အပိုင်း (၃၀၁)
နောက်ရက်အနည်းငယ်အတွင်း မို့ထင်က ကြယ်ဘုရင်ဖျော်ဖြေရေးကို စီမံ့ခန့်ခွဲရန် အလုပ်ရှုပ်နေလိမ့်မည်။
ထျန်းနင်က မို့ထင်ကို အရမ်းမပင်ပန်းစေချင်၍ သူမ၏အလုပ်တချို့ကို ရပ်ဆိုင်းထားရန် လုံကျဲကို စေခိုင်းထားသည်။
ထိုစဉ် ပြင်သစ်နိုင်ငံမှ ဒီဇိုင်းနာ Fearlesက သူမကို အီမေးလ် ပို့လာသည်။ 'Stupid'ရုပ်ရှင်ဇာတ်ကားမှ အမျိုးသမီးဇာတ်ကောင် ဝတ်ဆင်မည့် သူတို့ဖန်တီးထားသော ဝတ်စုံကို သူမကို ပထမဆုံး ပြချင်သည်။ ဝတ်စုံဒီဇိုင်းကို ထျန်းနင် မြင်မြင်ချင်း အမျိုးသမီးဇာတ်ဆောင်၏ ကိုယ်ရည်ကိုယ်သွေးကို ခန့်မှန်းကြည့်နိုင်သည်။
အမျိုးသမီးဇာတ်ဆောင်က ပညာမတတ်ပါ။ စားသောက်ဆိုင်မှာ ပန်းကန်ဆေး အလုပ်ဝင်လုပ်စဉ် အနုပညာရှင် တစ်ဦးက သူမကို သတိထားမိသွားသည်။ အနုပညာလောကထဲ ဝင်ရောက်ပြီးနောက်ပိုင်း သူမ၏ဒေါသစိတ်ကို မထိန်းချုပ်နိုင်ခဲ့၍ ကုမ္ပဏီအများစု၏ ပိတ်ပင်ခြင်းကို ခံရသည်။
သို့သော်လည်း ချမ်းသာကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်၏ အကူအညီဖြင့် ဖျော်ဖြေရေးလောကထဲ နောက်တစ်ကြိမ် ဝင်ရောက်လာခဲ့သည်။ ငွေကြေးအင်အား အထောက်အပံ့ကြောင့် ထိပ်တန်း သရုပ်ဆောင် နေရာကို နှစ်၃၀တိုင်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။
အမျိုးသားဇာတ်ကောင်နှင့် သူမတို့ မည်သို့မည်ပုံ ပတ်သက်ခဲ့သနည်း။ ချမ်းသာကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်က သူမကို ထောက်ပံ့ပေးနေစဉ် အမျိုးသမီးဇာတ်ကောင်က သူမ၏အပျိုစင်ဘဝကို သူဌေးကြီးအား မပေးအပ်ချင်ခဲ့ပေ။ ထို့ကြောင့်လည်း အဓိကဇာတ်ဆောင် မင်းသား၏ဖခင် ထူးချွန်သော အားကစားသမားနှင့် တွေ့ဆုံကာ တစ်ညတာ ပျော်ပါးခဲ့သည်။
ဤဇာတ်ကောင်က သူ့တစ်ဘဝလုံး ကလေးဆန်သော အပြုအမူများ လုပ်ဆောင်ကာ အချိန်ကုန်ဆုံးခဲ့သည်။ သို့သော်လည်း လက်တွေ့ဘဝမှာ သူမက အခက်ခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရ၍ စိတ်ကမောက်ကမာ ဖြစ်ခဲ့ခြင်းသာ ဖြစ်၏။
Fearles၏ဝတ်စုံဒီဇိုင်းကို ကြည့်ရှုပြီးမှသာ အမျိုးသမီးဇာတ်ဆောင်၏ စရိုက် ရုပ်လုံးကြွလာသည်ဟု ခံစားမိသည်။
အမျိုးသမီးဇာတ်ဆောင်က ဇာတ်ဝင်ခန်း များများစားစား မပါဝင်ပေ။ ထို့ကြောင့်လည်း အလုပ်နားထားသော ထျန်းနင်က ဇာတ်ညွှန်းလေးကို ဖတ်ရှုပြီး မှန်ရှေ့ရပ်ကာ သရုပ်ဆောင်နေသည်။
