Ep 244+245+246

158 10 0
                                    

အပိုင်း(၂၄၄)

ဖက်ထားချင်တယ်

 
 
 
လုံကျဲက ဖုန်းကို ငေးကြောင်ကြည့်ကာ တွေဝေနေမိသည်။ ကားထဲမှ အပြင်ထွက်လိုက်ပြီး လုချယ်နေထိုင်သည့် အဆောက်အဦထဲ ဝင်ရောက်လိုက်သည်။ လုချယ် တံခါးမပိတ်ထား၍ အခန်းတံခါးကို တွန်းဖွင့်ပြီး အခန်းထဲဝင်လိုက်သည်။
“စာရွက်ရှာဖို့ လှမ်းခေါ်တာလား။ အိမ်ဖွဖို့ ကူညီခိုင်းတာလား”
လုံကျဲ အတော်လေးကို အံ့ဩမိသည်။ သူမက ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ပြီး လုချယ်၏ အပြာရောင်ဖိုင်တွဲလေးကို ကူညီရှာပေးသည်။
“စိတ်ညစ်ပါတယ်။ အဲဒီစာဖိုင်က အရမ်းကိုအရေးကြီးတယ်”
လုချယ်က ခေါင်းမော့လိုက်ပြီး ရုံးစားပွဲခုံလေးကို လေးတိလေးတွဲ မှီထားလိုက်သည်။
“စိတ်မညစ်နဲ့နော်။ ငါ့တာဝန်သာ သဘောထားလိုက်တော့။ ခဏအနားယူလိုက်ဦး ငါ့ဘာသာငါ ရှာလိုက်မယ်”
လုံကျဲက သူ့ကို ပထုတ်သည်။
“စာရွက်ပျောက်တိုင်း ဒီလိုပဲ အိမ်ကိုရှုပ်အောင်ဖွပြီး လိုက်ရှာတတ်တာလား”
လုချယ်က ဘာဆိုဘာမှ ပြန်မပြောဘဲ အခန်းအပြင်ဘက်ကို ခပ်သွက်သွက် ပြေးထွက်သွားလိုက်သည်။
လုံကျဲ သူ့ဘေးနားမှာ နေထိုင်ရန် ယခုလို နည်းလမ်းမျိုးကိုသာ အသုံးပြုရလိမ့်မည်။
စာကြည့်ခန်းထဲမှ ထွက်လာပြီးနောက် လုချယ်က အေးစက်စက်နံရံလေးကို မှီထားလိုက်ပြီး သူ့စိတ်တည်ငြိမ်သွားအောင် အကောင်းဆုံး ကြိုးစားရသည်။ ယခုလို အလိမ်အညာလေးက သူ့ရင်ကို တဒိတ်ဒိတ် ခုန်စေရသည့်အကြောင်းအရင်းကို တွေးတောရခက်ခဲနေသည်။
လုံကျဲက လုချယ်၏စာကြည့်ခန်းကို နောက်တစ်ကြိမ် သန့်ရှင်းရေးလုပ်ခဲ့သည်။ အခန်းတစ်ခန်းလုံး နေရာလပ်မကျန်အောင် ရှာဖွေပြီးမှ အရေးကြီးသောစာဖိုင်ကို ကြမ်းပြင်ပေါ်မှာ မြင်တွေ့လိုက်ရသည်။ နာမည်ကျော်သူဌေးကြီး၏ လက်ထောက်ဖြစ်နေသော အရေးကြီးသည့်စာဖိုင်ကို တွေ့ရာနေရာထားခြင်းက ဖြစ်သင့်ဖြစ်သနည်း။ ကြမ်းပြင်ပေါ်မှာ ပစ်ချထားရန် လိုအပ်မည်နည်း။
လုချယ်က သူမကို သူ့အိမ်မှာ ဆက်နေချင်သည့်ရည်ရွယ်ချက် ရှိနေနိုင်သည်။
