စာစဉ်(၂၄) Ep 331+332+333

120 10 0
                                    

အပိုင်း(၃၃၁)


"ထျန်းနင်၊ နင် အရင်တုန်းက သရုပ်ဆောင် အလုပ် မလုပ်ဖူးတာ သေချာပါတယ်နော်"

တစ်စုံတစ်ယောက်က မေးမြန်းလာသည်။
"လုံးဝ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ပါဘူး။ ဒီလို သရုပ်ဆောင်အဆင့်နဲ့ဆိုရင် သရုပ်မဆောင်ဖူးတာ မဖြစ်နိုင်ဘူး"

"ငါတို့ မျှော်လင့်ထားတဲ့ ရလဒ်နဲ့ ပြောင်းပြန်ဖြစ်နေတော့ ပါးစပ်အဟောင်းသား ဖြစ်အောင် အံ့ဩရပါတယ်"


သူတို့စိတ်ကြိုက် ဝေဖန်ပြီးနောက် စတူဒီယို ခန်းမဆောင်ကြီးက နောက်တစ််ကြိမ် တိတ်ဆိတ်သွားပြန်သည်။


ထို့နောက် ပြင်သစ်ဒါရိုက်တာ Coqueက မတ်တတ်ထရပ်ပြီး ထျန်းနင်၏ သရုပ်ဆောင်စွမ်းရည်ကို လက်ခုပ်တီး ချီးမွမ်းသည်။ ထို့နောက် တခြားသူများလည်း ချီးမွမ်းစကား ပြောဆိုကြသည်။


"မင်း တကယ်ပဲ အရင်တုန်းက သရုပ်မဆောင်ဖူးတာလား"


လက်ထောက်ဒါရိုက်တာက ထျန်းနင်၏အရည်အချင်းကို သံသယဝင်မိ၍ တအံ့တဩ မေးမြန်းလာသည်။


"တစ်ခါမှ သရုပ်မဆောင်ဖူးဘူး"


"ဒါဆိုရင် ဇာတ်ကောင်စရိုက်ကို ဘယ်လိုမျိုး စိတ်နှစ်လိုက်လဲ"


လက်ထောက်ဒါရိုက်တာက ထျန်းနင်၏ အရည်အချင်းကို လက်ဖျားခါမိသည်။ ထျန်းနင်က မော်ဒယ် ဖြစ်သည့်အပြင် သရုပ်ဆောင်ပညာရပ်ကို တစ်ခါလေးမျှ မသင်ယူခဲ့ဖူးပေ။ ယခုသရုပ်ဆောင်ခြင်းက ထျန်းနင်၏ပထမဆုံး ကြိုးပမ်းမှု ဖြစ်နေသည်။ ယွဲ့ရှမ်ရှမ် နှင့် ထျန်းနင်မှာ ကိုယ့်အရည်အချင်းကိုယ် ရှိကြသော်လည်း ထျန်းနင်က ယွဲ့ရှမ်ရှမ်ထက် ပို၍ အသေးစိတ် သရုပ်ဆောင်နိုင်၍ ပိုထူးချွန်သည်။ အသင့်လျော်ဆုံး နည်းလမ်းဖြင့် ဇာတ်ကောင်စရိုက်ကို အသက်သွင်းသွားနိုင်သည်။


တက်သစ်စ သရုပ်ဆောင်တစ်ဦးအနေဖြင့် ဇာတ်ကောင်စရိုက်ကို အလျင်အမြန် အသက်သွင်းရန် မလွယ်ကူလှချေ။


