Ep 253+254+255

114 8 0
                                    

အပိုင်း(၂၅၃)

ကျန်းမန်နီနဲ့ အလုပ်အတူတူ တွဲလုပ်ရရင် မရှုံးစေနဲ့နော်

 
 
 
ထျန်းနင်က တခြားသူများ၏ အာရုံစိုက်ခံရခြင်းကို ရှောင်ရှားချင်၍ ကျန်းမန်နီနှင့် တတ်နိုင်သမျှ ခပ်ကင်းကင်း နေထိုင်ခဲ့သည်။
တရုတ်ပြည်မှာ ကျန်းမန်နီ ရှိနေသရွေ့ ထိပ်တိုက် မတွေ့ဆုံမိစေရန် အကောင်းဆုံး ကြိုးစားခဲ့ပြီး တချို့သော လူမှုရေး တိုက်ခိုက်မှုလေးများတွင် တမင်တကာ ခေါင်းငုံ့သည်းခံပေးခဲ့သည်။
သို့သော်လည်း ဘေးကနေကြည့်နေသူများက တခြားသူ၏ဘဝကို အရမ်းဝင်စွက်ဖက်နေမှန်း တရားလွန် ဖြစ်နေမှန်း ယခုထိတိုင် မသိကြသေးပေ။
{Tangning Vs Zhen Manni }သည် အွန်လိုင်းပေါ်တွင် လူကြိုက်အများဆုံး စာသားလေး ဖြစ်လာခဲ့ပြီး မဲခွဲရွေးချယ်နိုင်သော Pollလေးများလည်း ပေါ်ထွက်ခဲ့သည်။ ဤ မဲခွဲရွေးချယ်သော စစ်တမ်းလေးက Charleneနှင့် မသက်ဆိုင်ခဲ့ပေ။ အင်တာနက်ကို အရူးအမူး သုံးစွဲသူများက ကိုယ်တိုင်ကိုယ်ကျ ဖန်တီးပေးခဲ့ခြင်းသာ ဖြစ်သည်။
ပထမမော်ဒယ်က ပြိုင်ဘက်ကင်း မော်ဒယ်စွမ်းရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ဒုတိယတစ်ယောက်က ဟိုက်ဟွေ့ စီအီးအို၏ထောက်ပံ့မှု အပြည့်အဝ ရရှိထားသော တက်သစ်စလေး ဖြစ်နေသည်။
နောက်ဆုံးမှာ မည်သူက အထင်ကြီးလောက်စရာ အရည်အချင်းကို ပိုင်ဆိုင်ပြီး အွန်လိုင်းသုံးစွဲသူများ၏ အာရုံစိုက်မှုကို ပိုင်ဆိုင်နိုင်သနည်း။
ထိုမေးခွန်းက လူတိုင်းစိတ်ဝင်စားပြီး ရေဗန်းစားသော မေးခွန်း ဖြစ်နေခဲ့သည်။
ရက်သတ္တပတ် အနည်းငယ်ကြာပြီးနောက် ထျန်းနင်က မို့ထင် စီမံပေးထားသော အလုပ်ကို လက်ခံလိုက်ပြီး အလုပ်ရှုပ်နေခြင်းဖြင့် အတင်းအဖျင်းများကို ရင်ဆိုင်သွားရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း တစ်ညတွင် သူမကို ဟွာကျင်းကျင်း ဖုန်းဆက်လာပြီး TV မျှော်စင်မှာ တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။
ထျန်းနင်က မည်သူကိုမဆို ငြင်းပယ်တတ်သော်လည်း ဟွာကျင်းကျင်းက ခြွင်းချက် ဖြစ်သည်။ သူမ ဘယ်သွားမလဲ မို့ထင်ကို ပြောပြပြီးနောက် လုံကျဲနှင့်အတူတူ TV မျှော်စင်ဘက် ထွက်လာကြသည်။
 