လုံကျဲ၏နှလုံးသားလေးက လုချယ်ကြောင့် ဗျာများနေသည်။ သူ့အခန်းကို သန့်ရှင်းရေးလုပ်နေရင်း သူမ၏စိတ်ကူးများက အရိုင်းဆန်လာသည်။ လုံကျဲက စာရွက်တချို့ကို အမြင့်ဆုံး စင်မြင့်ပေါ်တင်ရန် ခြေဖျားထောက်လိုက်သည်။ သူမ၏အရပ်က သာမန်မျှရှိသော်လည်း မမီမကမ်းဖြစ်နေသည်။ သို့သော်လည်း သူမ အခက်ကြုံနေချိန် လုချယ်က သူမ၏နောက်ကို ရုတ်တရက် ရောက်လာပြီး သူမကိုယ်စား စာရွက်စာတမ်းများကို စင်မြင့်ပေါ်တင်ပေးလိုက်သည်။
လုံကျဲ လှည့်ကြည့်လိုက်၍ ခန္ဓာကိုယ်ချင်း ထိလုနီးပါးဖြစ်နေသည်။
လုံကျဲ ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။ လုချယ်ကို တွန်းထုတ်ချင်ပါသော်လည်း လုချယ်က သူမထက် အရင်ဆုံး စကားပြောလာသည်။
“အပြင်ဘက်မှာ နှင်းမိုးတွေရွာနေတယ်။ အခြေအနေ ဆိုးရွားလွန်းတယ်။ ဒီညတော့ အိမ်မပြန်နဲ့တော့။ နှင်းတောထဲ တစ်ယောက်တည်းကားမောင်းတာ အန္တရာယ်များလွန်းပါတယ်”
“နင်က ဘာကိုပြောချင်တာလဲ”
လုံကျဲ၏နှလုံးသားလေး တဒိတ်ဒိတ်ခုန်လွန်း၍ အပြင်ခုန်ထွက်သွားမည်ကို စိုးရိမ်နေရသည်။ လုချယ်ဘက်မှ သာမန်ထက် ထူးကဲသည့်ကိစ္စမျိုးလုပ်လာလျှင် သူ့ကို တွန်းထုတ်မိလိမ့်မည်။
“တကယ် နှင်းတွေလွှမ်းနေလို့ပါ”
ဘယ်သူက နှင်းကျတဲ့အကြောင်းကို မေးနေလို့လဲ ငတုံးအောင်ရဲ့။ လုံကျဲမှာ ငိုချင်ရဲ့လက်တို့ ဖြစ်နေပါသည်။ သူမသာ ဤအခွင့်အရေးကို လွဲချော်သွားခဲ့လျှင် နောက်ထပ် အခွင့်အရေးထပ်ရရန် ကြန့်ကြာနေမည်မှန်းသိနေ၍ ရှင်းရှင်းလင်း ဖြစ်စေချင်သည်။ အကယ်၍ သူမ၏ခံစားချက်က တစ်ဖက်သတ်ဖြစ်နေခဲ့လျှင် ဘာဆက်လုပ်ရမည်းနည်။
“နင်လည်း လူပျို၊ ငါလည်း အပျိုဆိုတာ နင်သိပါတယ်နော်”
“ငါမသိဘူး။ နင်က ငါ့သတိုးသမီးအလောင်းအလျာ”
“ငါတို့က ဟန်ဆောင်ပန်ဆောင်စုံတွဲလေ”
လုံကျဲ ဇောချွေးပြန်နေပါပြီ။
လုချယ်ဘက်မှ မတုံ့ပြန်ခဲ့ပေ။ သို့သော်လည်း အလွန်အမင်း တုန်လှုပ်ဖွယ် အပြုအမူကို လုပ်ဆောင်သွားသည်။
လုချယ်က ရှေ့သို့ခါးကိုင်းလာပြီး လုံကျဲ၏ပါးကို ကမန်းကတန်း နမ်းလိုက်သည်။
သူ့အပြုအမူကြောင့် လုံကျဲ၏စိတ်ဝိညာဉ် နိုးကြားလာသလို ခံစားမိသည်။
“နင် .... နင် .... နင်။ ငါ ... ....”
“မင်းကို မထွက်သွားစေချင်လို့ ကိုယ်အခုလို လုပ်ခဲ့တာပဲ”
