Ep 247+248+249

136 8 0
                                    

အပိုင်း(၂၄၇)

သူဌေးကြီးကိုရော စင်ပေါ် ခေါ်ပေးလို့ မရဘူးလား

 
 
 
“အားလုံးပဲ မင်္ဂလာပါ ဒီတစ်ပတ်ရဲ့ စူပါအင်တာဗျူ အစီအစဉ်မှ ကြိုဆိုပါတယ်။ ကျွန်မကတော့ အစီအစဉ်တင်ဆက်သူ လင်းနင်ပါ”
ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ၏ အဖွင့်စကားသံက ကြည့်ရှုသူအားလုံး၏နားထဲ လွင့်မျောလာပြီး စင်နောက်မှာ ရှိနေသော ထျန်းနင်ကို အနည်းငယ် စိတ်လှုပ်ရှားစေသည်။
ယနေ့ ထျန်းနင်က ရိုးရှင်းသော အမည်းရောင် အေလိုင်း ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး နူးညံ့ ပျော့ပျောင်းသော ဆံနွယ်လေးများကို အနည်းငယ်မြင့်ကာ လျော့တိလျော့ရဲ ချည်နှောင်ထားသည်။ မိတ်ကပ်အပြင်အဆင်ကလည်း ထျန်းနင်နှင့် လိုက်ဖက်မှု ရှိနေ၍ ထျန်းနင်၏လှပသော ရုပ်ရည်လေးကို ပို၍ ပေါ်လွင်စေသည်။
ထျန်းနင်၏တင်ပါးဒဏ်ရာကြောင့် မို့ထင်က သူမကို ဒေါက်မြင့်ဖိနပ်များ စီးခွင့် မပေးခဲ့သလို အကွေးအဆန့် မလွယ်ကူသော လှုပ်ရှားမှုများကို လုပ်ဆောင်ခွင့် မပေးခဲ့ပေ။
ထျန်းနင်ကို မတ်တတ် အကြာကြီး မရပ်ခိုင်း၍ ကူကယ်ရာမဲ့သော ခံစားချက်ကြီးကို ခံစားလာရသည်။ မနေ့ညက သူမကို အားအင်ကုန်ခန်းသည်အထိ နှိပ်စက်ခဲ့သူက မည်သူပါလိမ့် သံသယဝင်မိလာသည်။
“ကဲ ငါတို့အားလုံးရဲ့ နာမည်ကျော်မော်ဒယ်လေး ထျန်းနင်ကို ဖိတ်ခေါ်လိုက်ရအောင်ကွယ်”
အစီအစဉ်တင်ဆက်သူ၏ အချက်ပြသံကြောင့် ထျန်းနင် စင်ပေါ်တက်ရန် အသင့်ပြင်ထားသည်။ ထိုစဉ် မို့ထင်က သူမ၏ဆံပင်လေးကို ဖွဖွလေးသပ်ပေးပြီး နှစ်သိမ့်လာသည်။
“ကိုယ် မင်းကို ဒီနေရာကနေ အားပေးနေမယ်နော်။ ကိုယ် ဘယ်မှ မသွားပါဘူး။ မကြောက်နဲ့ စိတ်မလှုပ်ရှားနဲ့နော်”
ထျန်းနင် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ထျန်းနင်က ရုပ်မြင်သံကြား စတူဒီယိုထဲ ဝင်ရောက်သွားပြီး အစီအစဉ်တင်ဆက်သူ၏ ဖိတ်ကြားမှုကို လက်ခံကာ ဆိုဖာပေါ် ထိုင်လိုက်လေသည်။
ပရိသတ်များကို အကျဉ်းချုပ် နှုတ်ဆက်ပြီးနောက် အစီအစဉ် တင်ဆက်သူက ထျန်းနင်၏တင်ပါး ဒဏ်ရာနှင့် ပတ်သက်သော မေးခွန်းများ မေးမြန်းရန် အစပျိုးလာသည်။
“ထျန်းနင် မင်းရဲ့တင်ပါးဒဏ်ရာ သက်သာရဲ့လား။ အဆင်ပြေရဲ့လား။ ထျန်းနင်ရဲ့ပရိသတ်တွေက ထျန်းနင်ရဲ့ကျန်းမာရေးအတွက် မစိုးရိမ်ရအောင် ဒီမေးခွန်းလေးကို အရင်ဆုံး မေးလိုက်မယ်နော်”