သူမ၏အပြုအမူကို အလုပ်ရှုပ်နေသော လုံကျဲက သတိထားမိသွားသည်။
"ထျန်းနင်၊ နင် ဘာလုပ်နေတာလဲ"
"ဘာမှထွေထွေထူးထူး မလုပ်ပါဘူး"
ထျန်းနင်က ဇာတ်ညွှန်းကို ပိတ်ကာ တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်။
လုံကျဲက ထျန်းနင်ကို မယုံကြည်မိ၍ ထျန်းနင်အနား ချဉ်းကပ်လာသည်။ ထျန်းနင် မှန်ရှေ့မှာ မတ်တတ်ရပ်နေတည်းက ထျန်းနင် လက်ထဲမှ ဇာတ်ညွှန်းစာရွက်ကို လုံကျဲ သတိထားမိသည်။ ထျန်းနင်က အသက်မွေးလမ်းကြောင်း ပြောင်းလဲပစ်ရန် ကြံရွယ်နေသည်လော။
"နင် သရုပ်ဆောင်ချင်လို့လား"
"ငါလား၊ ငါတော့ မင်းသမီး မဖြစ်နိုင်ပါဘူး။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ရင် ငါ့မှာ အခြေခံတောင် မရှိတာ ဘယ်လို သရုပ်ဆောင်မလဲ"
ထျန်းနင် ခေါင်းခါသည်။
ဇာတ်ကောင်စရိုက်ကို စိတ်ဝင်စားသည့် စိတ်အခြေအနေ ပြင်းထန်၍သာ မှန်ရှေ့ရပ်ကာ သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
"နင့်ကိုယ်နင် နှိမ့်ချလွန်းနေပါပြီ"
လုံကျဲက ထျန်းနင် ဘေးနား ထိုင်လိုက်သည်။
"ငါ ဒီအိမ်အထိ ရောက်လာရတာ ဒီဖိတ်စာ ကြောင့်ပဲ"
လုံကျဲက ထျန်းနင်ကို ဖိတ်စာလေး ကမ်းပေးသည်။
"နင့်ကို ဖိတ်ထားတဲ့ ပွဲအားလုံးကို ငြင်းပစ်လိုက်တယ်"
"အဆင်ပြေတယ်"
ထျန်းနင် ခေါင်းညိတ်သည်။
"ထျန်းနင်၊ ဒီရက်ပိုင်းအတွင်း နင့်ကို လာကမ်းလှမ်းတာ မှန်သမျှက နာမည်ကြီး တံဆိပ်တွေချည်းပဲ။ နင့်ကြောင့် ငါ ပျော်ရပါတယ်"
လုံကျဲက ထျန်းနင်ကို မှီကာ တအံ့တဩ စကားပြောသည်။
"အထူးသဖြင့် သူဌေးကြီးနဲ့ နင့်ရဲ့ အချစ်ရေးကို ဖွင့်ချလိုက်တည်းက နင်တို့နှစ်ယောက်ကို သူတို့ပွဲတက်စေချင်တဲ့ လုပ်ငန်းရှင်တွေ အများကြီးပဲ"
"နင် ငါ့ကို အမှန်တိုင်း ဖြေနော် လုံကျဲ၊ နင် ဒီရက်ပိုင်း ဝိတ်လျော့နေတာလား"
လုံကျဲ နည်းနည်း ပိန်သွားသည်ဟု ထျန်းနင် ခံစားမိသည်။
"နင့်ကို ဘာမှဖုံးကွယ် ထားလို့ မရဘူးပဲ။ ငါတို့အလုပ်နားထားတဲ့ အချိန် Gymသွားတယ်။ ရလာဒ်က သိပ်မဆိုးရှာပါဘူး"
လုံကျဲက မတ်တတ်ထရပ်ပြီး ခန္ဓာကိုယ်ကို လှည့်ပြသည်။
ထျန်းနင် လည်ချောင်းရှင်းလိုက်သည်။
"ဘယ်လိုဖြစ်လို့ ရုတ်တရက် ဝိတ်လျော့လိုက်တာလဲ။ ဝဝကစ်ကစ်လေးလည်း နင်နဲ့ လိုက်ဖက်ပါတယ်။ ကြည့်ကောင်းအောင် ပိုတောင် စားသင့်သေးတယ်"
"အမြဲတမ်း..."