“ဘာလို့ ငါ့ကို မထွက်သွားစေချင်တာလဲ”
“မင်းကို မထွက်သွားစေချင်တဲ့ အကြောင်းအရင်းတွေတော့ အများကြီးရှိတယ်။ ရေပိုက် ပျက်နေတယ်။ ပြီးတော့ မီးကြိုးတွေပျက်နေတာလည်း ရှိတယ်”
လုချယ်က ခေါင်းမော့လိုက်ပြီး စာကြည့်ခန်းအပြင်ကို ညွှန်ပြလိုက်သည်။
လုံကျဲ ရယ်မောလိုက်သည်။
“ငါ မီးလည်း မပြင်တတ်ဘူး။ ရေပိုက်လည်း မဆက်လိုက်ဘူး။ နင်က ရေပိုက်ကျိုးနေတာကို ဒီအတိုင်း လက်ပိုက်ထိုင်ကြည့်နေတော့ နင့်အိမ်ကို ရေကြီးစေချင်တာလား”
လုချယ်က ရှက်ကိုးရှက်ကန်း ခေါင်းငုံ့ထားလိုက်သော်လည်း ခဏကြာသည်နှင့် ခေါင်းပြန်မော့လာသည်။
“ကိုယ်မင်းကို ဖက်ထားချင်တယ်”
လုံကျဲ ရှက်သွေးဖြာသွားသည်။ အခန်းမီးရောင်အောက်မှာ လုံကျဲက ညှို့ဓာတ်လွှမ်းနေသည်။ သူမက ရှေ့ကိုခြေတစ်လှမ်း ဖြည်းဖြည်းချင်း လှမ်းလိုက်ပြီး လုချယ်၏ရင်ခွင်ထဲ တိုးဝင်လိုက်သည်။
လုချယ် စိုးရိမ်စိတ် ဖြစ်မိသော်လည်း လုံကျဲကို တင်းကျပ်နေအောင် ဖက်ထားလိုက်သည်။
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထား၍ အနည်းငယ် နာကျင်ရသော်လည်း လုံကျဲအတွက် ပျားသကာရည်ကဲ့သို့ ချိုမြိန်နေသည်။ ထို့ကြောင့်လည်း လုချယ်ကို ဆက်ဖက်ခွင့်ပေးထားပြီး တစ်ယောက်ရင်ခုန်သံကို တစ်ယောက် နားစွင့်စေသည်။
“ဒီည မပြန်နဲ့တော့ အပြင်မှာ နှင်းတွေကျနေတာတော့ အမှန်ပဲ”
“ယောက်ျားတွေရဲ့စကားက ယုံကြည်ရတာ မဟုတ်ဘူး မနေခဲ့နိုင်ပါဘူး”
လုချယ်” ....”
“ကိုယ်က မင်းရဲ့မျက်နှာလေးကို ငေးကြည့်ရုံသက်သက်ပါ။ ကိုယ်ဖျားနေတဲ့ ညတုန်းကလည်း ဆိုဖာပေါ်မှာအတူတူ အိပ်ခဲ့တာပဲလေ။ ကိုယ့်ကို အထင်မလွဲပါနဲ့”
လုချယ်ကို တစ်မျိုးထင်မိမှန်း လုံကျဲ သဘောပေါက်သွားပြီး အားတုံ့အားနာ ဖြစ်မိသည်။ နှစ်ယောက်သား လက်ချင်းတွဲပြီး စာကြည့်ခန်းအပြင်ဘက်ကို ထွက်လာကာ ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။
သူတို့နှစ်ဦးသား စကားပြောရင်း အချိန်တွေကို ကုန်ဆုံးစေခဲ့သည်။ နောက်ဆုံးတော့ လုံကျဲလေး အိပ်ပျော်သွားပြီး ထိုမြင်ကွင်းကို လုချယ် ငေးကြည့်ပြီး ခပ်ဟဟရယ်မောမိသည်။
အရမ်း ချစ်ဖို့ကောင်းလွန်းသည်။
 