***
 
Tangningသည် မြို့အပေါ်စီးမှ ပေကျင်း၏ညရှုခင်းကို ငေးမောကြည့်ရှုသည်။ သူမမြင်လိုက်ရသည့် လှပသော မြင်ကွင်းလေးက သူမ၏စိတ်အာရုံကို ညှို့ယူဖမ်းစားသွားသည်။
ဟွာကျင်းကျင်းက ဝိုင်နီတစ်ခွက်ကိုင်ပြီး သူမအနောက်ကို ရောက်လာသည်။
“ငါလက်ထပ်ချင်ပြီ”
ထျန်းနင်သည် စက္ကန့်ပိုင်းမျှအေးခဲသွားပြီး တအံ့တသြ လှည့်ကြည့်လာသည်။ “နင် ဘာလို့ ဒီလိုစကားတွေ ရုတ်တရက်ပြောရတာလဲ”
“ငါ ဘယ်နှနှစ်လောက် ထပ်ပြီး အချိန်ဖြုန်းရဦးမလဲ။ အပျိုဟိုင်းကြီး ဖြစ်ပါတော့မယ် အစ်မတော်ရယ်”
ဟွာကျင်းကျင်းက ထျန်းနင်ဘက် လမ်းလျှောက်မလာခင် သူမကိုယ်သူမ လှောင်ရယ်လိုက်သည်။
“ငါလက်ထပ်ချင်တယ်။ စဉ်းစားဉာဏ်ရှိတဲ့ခင်ပွန်းနဲ့ တည်ငြိမ်တဲ့ မိသားစုဘဝလေးကို လိုချင်တယ်။ ငါ က နိုင်ငံတကာတန်းဝင် စူပါမော်ဒယ်တစ်ယောက် ဖြစ်နေတော့ရော ဘာဖြစ်လဲ။ ဒီအလုပ်ကြောင့် ငါ့ပျော်ရွှင်မှုလေးကို ဖျက်ဆီးပစ်စရာလား”
ဟွာကျင်းကျင်းက ဘဝအနိမ့်အမြင့်အတက်အကျ လောကဓံကို ခံစားဖူးပြီသား ဖြစ်သည်။ ကျင်းကျင်း ယခုလို ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ခြင်းကား အံ့ဩစရာ မရှိပေ။
“အခုတလော ငါ့ကို ပိုးပန်းနေတဲ့ ပြင်သစ်အမျိုးသား တစ်ယောက်တော့ ရှိတယ်။ ငါ ဘဝသစ်ပြန်စချင်တယ်။ ငါ့နှလုံးသား တံခါးလေးကို ပြန်ဖွင့်ဖို့ ဆုံးဖြတ်လိုက်ပြီ။ အတိတ်မှာပဲ မနစ်မြုပ်နေသင့်ဘူးလေ”
“ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန် ဒီမော်ဒယ်လောကထဲက ထွက်သွားရတော့မှာပဲ။ ငါ့ဘဝကို နွေးထွေး လုံခြုံမှုပေးမယ် လက်တွဲဖော်ကောင်းကို ရှာသင့်ပြီ။ ငါမရှိတော့ရင် ကျန်းမန်နီက နင့်ယောက်ျားနဲ့ နင့်ကို ပိုခြိမ်းခြောက်လာနိုင်တယ်”
ဟွာကျင်းကျင်းနှင့် သူငယ်ချင်း ဖြစ်ခွင့်ပေးခဲ့သည့် ကံကြမ္မာကို ထျန်းနင် ကျေးဇူးတင်မိသည်။ ထျန်းနင် အပြုံးကလေး ဆင်မြန်းကာ စကားပြောလာသည်။
“ငါတို့ မကြောက်ပါဘူး ....”
“နင် မကြောက်သလို သူဌေးမိုလည်း မကြောက်ဘူး မလား။ မို့သူဌေး အကြောက်ဆုံးက နင် ထိခိုက်ဒဏ်ရာ ရမှာပဲနော်”
ဟွာကျင်းကျင်းက စားပွဲခုံလေးကို မှီလိုက်ပြီး ထျန်းနင်ကို ကျီစယ်သည်။
“ထျန်းနင်၊ ငါ အရိုးသားဆုံး ဝန်ခံရရင် ဒီဖျော်ဖြေရေးလောကထဲ ရောက်နေတာ ဘယ်နှနှစ်ရှိပြီလဲ သေချာမသိတော့ဘူး။ ဒါပေမဲ့ ငါ ဒုက္ခရောက်နေတဲ့အချိန် ငါ့ကို ဖေးမကူညီပေးခဲ့ဖူးတဲ့ ပထမဆုံးမိတ်ဆွေက နင်ပဲ”