သရုပ်ဆောင်ကျောင်းမှာ လေးနှစ် အချိန်ဖြုန်းခဲ့သည့် သရုပ်ဆောင်များက ထျန်းနင်လောက် သရုပ်ဆောင်နိုင်စွမ်း မရှိပေ။ မျက်နှာအမူအရာ တောင့်တောင့်တင်းတင်းကြီး နှင့် ဇာတ်ညွှန်းပါ စာသားကို အသက်မပါဟန်သာ ပြောဆိုတတ်ကြသည်။ အကြိမ်ပေါင်းများစွာ လေ့ကျင့်မှသာ အဆင်ပြေသည့် အခြေအနေကို ရောက်သည်။ ထျန်းနင်၏သရုပ်ဆောင်စွမ်းရည်ကြောင့် သူတို့အားလုံး အလွန်အမင်း အရှက်ရမိသည်။


ထျန်းနင်က ခေါင်းငုံ့ထားပြီး ပြန်မဖြေခင် ပြုံးနေသည်။

"ကျွန်မမှာ ထူးကဲတဲ့ နည်းလမ်း မရှိပါဘူး။ သရုပ်ဆောင်တဲ့အချိန် ကျွန်မက အဲဒီသူ အဖြစ် ပြောင်းလဲသွားရုံပါ"

ထိုစကားကို ပြောပြီးနောက် ထျန်းနင်က လူအုပ်စုကြီးအနား ချဉ်းကပ်လိုက်၍ နောက်ဘက်ခြမ်းမှာ မတ်တတ်ရပ်နေသော မို့ထင်ကို ရိပ်စားမိသွားသည်။



"ဒါ ဒါက..."


လက်ထောက်ဒါရိုက်တာ နှင့် တခြားသူအားလုံးလည်း တုန်လှုပ်သွားသည်။ ထိုစဉ် ပြင်သစ်ဒါရိုက်တာ Coqueကလည်း သူ့လက်ထဲမှ ပစ္စည်းများကို အောက်ချထားလိုက်ပြီး မို့ထင်အနား သွားကာ လက်ဆွဲနှုတ်ဆက်သည်။

"သရုပ်ဆောင်တာ တကယ့်ကို အရည်အချင်း ရှိတယ်။ မင်း ထျန်းနင်ရဲ့ အရည်အချင်းကို ဖုံးကွယ်ထားလို့ မရဘူး ပြောရဲတယ်။ သရုပ်ဆောင်ပိုင်းမှာ အောင်မြင်မှာက ရှိုးလ်ပွဲတွေမှာ အောင်မြင်မှာထက် သာလွန်မယ်လို့ ရဲရဲကြီး ပြောရဲတယ်"


မို့ထင်က သူ့လက်ကို ဆန့်ထုတ်ပြီး Coqueနှင့် လက်ဆွဲနှုတ်ဆက်သည်။ ထို့နောက် သူ့မျက်ဝန်းများက ထျန်းနင်ကို စောင်းငဲ့ကြည့်လိုက်ပြီး ယုံကြည်ချက်ရှိရှိ ပြုံးပြသည်။ ထျန်းနင် အကောင်းဆုံး သရုပ်ဆောင်နိုင်ခြင်းသည် သဘာဝတရားက ပေးသော အကောင်းဆုံး လက်ဆောင်မွန်ဟု သူ့အပြုံးများက အဓိပ္ပါယ်ဖော်နေသည်။ ထျန်းနင်က သူ့ချစ်ဇနီးလေး ဖြစ်နေ၍ အတော်ဆုံး မိန်းကလေး ဖြစ်နေသည်ဟုလည်း ယူဆမိသည်။


တကယ်တမ်း မို့ထင်လည်း တခြားသူများ နည်းတူ အံ့ဩမိသည်။ ထျန်းနင် သရုပ်ဆောင်ခြင်းကို သူလည်း ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။


ထျန်းနင်ကို ရှိုးလ်ပွဲများတွင်သာ မြင်တွေ့ရလေ့ ရှိပြီး သူမ၏ယုံကြည်မှု နှင့် ပွဲတက်စင် ဖြင့် ရင်းနှီးနေသော ခံစားချက်ကိုသာ မြင်တွေ့ဖူးသည်။