ထျန်းနင်က ခန္ဓာကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး ပရိသတ်ဘက်လှည့်ကာ ပြုံးလိုက်သည်။
“ဒဏ်ရာက သက်သာနေပါပြီ။ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေက လွဲရင် တခြား လှုပ်ရှားမှုလေးတွေကို အေးအေးဆေးဆေး လုပ်ဆောင်နိုင်ပါတယ်”
အစီအစဉ် တင်ဆက်သူက ထျန်းနင်ကို အကဲခတ်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
“ထျန်းနင်က ခန္ဓာကိုယ်ကို ကောင်းကောင်း ထိန်းသိမ်းနိုင်တာပဲ။ လျှို့ဝှက်နည်းလမ်းလေးတွေများ ရှိနေလို့လား။ ပရိသတ်ကြီးကို မျှဝေပေးပါဦး”
“ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေ စားတယ်။ လေ့ကျင်ခန်းလည်း ပုံမှန် လုပ်ဆောင်ပြီး ဝိတ်လျှော့ပါတယ်။ ဒါက သိပ္ပံနည်းကျတဲ့ အကောင်းဆုံးနည်းလမ်းပဲလေ”
ထျန်းနင် လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
“ထျန်းနင် နေကောင်းတယ် ကြားရတာ သတင်းကောင်းပဲပေါ့။ ဒါဆိုရင်တော့ ဒီနေ့ရဲ့ စူပါအင်တာဗျူး အစီအစဉ်ကို စတင်လိုက်ရအောင်နော်”
“ကျွန်မတို့ရဲ့အစီအစဉ်လေးက ကျွန်မတို့ရဲ့ဧည်သည်တော်ကြီးတွေကို အခက်တွေ့စေမယ် မေးခွန်းမျိုး မမေးပါဘူး”
“ဒါပေမဲ့ ကဏ္ဍတစ်ခုချင်းစီမှာ ထျန်းနင်ကို ခေါင်းပူစေမယ် အဖြေသုံးခုလောက်တော့ ပါနိုင်ပါတယ်။ စိတ်ကို အကောင်းဆုံး ပြင်ဆင်ထားလိုက်ပါဦး”
“အင်တာဗျူး မစတင်ခင် မေးခွန်းလေး တစ်ခုကို အရင်ဆုံးမေးပါ့မယ်”
ထိုစကားကို ပြောပြီးနောက် အစီအစဉ် တင်ဆက်သူ ထိုင်ခုံဘေးနားမှာ ချထားသော Tabletလေးကို ယူဆောင်လိုက်ပြီး အများမြင်သာအောင် ပြသလိုက်သည်။
အစီအစဉ်တင်ဆက်သူက ပခုံးလေးကို ဆတ်ခနဲ တွန့်လိုက်ပြီး ဖြေရှင်းချက်ပေးသည်။
“ဒါက ကျွန်မ ပြင်ဆင်ထားတဲ့ မေးခွန်း မဟုတ်ပါဘူး။ ပရိသတ်တွေ မေးထားတဲ့ မေးခွန်းစာရင်းထဲက ထုတ်နုတ်လာတာပါ။ ဒါကြောင့် ထျန်းနင် ဖြေပေးနိုင်မလား။ ဘယ်လို မန်နေဂျာမျိုးက ပြီးပြည့်စုံတဲ့ မန်နေဂျာ ဖြစ်နိုင်မလဲ”
ထျန်းနင် ဖြေရခက်ခဲနေ၍ မျက်နှာပေါ်မှာ ကူကယ်ရာမဲ့သော ခံစားချက်များ ဖြစ်ပေါ်နေသည်။
“မို့ထင်က ထျန်းနင်လိုချင်တဲ့ စံနှုန်းနဲ့ ကွက်တိပါပဲ”
“အား”
စတူဒီယိုခန်းမဆောင်မှ ဝမ်းသာအားရ အော်သံများ ထွက်ပေါ်လာသည်။