“ငါ ဟွာကျင်းကျင်းက .... တခြားအရာတွေမှာ အရမ်း မကျွမ်းကျင်ပါဘူး။ ပညာရေးနဲ့ပတ်သက်လာရင် ငါ့ဘဝ ခံယူချက်က အတုအယောင်လို့ပဲ သဘောထားတယ်”
“ဒါပေမဲ့ တစ်ဦးပေါ် တစ်ဦးထားရှိတဲ့ ချစ်ခြင်းမေတ္တာက ငါ့အတွက်တော့ အတုအယောင် မဟုတ်ဘူး”
“ငါ ဒီမော်ဒယ်လောကထဲ ဆက်ရှိနေသည်ဖြစ်စေ မရှိတော့ဘူး ဖြစ်စေ နင် ဒုက္ခရောက်တိုင်း ငါ့ကို အချိန်မရွေး ဖုန်းဆက်လိုက်၊ ငါ ဘယ်နေရာပဲ ရောက်နေရောက်နေ နင့်အနား ချက်ချင်း လာခဲ့မယ်။ အမြဲတမ်း နင့်ကို ကူညီဖို့ အသင့်ပဲ”
ဟွာကျင်းကျင်း၏ လေးနက်သော စကားများကို နားထောင်ပြီးနောက် ထျန်းနင် ခေါင်းညိတ်လိုက်သည်။
“ငါလည်း သူငယ်ချင်း များများစားစား မရှိပါဘူး။ နင်လည်း စိတ်ညစ်ရင် ဒုက္ခရောက်ရင် တစ်ယောက်တည်း ကြိတ်မှိတ် သည်းမခံနဲ့နော်။ နင့်ရင်ဖွင့်ဖော် ငါက နင်နဲ့ အမြဲအတူတူ ရှိနေတယ်”
ဟွာကျင်းကျင်း ခေါင်းညိတ်ပြလိုက်ပြီး လက်ထဲမှ ဝိုင်ခွက်ကို စားပွဲခုံပေါ်တင်ကာ သန့်စင်ခန်းဘက် ထွက်လာခဲ့သည်။ ထျန်းနင်လည်း ရီဝေဝေ ဖြစ်နေ၍ လုံကျဲက ထျန်းနင်ကို ဂရုစိုက်နေရသည်။
သန့်စင်ခန်းအတွင်းမှာ ဟွာကျင်းကျင်းက ဘေစင်အနား လက်သန့်ရှင်းရေး လုပ်နေပြီး တီးတိုးပြောဆိုနေသော စကားများကို နားစွန်နားဖျား ကြားရသည်။
“စောနတုန်းကလေ ဘဝင်ရူး ဟွာကျင်းကျင်းနဲ့ အပျက်မ ထျန်းနင်ကို တွေ့လိုက်မိတယ်။ သူတို့လည်း ဒီနေရာမှာ ရှုခင်းလာကြည့်တာ ဖြစ်မယ်။ အတင်းအဖျင်းတွေက မှန်နေပြီထင်တယ်။ သူတို့နှစ်ယောက်က တော်တော်ရင်းနှီးတာပဲ”
“နင်က ဟွာကျင်းကျင်း အကြောင်းသိလို့လား။ ယောက်ျားတစ်ယောက်ကို ကျွန်ခံ အနှိပ်စက်ခံ ချစ်ခဲ့တဲ့ ဟွာကျင်းကျင်း အကြောင်းလေ။ သူ့ကိုယ်သူ ရှက်ရကောင်းမှန်း မသိဘူး။ လူရှေ့သူရှေ့ ထွက်လာရဲသေးတယ်။ ငါ့အမြင်အရတော့ ဟိုက်ဟွေ့ဖျော်ဖြေရေးက သူတို့အနုပညာရှင်ကို ကာကွယ်ပေးဖို့ မဟုတ်တမ်းတရား သက်သေတွေ ထုတ်ပြတာပဲ ဖြစ်မယ်။ ဟိုက်ဟွေ့က ဘာမဆို ဖန်တီးနိုင်တဲ့ အရည်အချင်း ရှိတယ်လေ”
“ပြီးတော့ ရှိသေးတယ်၊ မိန်းမပျက် ထျန်းနင်က ဘာတွေများ ကောင်းနေလို့လဲ။ ဟိုက်ဟွေ့ရဲ့စီအီးအိုကို သူ့ကိုယ်ရေးကိုယ်တာ မန်နေဂျာ ဖြစ်အောင် ခိုင်းစားနိုင်တယ်နော်။ ဒါကိုကြည့်ခြင်းအားဖြင့် ထျန်းနင်ရဲ့အိပ်ရာပေါ်က ကျွမ်းကျင်မှုက အထင်ကြီးစရာ ကောင်းလောက်မယ်။ ရူးရူးကြောင်ကြောင် ပရိသတ်တချို့က သူတို့စုံတွဲအကြောင်းပဲ အရူးအမူး စိတ်ဝင်စားနေတာလေ”
“ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ နိုင်ငံကိုယ်စားပြုရတနာလေး ပြန်လာပြီလေ။ အရိုးသားဆုံး ပြောရရင် ငါက ကျန်းမန်နီရဲ့ပရိသတ်ဖြစ်နေတာ ကြာပေါ့။ ပေကျင်းကို ခြေချလိုက်တာနဲ့ ထျန်းနင်ရဲ့စော်ကားတာကို ခံလိုက်ရတာ အသည်းနာစရာပဲ။ ငါသာ ကျန်းမန်နီနေရာမှာဆိုရင် ထျန်းနင်ကို အကြိမ်တစ်ထောင်လောက် နင်းခြေပြီးလောက်ပြီ”
“ဟား ဟား ဟုတ်ပါ့ ဟုတ်ပါ့ ဟယ်။ ငါလည်း သူတို့နှစ်ယောက် အတူတူ အလုပ်တွဲလုပ်တာ မြင်ချင်နေပြီ။ ငါတို့မန်နီလေးက အပျက်မ ထျန်းနင်ကို ဘယ်လို ပညာပြမလဲ မြင်ချင်သေးတယ်”
မိန်းမသုံးယောက်၏ အတင်းအဖျင်း စကားသံများကို နားထောင်ပြီးနောက် ဟွာကျင်းကျင်းက သူတို့ကို မျက်နှာချင်းဆိုင်လိုက်သည်။
“နင်တို့ ထပ်ပြောလိုက်စမ်းပါ”
မိန်းမသုံးယောက်က မိတ်ကပ်လူးနေ၍ ဟွာကျင်းကျင်းကို သတိမထားမိပေ။
“နင်က ဘာအချိုး ချိုးချင်တာလဲ”
“စောနတုန်းက နင်တို့ ဘာတွေပြောခဲ့လဲဆိုတာ မှတ်မိပါသေးတယ်နော်”
မိန်းမသုံးယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ထအော်ကြသည်။
“ဟွာကျင်းကျင်းက တခြားသူတွေကို ရိုက်နှက်တတ်တယ်”
အနီးအနား ဝိုင်းကြည့်သူများက အလျင်မီ ဓာတ်ပုံဖမ်းရိုက်ကြသည်။
အုတ်အုတ်သဲသဲ အော်သံများကြောင့် ထျန်းနင်က သန့်စင်ခန်းဘက် အလောတကြီး ပြေးလာသည်။
ဟွာကျင်းကျင်းက မိန်းမယုတ် သုံးယောက်ဘက် လှည့်လိုက်ပြီး အေးစက်စက် လေသံဖြင့်
“ငါ့ကို ရိုက်နှက်တတ်တဲ့မိန်းမလို့ သမုတ်တော့လည်း ငါက လက်တွေ့ပြရတာပေါ့”
ထိုစကားကိုပြောပြီးနောက် ဟွာကျင်းကျင်းက အရှေ့တိုးလိုက်ပြီး တစ်ယောက်ချင်းစီကို လက်ဝါးစာ ကျွေးလိုက်သည်။
လူတိုင်း မှင်တက်နေသည်။
“နင် နင် ရူးသွားပြီလား”
ထျန်းနင်က ဟွာကျင်းကျင်းကို အလောတကြီး လှမ်းတားသည်။
“နင် ဘယ်သူလဲဆိုတာ မေ့သွားပြီလား”
“ငါ ဘယ်သူလဲဆိုတာ ကောင်းကောင်းကြီး သိနေလို့ ငါ့လောက်အဆင့် မရှိတဲ့ ကောင်မတွေကို ကိုယ့်အဆင့်ကိုယ် သိသွားအောင် သင်ခန်းစာ ကောင်းကောင်း ပေးရလိမ့်မယ်”
ဟွာကျင်းကျင်းက သူမအတွက် ဒေါသထွက်နေခြင်း မဟုတ်ပေ။ ထျန်းနင်အတွက် မခံမရပ်နိုင် ဖြစ်နေခြင်း ဖြစ်သည်။
မိန်းမယုတ် သုံးယောက်က ကြမ်းပြင်ပေါ် ရုတ်တရက် ထိုင်ချလိုက်ပြီး ကျယ်လောင်စွာ အော်ငိုသည်။