***
 
နောက်တစ်နေ့ မနက်ခင်းမှာ လုချယ်နှင့် လုံကျဲတို့ Hyatt Regencyကို အတူတူရောက်ရှိလာသည်။
ထျန်းနင်က သူတို့မျက်နှာကို အကဲခတ်ပြီး လုံကျဲ ရှက်နေမှန်း သတိပြုမိသည်။
“သတင်းကောင်းရှိရင်လည်း မျှဝေသင့်ပါတယ်နော်”
လုံကျဲက ထျန်းနင်၏ဘေးနားမှာ ထိုင်နေပြီး ပေါ့ပေါ့ပါးပါးပြုံးသည်။
“မနေ့ညက အကြောင်းကိုပြောပြဖို့ အချိန်မရသေးလို့ပါ။ ပြောပြမှာပေါ့ ကွယ်ဝှက်ထားစရာလား”
“နင်တို့နှစ်ယောက် သဘောထားချင်း တိုက်ဆိုင်သွားပြီပေါ့ ဟုတ်လား”
ထျန်းနင်က မသေမချာ မေးမြန်းလိုက်သည်။
“အင်း”
လုံကျဲ ခေါင်းညိတ်လိုက်သည်။
“ဒီဖျော်ဖြေရေးလောကမှာ ကိုယ်သဘောကျတဲ့သူကို တွေ့ဖို့ဆိုတာ လွယ်ကူရိုးရှင်းတာမှ မဟုတ်တာ။ အခက်အခဲတွေအားလုံးကို အကောင်းဆုံး ရင်ဆိုင် ကျော်ဖြတ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်”
“အသက်၂နှစ်လောက်ပဲကွာတာ ဘာများ ဂရုစိုက်နေရမှာလဲ”
“ဝနေလို့လည်း စိတ်မပျက်နဲ့ လုံကျဲ ငါစားသလိုလိုက်စား အပျိုချောလေး ဖြစ်သွားစေရမယ်”
“အဲလိုဆို လုချယ်နဲ့ မလိုက်ဖက်မှာ စိုးရိမ်ဖို့ မလိုအပ်တော့ဘူး”
လုချယ်က တံခါးအပြင်ဘက်မှာ မတ်တတ်ရပ်နေပြီး မဒမ်တို့ ပြောဆိုနေသည့် စကားဝိုင်းကြောင့် အနည်းငယ် စနိုးစနောင့်ဖြစ်မိသည်။ ထို့ကြောင့်လည်း သူဌေးကို အရင်ဆုံးသွားတွေ့ရန် ဆုံးဖြတ်မိသည်။
မို့ထင်က ဗီဒီယိုကောလ် ပြောနေခြင်း အဆုံးသတ်မှ လုချယ်ကို မော့ကြည့်လာသည်။
“မနေ့ညက လုပ်ခိုင်းထားတဲ့ ပရိုပရမ် ပြီးသွားပြီလား”
“ပြီးပါပြီ”
လုချယ်က သတင်းအချက်အလက်များကို လှမ်းပေးလိုက်သည်။
“ရုပ်မြင်သံကြားစတူဒီယိုကို ဆက်သွယ်လိုက်တော့။ ၁၀ရက်ကြာရင် ကျင်းပမယ်”စူပါအင်တာဗျူးပွဲ”ကို တက်ဖို့ ထျန်းနင်ကိုလည်း အသိပေးလိုက်”
မို့ထင် ညွှန်းကြားလိုက်သည်။
“ဒါပေမဲ့ မဒမ်ရဲတင်ပါးဒဏ်ရာ”
“လုပ်ခိုင်းသလိုသာ ဆက်လုပ်လိုက်ပါ။ ငါ့မှာ အစီအစဉ်ရှိပါတယ်။ ဒါက ငါတို့နိုင်ငံမှာ အကောင်းဆုံး အင်တာဗျူးအစီအစဉ်ပဲ။ ထျန်းနင်ရဲ့အဆင့်အတန်းကို ထိပ်တန်းမော်ဒယ်ဘဝ ရောက်အောင် ကူညီပေးနိုင်တယ်”
 
 
***

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now