ထျန်းနင်က သူတို့မေးထားသော မေးခွန်းကို လှည့်ပတ် ရှောင်တိမ်းလိမ့်မည်ဟု မျှော်လင့်ခဲ့မိသော်လည်း ထျန်းနင်က အရိုးသားဆုံး ဝန်ခံလာသည်။
ပရိသတ်အားလုံး၏အရှေ့မှာ သူတို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာကို ဖွင့်ဟဝန်ခံလာ၍ မိန်းကလေးပရိသတ်များ၏နှလုံးသားလေး တဒိတ်ဒိတ်ခုန်လာသည်။
“ရှူးတိုးတိုး”
အစီအစဉ်တင်ဆက်သူက အုတ်အော်သောင်းနင်း ဖြစ်နေသော အခြေအနေကို ထိန်းချုပ်လိုက်သည်။
“ပရိသတ်တွေလည်း အချိုတွေ စားပြီးသွားပြီဆိုတော့ အင်တာဗျူး အစီအစဉ်လေးဘက် လှည့်ကြရအောင်ကွယ်”
“ကျွန်မတို့အဖွဲ့က ထျန်းနင်ရဲ့စိတ်ခံစားချက်လေးကို သိရအောင် မေးခွန်းလေးတွေ ပြင်ဆင်ထားပါတယ်။ ပထမဆုံး စာသားလေးကတော့ ‘၉’နှစ်တဲ့”
“ဒီစကားလုံးလေးကို ကြားရတော့ ထျန်းနင်စိတ်ထဲ ဘယ်လိုခံစားရလဲ”
ထျန်းနင် ခဏတာ တွေးတောပြီးနောက် ပြန်ဖြေလာသည်။
“ထျန်းနင် သေဆုံးသွားပြီး အသက်ပြန်ရှင်လာတယ်လို့ ခံစားမိတယ်”
“ဒါနဲ့ ပတ်သက်ပြီး အသေးစိတ် ရှင်းပြပေးလို့ ရမလား”
“ဟုတ်ကဲ့ရှင့်၊ ပြောရရင်တော့ မော်ဒယ်အလုပ်က သရုပ်ဆောင်အလုပ်နဲ့ သိပ်မကွာလှပါဘူး။ အချိန်အကြာကြီး အလုပ်လုပ်လို့ မရဘူး။ နုပျိုမှုတွေနဲ့ ခန္ဓာကိုယ် ကြည့်ကောင်းအောင် ထိန်းသိမ်းနိုင်ဖို့လည်း လိုအပ်တယ်။ လူတိုင်းက မော်ဒယ်တွေကို ဘယ်လို မြင်နေလဲဆိုတော့ အတွေ့အကြုံ နုနယ်တဲ့ တက်သစ်စလေးတွေလိုပဲ မြင်နေကြတယ်။ ငွေကြေးနဲ့ ခန္ဓာကိုယ်ကို လဲလှယ်တတ်တဲ့ မော်ဒယ်တွေ ရှိတတ်ကြတော့ မော်ဒယ်လို့ ကြားလိုက်တာနဲ့ မကောင်းတာနဲ့ပဲ တွဲမြင်တတ်တဲ့ တချို့လူတွေလည်း ရှိကြတယ်”
“ဒါပေမဲ့ လူအမျိုးမျိုး စိတ်အထွေထွေပါ။ ထျန်းနင်ရဲ့အတွေ့အကြုံအရတော့ မော်ဒယ်ဆိုတာ တခြားသူတွေ အလှအပကို ရှာဖွေတတ်အောင် ကူညီပေးတဲ့လူလို့ပဲ သတ်မှတ်ထားတယ်”
“၉နှစ်အတွင်း ထျန်းနင်ရဲ့ဘဝက ကောင်းတစ်လှည့်ဆိုးတစ်လှည့် ဖြစ်ခဲ့တာပါ။ အခြေအနေမျိုးစုံကို ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ထျန်းနင်ရဲ့အလုပ်က အလှအပပေါ် အဓိကထားတယ်လို့ ယုံကြည်ထားတော့ အမြဲလှပနေအောင် ခန္ဓာကိုယ်ကို ထိန်းသိမ်းတယ်။ အနှစ် ၉၀ကြာခဲ့လို့ မော်ဒယ် ဆက်လျှောက်ခွင့်ရသေးရင်တောင် လှပတဲ့ အဝတ်အစားလေးတွေကို ရွေးချယ်ဝတ်ပြီး တခြားသူတွေ အလှအပကို ရှာဖွေနိုင်အောင် ကူညီပေးဦးမယ်”