လုံကျဲ မျက်နှာက နီမြန်းသွားပြီး ထျန်းနင်ဘေးနား ပြန်ထိုင်သည်။
"လုချယ် အိမ်ကိုသွားလည်တိုင်း သူနဲ့ငါ မက်မက်မောမော နမ်းရှိုက်ပါတယ်။ ဒါပေမဲ့ အဆုံးသတ်ခါနီးဆို သူ့ပုံစံကြည့်ရတာ နာကျင်နေသလိုပဲ၊ အမြဲတမ်း ဆိုဖာပေါ်မှာပဲ အိပ်တယ်၊ ငါက ပုံဆိုးပန်းဆိုး ဖြစ်နေလို့များလား တွေးတွေးမိတယ်..."
"သူ ဘာကြောင့် နာကျင်နေရလဲ နင် တကယ် မသိတာလား"
ထျန်းနင် မေးမြန်းသည်။
"ကိုယ်အလေးချိန် လျှော့ချင်သေးတယ်။ မိန်းမတွေက သူတို့ချစ်တဲ့ သူရှေ့မှာ ပြီးပြည့်စုံတဲ့သူပဲ ဖြစ်ချင်တာ မဟုတ်ဘူးလား"
"လုချယ်က ပိန်ပိန်ဝဝ စိတ်ထဲ မထားလောက်ပါဘူး၊ နင် ဘယ်လိုလူစားမျိုးလဲ ဆိုတာ သူ သိပြီသားလေ လုံကျဲရဲ့။ ပြီးတော့ နင်တို့ ဆက်ဆံရေးက တည်မြဲနေပါပြီ၊ ဘယ်အချိန် လက်ထပ်မယ် စိတ်ကူးထားလဲ"
"မမြန်လွန်းဘူးလား"
လုံကျဲ ပြန်ဖြေသည်။
"ငါပြောချင်တာက ငါက လွတ်လွတ်လပ်လပ် နေချင်သေးလို့ပါ"
"ငါ ဒီနေ့ နင့်စီ လာလည်တာ ဖိတ်စာပေးဖို့ပဲ၊ ဒီပွဲကတော့ အရေးကြီးလို့ လက်ခံလိုက်တယ်။ အ ည၇နာရီ ရွှေရောင်လွှမ်းဟိုတယ်မှာ ပွဲကျင်းပမယ်"
ထိုစကားကိုပြောပြီးနောက် လုံကျဲ မတ်တတ်ထရပ်ပြီး ထျန်းနင်ကို စကားပြောသည်။
"မြို့အနောက်ဖက်စွန်းမှာ ဖွင့်ထားတဲ့ ကိတ်မုန့်လေး စားချင်လို့ ငါ အခုပဲ သွားဝယ်တော့မယ်"
"သွားတော့လေ၊ ကားကို ဂရုစိုက်မောင်းပါ လုံကျဲ"
ထျန်းနင်က ဝေးကွာသွားသော လုံကျဲကို ကြည့်ကာ ခေါင်းခါသည်။
လုံကျဲပြောသည့် အချိုပွဲဆိုင်က တစ်နေ့ ပွဲ၁၀၀သာ ရောင်းချပေးလေ့ ရှိသည်။ ယခုချိန်မှ သွားရောက်ဝယ်ယူလျှင် လုံကျဲအတွက် ပွဲတစ်ပွဲတလေပင် မကျန်နိုင်ပါ။ လုချယ်က အချိုပွဲဆိုင် ကောင်းကြောင်း ကြွားဝါခဲ့သော