ဤတစ်ကြိမ်တွင် ထျန်းနင်၏အရည်အချင်းကြောင့် သူ့မျက်ဝန်းများ လင်းလက်ခဲ့သည့် အပြင် ချစ်စိတ်ဟုန်များ တရိပ်ရိပ်တိုးလာသည်။


သရုပ်ဆောင်ခွင့် ပေးခဲ့ခြင်းဖြင့် ထျန်းနင်၏ တခြားသော အကျင့်စရိုက်ကို မြင်တွေ့ခွင့်ရသည်။ ထျန်းနင်က ထူးထူးကဲကဲ စိတ်ဝင်စားစရာ ကောင်းနေသည်။


ခဏကြာပြီးနောက် မို့ထင်က ထျန်းနင်၏ခါးကို လူကြားထဲ ဖက်လိုက်ပြီး ဆံနွယ်များကို ဖွဖွလေး နမ်းရှိုက်သည်။ ထို့နောက် သူ စကားပြောသည်။

"ချစ်လေးရဲ့လမ်းကို ဘယ်သူမှ ပိတ်လို့ မရမှန်း ကိုယ် သိပါပြီ"

ယခုသာ လူတိုင်းက မို့ထင်ရောက်လာခြင်းကို သတိပြုမိသွား၍ မျက်နှာပိုးပြင်ကြသည်။


ထျန်းနင်က မို့ထင်ကို ကြည့်ကာ ပြုံးပြသည်။ ထို့နောက် သူ့ရင်ခွင်ထဲမှ တိုးထွက်ကာ အားလုံးကို ယဉ်ကျေးပျူငှာစွာ စကားပြောသည်။

"ကျွန်မ ရိုက်ကွင်းမှာ ဆက်နေသင့်လား ထွက်သွားသင့်လား အားလုံး ဆုံးဖြတ်ပေးကြပါ။ ကျွန်မ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်"

"မင်းသာ သရုပ်ဆောင်စွမ်းရည်ကို ဒီအတိုင်းထိန်းထားနိုင်ရင် ငါတော့ ခြေရော လက်ရော မြှောက်ပြီး မင်းကို ထောက်ခံတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ မင်းကို ဆက်နေခွင့်ပြုပါတယ်"

လက်ထောက်ဒါရိုက်တာက ပထမဆုံး ထျန်းနင်ကို ထောက်ခံစကား ပြောဆိုသည်။

လူတိုင်း ရယ်မောကြသည်။ သူတို့လည်း လက်ထောက်ဒါရိုက်တာနှင့် အတွေးတူသည်ဟုလည်း ခံစားမိသည်။


ထို့ကြောင့် ရုပ်ရှင်ထုတ်လုပ်ရေး တစ်ဖွဲ့လုံးက သဘောတူညီကြောင်း လက်မြှောက်ကြသည်။


ထိုမြင်ကွင်းကြောင့် ထျန်းနင် မှင်တက်သွားသည်။ ထိုစဉ် မို့ထင်က သူမကို တံတောင်ဖြင့် တွတ်သည်။


ထျန်းနင်က မိန်းမောနေသည့် အခြေအနေမှ အသိပြန်ဝင်လာပြီး လူတိုင်းကို ဦးညွှတ်သည်။

"ဒီဇာတ်ရုပ်ကို လက်ခံလိုက်ရတာ ကျော်ကြားမှုကြောင့်ရော ကံတရားကြောင့်ရော မဟုတ်ပါဘူး။ ဇာတ်ညွှန်းရေး စာရေးဆရာရဲ့ အိပ်မက်ကို ဖြည့်ဆည်ပေးချင်တဲ့ ဆန္ဒကြောင့်ပါ။ ဒါကြောင့် ဒီအလုပ်ကနေ အနုပညာကြေး မယူပါဘူး။ ရိုက်ကူးရေးကာလမှာ ပြဿနာတစ်ခုခု ကြုံရင် ဒါရိုက်တာက ကျွန်မကို ကြိုက်တဲ့အချိန် ထုတ်ပစ်လို့ရပါတယ်"