“သေဆုံးသွားတယ်လို့ ဘာလို့ခံစားခဲ့ရလဲဆိုရင် အောင်မြင်မှု တိုးတက်မှု လုံးဝ မရှိခဲ့တဲ့ အခြေအနေအထိ ထိုးဆင်းသွားခဲ့လို့ပါ။ မင်း ဘာပဲပြောပြော ဘာအမှားပဲလုပ်နေလုပ်နေ ဘယ်သူကမှ အရေးမစိုက်သလို ကျယ်ပြောလှတဲ့ လောကကြီးမှာ ကိုယ့်အတွက် နေရာတစ်နေရာစာတောင် မရှိတဲ့အခါ ခံစားရတဲ့ ခံစားချက်မျိုးပေါ့”
“ဒါပေမဲ့လည်း မင်း ဆက်ပြီးတော့ အသက်ရှင်နေဖို့ လိုအပ်တယ်။ ဒါမှ မင်းရဲ့အိပ်မက်တွေကို ဆက်ပြီးတော့ အကောင်အထည်ဖော်နိုင်မယ်။ မင်း ရှေ့ဆက်လျှောက်ရမယ့် အနာဂတ်လမ်းတွေ အများကြီး ရှိပါသေးတယ်”
အစီအစဉ်တင်ဆက်သူက လက်ခုပ်ဩဘာပေးရန် ပရိသတ်များကို လက်ဟန်အမူအရာ ပြသလိုက်သည်။
“ထျန်းနင်က ခေါင်းအေးအေးနဲ့ ပြဿနာကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်တတ်သူပဲ”
“ဟုတ်ပါတယ် ထျန်းနင်က ဒီလိုလူစားမျိုးပါ”
“ဒါဆိုရင် သိက္ခာချခံရရင်ရော ထျန်းနင် ဘယ်လို တုံ့ပြန်တတ်လဲ။ ထျန်းနင် ဒေါသထွက်မလား၊ ကသိကအောက် ဖြစ်လား”
“ကျွန်မ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြဿနာကို ရင်ဆိုင်မှာပါ။ ဘာကိုမှ တုန်လှုပ်နေမှာ မဟုတ်ဘူး”
ထျန်းနင်က မရှင်းပြခင် ရယ်မောလိုက်သည်။
“ဘာလို့ဆို ကျွန်မက ကျန်းမာရေးနဲ့ ကောင်းမွန်အောင် နေထိုင်ပြီး အကောင်းမြင်စိတ်ထားမယ်လို့ ဆုံးဖြတ်ထားတဲ့သူပဲ။ ကျွန်မကို မကြိုက်တဲ့ ပရိသတ်တွေကို ကောလာဟလ သတင်းတွေက လွှမ်းမိုးသွားလို့ ကျွန်မကို ခဏတော့ ပြစ်တင်ပြောဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူတို့တွေအားလုံးက တစ်သက်လုံး မကောင်းမြင်နေတာ မဟုတ်ပါဘူး။ မကောင်းတဲ့ အတင်းအဖျင်းတွေက သူတို့စိတ်ကို တစ်သက်လုံး လွှမ်းမိုးထားလို့ မရပါဘူး”
“သူတို့မှာ ကိုယ်ပိုင် စဉ်းစားတတ်တဲ့ ဆင်ခြင်တုံတရား ရှိပြီသားပါ။ သူတို့တွေက ထျန်းနင်ရဲ့စိတ်ရင်းအမှန်နဲ့ ထျန်းနင် ဘယ်လိုလူစားလဲဆိုတာ တစ်ချိန်ချိန်မှာ သိသွား နိုင်လောက်ပါတယ်။ ဒီလို ယုံကြည်ချက်မျိုးသာ ထားခဲ့ရင် အရာရာ အဆင်ပြေသွားမှာပါ”
“ထျန်းနင်က အကောင်းမြင်စိတ်လေး ထားနိုင်တယ်လို့ ကျွန်မလည်း ခံစားမိပါတယ်။ ဒါကြောင့်လည်း မုန်းတဲ့သူတွေရဲ့ တမင်တကာ အကောက်ကြံ တိုက်ခိုက်မှုတွေကို ထျန်းနင် ဂရုစိုက်နေဖို့ မလိုအပ်တော့ဘူးလေ”
အစီအစဉ်တင်ဆက်သူက ဒုတိယမေးခွန်း ဆက်မမေးခင် ခေါင်းညိတ်လိုက်သည်။