အဖြစ်အပျက်ကို တွေးတောနေစဉ် လုံကျဲ ကားကို အရှိန်မြှင့်လိုက်သည်။ သို့သော်လည်း ခွေးနှင့်လမ်းလျှောက် ထွက်လာသော အဘွားအိုက ကားလမ်းကို ရုတ်တရက် ဖြတ်ကူးသည်။ လုံကျဲက ကြောက်လန့်တကြား ကွေ့လိုက်၍ လမ်းအကာအရံကို ဝင်တိုက်မိသည်။
ဖရိုဖရဲဖြစ်နေသော အခြေအနေမှာ လုံကျဲက ကွဲကြေသွားသော ပြတင်းပေါက်မှန်ကို ခေါင်းဖြင့် ဝင်တိုက်မိသည်။ မူးဝေသော ခံစားချက်ကို ခဏတာ ခံစားပြီးနောက် မူးလဲသွားသည်။
သူမ သတိပြန်ရလာချိန်မှာ ဆေးရုံပေါ် ရောက်နေပါပြီ။
လုချယ်က သူမ၏ဆေးရုံကုတင်ဘေးမှာ မတ်တတ်ရပ်နေပြီး အခြေအနေကို ဆရာဝန်နှင့် ဆွေးနွေးနေသည်။
ခဏကြာပြီးနောက် ဆရာဝန် ထွက်ခွာသွားပြီး လုချယ်က သူမအနား လာထိုင်သည်။
"သတိရလာပြီလား၊ ဘယ်နေရာ အဆင်မပြေသလို ခံစားရလဲ"
လုံကျဲ ခေါင်းခါပြသည်။
"ဒီရက်ပိုင်းအတွင်း ကိုယ်ဘယ်လောက်အထိ အလုပ်ရှုပ်ခဲ့ရလဲ သိရဲ့လား"
"ရှင့်အချိန်ကို ဖြုန်းမိသလို ဖြစ်သွားလား"
"အလုပ်ရှုပ်သွားလဲ ကိစ္စမရှိပါဘူး၊ အခုဟာက သေမတတ် လန့်ဖျပ်သွားရတာလေ"
လုချယ် သက်ပြင်းချသည်။
"မင်းက စည်းမဲ့ကမ်းမဲ့ ကားမောင်းတတ်တဲ့သူ မဟုတ်ပါဘူး"
"ကျဲအာက ရှင့်အတွက် အချိုပွဲလေး သွားဝယ်ပေးချင်တာ၊ အချိန်မီ မရောက်ရင် ဆိုင်ပိတ်သွားမှာ ကြောက်တယ်၊ ရှင့်မှာ ကြယ်ဘုရင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ အလုပ်ရှုပ်နေလို့ အားလပ်ချိန်တောင် မရတော့ ရှင့်ကို ဂုဏ်ပြုပေးချင်တာပါ"
"နောက်ပြီးရှင်က အဲဒီအချိုပွဲ ကောင်းကြောင်း ခဏခဏ ပြောဖူးတယ်လေ"
လုံကျဲ ရှင်းပြသည်။
"ကိုယ် ခဏခဏ ပြောနေရတာက ကျဲအာ ဝိတ်လျှော့တာကို စွန့်လွှတ်စေချင်လို့ပါ။ ကိုယ် တကယ် မစားချင်ပါဘူးကွာ"
လုံကျဲ
"..."