"အရိုးသားဆုံး ဝန်ခံရရင် ထျန်းနင်က တကယ့်ကို ရိုးသားတာပဲ။ ငါတို့အားလုံးကို ကယ်တင်ချင်လို့ ရိုက်ကွင်းကို ရောက်လာတာပဲ။ ပရိသတ် တစ်ယောက်ကြောင့် ရိုက်ကူးရေးကို ရပ်တန့်ပြီး ငါတို့ တစ်ဖွဲ့လုံးကို စွန့်ပစ်ခဲ့တဲ့သူနဲ့ ယှဉ်လိုက်ရင် ထျန်းနင်က ပိုအဆင်ပြေတယ်"


"ဟုတ်တယ်။ ထျန်းနင်ကို အထင်သေးခဲ့မိလို့ အရှက်ကွဲရရင်တောင် အဲဒီကံကြမ္မာကို ငါ လက်ခံလိုက်ပြီ။ နောက်ဆို မော်ဒယ်တွေကို အထင်မသေးတော့ဘူး"


"ဒီအရည်အချင်းကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်။ ငါတို့လည်း စောင့်ကြည့်ပေးနိုင်မှာပါ"


ထျန်းနင်က သူတို့ဆွေးနွေးသံများကို နားစွင့်ပြီးနောက် သူမ၏ကြိုးစားမှု အချည်းနှီး မဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူမ၏အောင်မြင်မှုကို သက်သေထူနေသည်လော။


လုံကျဲကလည်း ထျန်းနင်အနား ပြေးလာပြီး ထျန်းနင်၏လက်ကို ဖမ်းဆုပ်ကာ ရင်တမမဖြင့် ပြောဆိုလေ၏။

"ဘုရားသခင်က လုံးဝ မမျှတဘူးနော်။ နင့်ကို တခြားသူထက် ထူးကဲတဲ့ ခြေတံသွယ်လေးတွေ ပေးသနားထားတဲ့ အပြင် ပါရမီရှင် သရုပ်ဆောင်စွမ်းရည်ကိုလည်း ချီးမြှောက်ထားသေးတယ်"

"အခုမှ ဇာတ်ဝင်ခန်း တစ်ခန်းတည်းကို သရုပ်ဆောင်ရ သေးတယ်။ အထင်ကြီးတာ မစောလွန်းဘူးလား အစ်မတော်ရယ်။ တခြားဇာတ်ဝင်ခန်းတွေ အများကြီး ရှိသေးတယ်။ အားလုံးကို သရုပ်ဆောင်ပြီးမှ တကယ့်ရလဒ်ကို ကြည့်ကြတာပေါ့"


"ဒါနဲ့ လင်းရှန်ကို မမြင်မိပါလား"

လုံကျဲက ပတ်ဝန်းကျင်ကို အကဲခတ်သည်။ ထိပ်တန်းသရုပ်ဆောင်မင်းသားက အစမ်းလေ့ကျင့်မှုကို မကြည့်ခဲ့၍ သူနှင့် အဆင်ပြေအောင် ပိုကြိုးစား အားထုတ်ရမည်နည်း။

"သူ့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်နဲ့။ သူနဲ့ အတူတူ တွဲရိုက်ရမယ် ဇာတ်ဝင်ခန်းမှ မရှိတာလေ"


"ဪ ဟုတ်သား။ နင်က သူ့အမေနေရာက သရုပ်ဆောင်ရမှာပဲ"

လုံကျဲက ရုတ်တရက် ထရယ်သည်။

ထျန်းနင်က မို့ထင်ကို လှည့်မကြည့်ခင် ကူကယ်ရာမဲ့ ခေါင်းခါသည်။

"ရှင် မလာပါဘူးလို့ ကျွန်မကို ကတိပေးထားတယ်လေ။ မို့သူဌေး၊ ရှင်က ကျွန်မကို လှည့်စားချင်တာလား"

