားမားပဲ ဖြစ်ဖြစ် သေးသေးမွှားမွှားပဲ ဖြစ်ဖြစ် ကျင်းပလေ့ရှိတဲ့ သတင်းစာ ရှင်းလင်းပွဲတိုင်းကို ကိုယ်စားပြု ပွဲတက်ရတာ ကျွန်တော် တစ်ယောက်တည်းပါပဲ။ ကျွန်တော်က ရုပ်ရည်ကြည့်ကောင်းနေလို့ ပွဲတက်မင်းသား အရွေးခံရတာပေါ့ဗျာ။ မဟုတ်ဘူးလား"
 
သတင်းထောက်များ ရယ်မောကြသည်။
 
 
"ဟုတ်ပါပြီဗျာ။ အဓိကအကြောင်းအရာကိုသာ ဦးတည်ကြတာပေါ့။ အရေးကြီးတဲ့ကိစ္စကိုပဲ လေးလေးနက်နက် စကားပြောကြတာပေါ့"
 
 
ထိုစကားကို ပြောဆိုပြီးနောက် ဖန်ယွီက ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး သူ့နောက်ကျောဘက်ခြမ်းမှာ ရှိသော ဧရာမ ပရိုဂျက်တာကို ကြည့်လိုက်သည်။ သို့သော်လည်း တံခါးပေါက်မှာ အုတ်အုတ်သဲသဲ အော်သံများကို ရုတ်ခြည်းကြားရသည်။ ချွမ်ရဲ့က အမည်းရောင် ကုတ်အင်္ကျီ နှင့် အပြာရောင် နေကာမျက်မှန်ကို ဝတ်ဆင်ကာ လူအုပ်စုကြီးကို ထိုးဖောက်လာသည်။
 
 
"ငါ မပါဘဲ ပွဲစလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ"
 
 
ဖန်ယွီက ချွမ်ရဲ့ကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်သည်။
 
"ချွမ်သူဌေးကို ကြိုဆိုပါတယ်ဗျာ"
 
"ဝိုး ဘယ်လိုဖြစ်ရတာလဲ။ ငါတစ်ယောက်တည်း ပွဲတက်ရဲတဲ့ သတ္တိရှိတာလား။ ငါ့ရဲ့အဖိုးတန် ထျန်းနင်လေး နဲ့ မို့သူဌေး ဘယ်ရောက်နေလဲ"
 
ချွမ်ရဲ့က ခနဲ့တည့်တည့် ပြောဆိုလာသည်။
 
ဖန်ယွီက ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် စကားပြန်ပြောသည်။
 
"ငါတို့ ထျန်းနင်က မင်းကို မြင်ရတာ အော့နှလုံးနာတယ်တဲ့။ ငါတို့သူဌေးကတော့ အလုပ်ရှုပ်နေလို့ မင်းလို ပေါ်ကြော့သူဌေးသားအတွက် အချိန်မဖြုန်းနိုင်ဘူးတဲ့"
 
ဖန်ယွီက မဖော်ရွေသော လေသံဖြင့် စကားပြန်ပြောသည်။
 
 
ချွမ်ရဲ့ကြောင့် သူ့အချစ်လေး ဟွားကျင်းကျင်းကို လေဆိပ် လိုက်မပို့ရ၍ ဒေါကန်မိသည်။
 
 
"ခင်ဗျား ဘယ်လိုလေသံနဲ့ လာပြောနေတာလဲ"
 
ချွမ်ရဲ့က ယခုလို စော်ကားမော်ကား ပြောဆိုသော စကားမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူလည်း ဒေါသထွက်မိသည်။
 
"မင်းရဲ့လုပ်ရပ်တွေကြောင့် မင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးဖို့ မတန်ဘူး"
 
 
"ထျန်းနင်နဲ့ငါက ပတ်သက်နေတာကို မင်းတို့တွေ ပြောင်းလဲလို့ မရပါဘူး"
 
 
ဖန်ယွီက ချွမ်ရဲ့ကို တစ်ချက်လေးမျှပင် မကြည့်ပါ။ သူ့နောက်မှာရှိနေသော ဖန်သားပြင်ပေါ်မှ ခလုတ်ကို ညွှန်ပြကာ သက်သေထုတ်ပြရန် ပြင်ဆင်ပါသည်။
 
 
***
အပိုင်း(၂၉၆)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now