"ဒါဆိုရင် ငါက ကိုယ့်ဒုက္ခကိုယ် ရှာသလို ဖြစ်သွားတာပေါ့"
လုံကျဲက မကျေမနပ် ရေရွတ်သည်။
"ကိုယ့်ကို နေ့ဝက်လောက် အလုပ်ရှုပ်သွားစေတယ်လေ"
လုံကျဲက လုချယ်ကို မကျေမနပ် လက်သီးဖြင့် လှမ်းထိုးသော်လည်း လုချယ်က အချိန်မီ ဟန့်တားနိုင်ခဲ့သည်။
"ဝက်ကလေး၊ ကိုယ်နဲ့အတူတူ အိမ်ပြန်မယ်နော်"
"အွန်း"
လုချယ်က လုံကျဲကို ထူမပေးသည်။
ခွေးနှင့်အတူတူ ကားလမ်းဖြတ်ကူးသော အဘွားအိုက လုံကျဲကို တောင်းပန်ရန် အခန်းအရှေ့မှာ စောင့်နေသည်။
"မိန်းကလေးရယ် အဘွားတောင်းပန်ပါတယ်။ အဘွားရဲ့ခွေးကို ထိန်းဖို့ အဘွားက တော်တော် အိုနေပါပြီ"
"အဆင်ပြေပါတယ်၊ သမီး ဘာမှ မဖြစ်ပါဘူး"
လုံကျဲက အလျင်စလို ပြန်ပြောသည်။
"စိတ်ထဲ မထားပါနဲ့နော်"
"ဆေးရုံခန်းခ ရှင်းပြီးပါပြီ၊ အဘွားက အသက်လည်းကြီးနေပါပြီ၊ တုန်ရီနေတဲ့ အဘွားက ခွေးမထိန်းနိုင်လောက်တော့ဘူး"
လုံကျဲက အဘွားအို၏လက်ကို ချည်နှောင်ထားသော ကြိုးကိုကြည့်လိုက်သည်။ ခွေးကြီးကို စောင့်ရှောက်ရန် အဘွားအတော်ကလေး ကြိုးစား အားထုတ်ရမည်။ ထို့ကြောင့် လုံကျဲ ကမ်းလှမ်းလိုက်သည်။
"ဒီခွေး သမီးတို့ကို ပေးလိုက်ပါလား"
အဘွားအိုက သူတို့လက်ထဲ ခွေးအပ်ပေးလိုက်သည်။ လုချယ်က လုံကျဲ၏ထက်သန်သော စိတ်ဓာတ်ကို တားဆီး မရမှန်း သိနေ၍ လက်မြှောက် အရှုံးပေးထားသည်။
နောက်ဆုံးတော့ ခွေးလေးကို ခေါ်ဆောင်ကာ သူတို့စုံတွဲ အိမ်ပြန်လာခဲ့သည်။
သို့သော်လည်း အိမ်ပြန်ရောက်သည်နှင့် လုံကျဲ ပူပန်စပြုလာသည်။
"ငါတို့တွေ ခွေးလှောင်အိမ် ဝယ်ခဲ့သင့်တယ်။ ဒီညတော့ ထားစရာ မရှိတော့ သူ့ကို ဆိုဖာပေါ်သိမ့်လိုက်၊ ရှင်က ဘယ်မှာ အိပ်မလဲ"
လုချယ်က လုံကျဲပခုံးပေါ်လက်တင် လိုက်ပြီး လုံကျဲကို အိပ်ခန်းထဲ ခေါ်သွားသည်။
"ဒီည အိပ်ရာပေါ်မှာ အိပ်မယ်လေ"
လုံကျဲက စိုးရိမ်တကြီး ရင်ဘတ်ကို လက်ဖြင့်ကွယ်လိုက်ပြီး
"လက်မထပ်ခင် အတူနေတာကို ငါ သဘောမကျဘူးနော်"
***
အပိုင်း (၃၀၂)