"ကိုယ်သာ မရောက်လာရင် မင်းရဲ့သရုပ်ဆောင်စွမ်းရည်ကို မြင်ခွင့် ရပါ့မလား"

မို့ထင်က ထျန်းနင်ကို သူ့ကားထဲ ဆွဲခေါ်သွားသည်။
"မင်းက ကိုယ် မျှော်မှန်းထားတဲ့ မျှော်လင့်ချက်ထက် သာလွန်တယ်"

"ဒါပေမဲ့ 'ထင်'သာ ရောက်မလာရင် ဒီထက်ပို အံ့ဩရမှာပါ"

ထျန်းနင်က ရယ်ကာမောကာဖြင့် မို့ထင်၏လက်ကို ဖမ်းဆုပ်သည်။
"သရုပ်ဆောင်တာ ချစ်လေးအတွက် မခက်ခဲဘူးဆိုတာ ယောက်ျား သိသွားပြီမလား။ ပညာတွေ အများကြီးတောင် ထုတ်မသုံးရသေးဘူးနော်။ ချစ်လေးက ကိုယ့်အတွေးကို ဖုံးကွယ်ရတာ တော်ပြီး ပုံဖော်နိုင်စွမ်းရှိတော့ သရုပ်ဆောင်ကောင်းရဲ့ ထင်ရှားတဲ့ လက္ခဏာတွေလေ"

"သရုပ်ဆောင်ကောင်းရဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားရတာ သိရင်လည်း သရုပ်ဆောင်တာကို ပိုအာရုံစိုက်ပေါ့ ချစ်လေးရယ်။ တခြားကိစ္စတွေကို ကိုယ် ဖြေရှင်းလိုက်မယ်နော်"


ထျန်းနင်က ခေါင်းညိတ်လိုက်ပြီး စောနက သူမ သရုပ်ဆောင်ခဲ့သည့် ဇာတ်ဝင်ခန်းကို ပြန်တွေးတောနေသည်။ သူမက တခြားသူတစ်ယောက် အဖြစ် ပြောင်းလဲသွားသည်ကို တွေးမိိတိုင် ပြင်းထန်သော စိတ်အားထက်သန်မှုများ တဟုန်ထိုး တောက်လောက်လာသည်။


"ရုပ်ရှင် ခိုးရိုက်နေပေမဲ့ ဖက်ရှင်ပွဲမှာ ချစ်လေးမရှိတာ တခြားသူတွေ သတိထားမိသွားနိုင်တယ်"


"ကိုယ့်မှာ အစီအစဉ် ရှိပါတယ်"

မို့ထင် နှစ်သိမ့်သည်။
"နောက် နှစ်ရက်ကျော်တာနဲ့ လုံကျဲနဲ့ ရိုက်ကွင်းက အဖွဲ့သားတွေက ချစ်လေးကို အဖော်ပြုပေးလိမ့်မယ်။ ကိုယ် မင်းအနား ရှိရင်တော့..."

"ယောက်ျား အနားမှာရှိရင်တော့ သူတို့တွေက ချစ်လေးနဲ့ ဝေးဝေးမှာ နေရမယ်ပေါ့ ဟုတ်လား"

ထျန်းနင်က မို့ထင်၏အတွေးကို နားလည်နိုင်စွမ်း ရှိသည်။
"ချစ်လေး နားလည်တယ်။ ယောက်ျားစီစဉ်ပေးတာကို ချစ်လေး သဘောပေါက်တယ်။ အရေးကြီးအဆုံးအချက်က ချစ်လေး အခု ရိုက်ကွင်းရောက်နေတော့ ယောက်ျားလည်း အလုပ်အတွက် အရမ်းကြီး စိုးရိမ်ပူပန်စရာ မလိုအပ်တော့ဘူး"

***
အပိုင်း(၃၃၂)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)حيث تعيش القصص. اكتشف الآن