“တို့ကတော့ ဧည်သည်တော်ကြီးတွေကို အကြံအိုက်စေတဲ့ မေးခွန်းတွေ မေးရတာ သဘောကျတယ်။ ကဲ ဒုတိယမေးခွန်းလေး မေးတော့မယ်နော်။ မို့ထင်နဲ့ထျန်းနင်ရဲ့ ဆက်ဆံရေးက ဘယ်လို အခြေအနေမျိုးလဲဆိုတာ ငါတို့အားလုံးကို ပြောပြနိုင်မလား”
ဤတစ်ကြိမ်တွင် ပရိသတ်များ၏အော်သံက ပိုကျယ်လောင်လာသည်။
ထိုစဉ် အွန်လိုင်းပေါ်မှာ စောင့်ကြည့်နေသော ပရိသတ်များက စူပါအင်တာဗျူး ဝက်ဆိုက်ပေါ်မှာ အပြိုင်အဆိုင် ကော်မန့်များ ရေးသားကြသည်။ အစီအစဉ်က ပရိသတ်အားလုံး သိချင်နေသော မေးခွန်းကို ကိုယ်စားပြုမေးမြန်းပေး၍ အစီအစဉ်ကို ချီးမွမ်းနေကြသည်။
“ထျန်းနင်၊ တုန်လှုပ်သွားပုံပဲ၊ ဟား ဟား ဟား”
“ထျန်းနင် ဘယ်လိုတုံ့ပြန်မလဲ စောင့်ကြည့်ကြရအောင်”
“Liveကြည့်နေတဲ့ ပရိသတ်အရေအတွက် ကြည့်စမ်းပါဦး။ တစ်ခါမှ မရဖူးတဲ့ စံနှုန်းပဲ”
“သခင်မလေး ထျန်းနင်ရေ အရိုးသားဆုံး ဖြေပေးရင် အကောင်းဆုံးပဲနော်”
ထျန်းနင်က ခေါင်းလေးငုံ့ကာ ရယ်မောလိုက်သည်။
“ဘာလို့များ ဖြေရခက်တဲ့မေးခွန်းကြီး မေးရတာလဲ”
“ထပ်ပြောပြရစေနော်၊ ဒီမေးခွန်းတွေက ကျွန်မ မေးထားတာ မဟုတ်ပါဘူး။ ပရိသတ်တွေ မေးချင်နေတဲ့ မေးခွန်းပါ”
ထျန်းနင်က ဟန်မပျက် ပြုံးနေသည်။
“ဒီလိုမေးခွန်းမျိုးကို မဖြေရဘူးလို့ ထျန်းနင်ရဲ့မန်နေဂျာက ပြောထားပါတယ်”
“မန်နေဂျာကြီးက ဘယ်အချိန်တုန်းက ပြောလိုက်တာလဲ”
အစီအစဉ်တင်ဆက်သူ မေးမြန်းလိုက်သည်။
ထျန်းနင်က စင်နောက်ဘက်ကို လက်ညှိုးထိုးပြသည်။ မို့ထင်က သူမကို မပြောရန် လက်ဟန်အမူအရာ ပြသနေသည်။
အစီအစဉ်တင်ဆက်သူ အခြေအနေကို နားလည်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။
“မင်းရဲ့မန်နေဂျာက စင်နောက်မှာ စောင့်ကြည့်နေတော့လည်း ထပ်မမေးရဲတော့ပါဘူး။ ဒါဆိုရင်တော့ ပရိသတ်တွေက ထျန်းနင်ရဲ့မန်နေဂျာကိုပဲ ကိုယ်တိုင်ကိုယ်ကျ သွားမေးသင့်ပါတယ်”
“ဪ ဒါနဲ့မန်နေဂျာကြီးက စင်နောက်မှာ ရှိနေတာမလား။ မန်နေဂျာကြီးကို စင်ပေါ် ခေါ်ပေးလို့ မရဘူးလား”
“ထျန်းနင်ရဲ့မန်နေဂျာကို စင်ပေါ်တက်လာပေးဖို့ တောင်းဆိုပါရစေ”
“ထျန်းနင်နဲ့ မန်နေဂျာကြီးကို စင်ပေါ်မှာ အတူတူတွဲ မြင်ချင်လို့ပါ”
ပရိသတ်များက အော်ဟစ် တောင်းဆိုလာသည်။
 
 
***

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Où les histoires vivent. Découvrez maintenant