လုံကျဲက ထျန်းနင်တို့ကို အရေးတကြီး သတိပေးစကားပြောသည်။
“ဒီနေရာကနေ အရင်ဆုံး ထွက်သွားကြမယ်”
ဟွာကျင်းကျင်းက သူမ၏လုပ်ရပ်အတွက် နောင်တ မရခဲ့ပေ။ သူမ ထွက်မသွားခင် မိန်းမယုတ် သုံးယောက်ကို လက်ညှိုးထိုးကာ သတိပေးလိုက်သေးသည်။
“နင်တို့ ဘယ်သူလဲဆိုတာ ငါ မသိစေနဲ့။ ငါ သိတဲ့တစ်နေ့ နင်တို့ဘဝပျက်ပြီလို့သာ မှတ်လိုက်တော့”
လက်ထောက်များ၏ ကာကွယ်ပေးမှုကြောင့် ထျန်းနင်တို့နှစ်ယောက်က ကုမ္ပဏီစီစဉ်ပေးထားသော ဘန့်ကားပေါ် ပြန်ရောက်သွားသည်။ ထျန်းနင်က ဟွာကျင်းကျင်း၏ နီရဲနေသော လက်ကို ကြည့်ကာ
“နင်က ဒီလို ဒေါသထွက်လွယ်တဲ့သူ မဟုတ်ပါဘူး။ ဘယ်လို ဖြစ်ရတာလဲ”
“ငါ အဆင်ပြေတယ်။ စိတ်မပူနဲ့။ ငါ့ကို ပိုးပန်းနေတဲ့ ပြင်သစ်အမျိုးသားက အရမ်းချမ်းသာတယ်။ ဒါကို အသုံးချပြီး သူ့ရဲ့ရိုးသားမှုကို စမ်းသပ်ရမယ်”
ဟွာကျင်းကျင်း ရယ်မောသည်။
“တစ်ယောက်ယောက်က ငါ့မကောင်းကြောင်း ပြောလို့လား။ ငါ ဂရုမစိုက်ဘူးဆိုတာ သိရဲ့သားနဲ့ နင်လည်း မသိချင်ယောင်ဆောင်လိုက်ပါလား”
“ငါက ဖျော်ဖြေရေးလောကထဲက နုတ်ထွက်တော့မယ်သူပါ။ ငါက ဘာကိစ္စကြောင့် တခြားသူအမြင်တွေကို ဂရုစိုက်နေရမလဲ။ ငါက ဒီလောကထဲရောက်နေတာ ကြာပြီ။ ဒီလို ကြီးကြီးမားမား ပြဿနာမျိုး တစ်ခါမှ မဖန်တီးခဲ့ဖူးဘူး”
“ဘာလဲ နင့်ကိုယ်စား ဖန်ယွီကို ပြဿနာ ရှင်းခိုင်းမလို့လား”
ဖန်ယွီအကြောင်း ပြောလာ၍ ဟွာကျင်းကျင်း ခပ်တိုးတိုးလေး ရယ်လိုက်သည်။
“ငါလည်း ဖန်ယွီရဲ့အရည်အချင်းကို စမ်းကြည့်ချင်တာ ကြာပေါ့”
“ဒါနဲ့ထျန်းနင်၊ နင်နဲ့ ကျန်းမန်နီအလုပ်တွဲလုပ်ရရင် မရှုံးစေနဲ့နော်”
ထျန်းနင် သက်ပြင်းချလိုက်သည်။
“ငါကသူ့ကို ကြောက်လို့ ရှောင်နေတာ မဟုတ်ပါဘူး”
ထျန်းနင်က တည်ငြိမ်စွာ ပြန်ဖြေလာသည်။
“အဲဒီမိန်းမသုံးယောက်က ကျန်းမန်နီရဲ့ပရိသတ်တွေလေ”
ဟွာကျင်းကျင်းက ထျန်းနင်၏မျက်ဝန်းကို ကြည့်ကာ လေးနက်သော မျက်နှာအမူအရာဖြင့် စကားပြောလာသည်။
“နင် လက်မခံချင်လည်း ကျန်းမန်နီက နင့်ကို ပြိုင်ဘက်လို သဘောထားနေတာ အမှန်ပဲ။ မို့သူဌေးကို စိတ်ဒုက္ခမပေးချင်ဘူး ကျဉ်းထဲ ကျပ်ထဲ မရောက်စေချင်ရင် ကျန်းမန်နီနဲ့ ယှဉ်ပြိုင်ဖို့ စိတ်ကို အဆင်သင့် ပြင်ထားသင့်တယ်”
 
 
***

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now