Ep 355+356+357

96 7 0
                                    

အပိုင်း(၃၅၅)

 
ထျန်းအကြီးအကဲက သူ ပြောချင်သမျှ အကြောင်းအရာတိုင်းကို ပြောဆိုပြီးနောက် သူ့လက်ထောက် အကူအညီဖြင့် သူ့အိပ်ခန်းထဲ ပြန်သွားခဲ့သည်။
 
 
အဖေထျန်းက ထျန်းရွှမ်ကို မယုံကြည်နိုင်စွာ ငေးကြောင်ကြည့်နေသည်။
 
"ရွှမ်အာ။ ဘာပဲပြောပြော ထျန်းနင်က နင့်ညီမလေးလေ၊ ဘာလို ဒီလိုမျိုး ယုတ်မာရက်တာလဲ"
 
"ဒီလိုညီမမျိုး မွေးပေးပါလို့ ဘယ်သူက တောင်းဆိုခဲ့လို့လဲ"
 
ထျန်းရွှမ်က သူ့အခန်းသူ မပြန်ခင် အဖေထျန်းကို မကျေမနပ် ငေးစိုက်ကြည့်သည်။
 
"ကျွန်တော့်မိန်းမကို ကျွန်တော် ဖျောင်းဖျထားပါ့မယ်"
 
ထျန်းရွှမ်၏ ခင်ပွန်းက ကြားဝင်ဖျန်းဖြေသည်။
 
အဖေထျန်းက သူ့ဇနီးသည်ကို ကြည့်ကာ အပြစ်ရှိသလို ခံစားရသည်။ အဖေတစ်ယောက် အနေဖြင့် ထျန်းနင်ကို ကောင်းကောင်းမွန်မွန် မထားနိုင်ခဲ့၍ အပြင်လောကမှာ ထျန်းနင် ရုန်းကန်ခဲ့ရသည်။ သူက သားသမီးတိုင်းကို တန်းတူညီမျှ ဆက်ဆံချင်ခဲ့၍ ထျန်းနင်ကို ချစ်နှစ်သက်သော ခံစားချက် မပြသခဲ့ချေ။
 
 
အမေထျန်းကလည်း အဖေချွမ်ကို ငေးကြည့်နေသည်။ စကားတစ်ခွန်းမျှ မပြောဖြစ်ခဲ့ အိမ်ပေါ်ထပ် တက်သွားခဲ့သည်။
 
 
ထျန်းနင်က သူမကို မုန်းတီးနေသည့်တိုင် သူမက ထျန်းနင်၏ သွေးသား တော်စပ်သောမိခင် ဖြစ်နေသေးသည်။
 
 
သူ့သမီးလေး အနိုင်ကျင့်ခံရသည်ကို မြင်တွေ့ရပြီး စကားတစ်ခွန်းမျှ ဝင်ပြောခွင့် မရှိသော မိခင်၏ ပူလောင်မှုကို မည်သူက ကိုယ်ချင်းစားနိုင်မည်နည်း။
 
 
ထိုစဉ် ထျန်းနင်က သူ့ဘဝနှင့်သူ အပူအပင် ကင်းမဲ့စွာ ပျော်ရွှင်နေသည်။ သူမကြောင့် ထျန်းမိသားစု တစ်စုလုံး သဘောထား ကွဲလွဲပြီး ကြောက််လန့်တကြား အခြေအနေ ကျရောက်နေမှန်း သူမ မသိခဲ့ပေ။
 
 
...
 
 
နောက်တစ်နေ့
 
 
'Hidden Expert' သတင်းစာ ရှင်းလင်းပွဲ
 
 
ထျန်းနင်က ဇာတ်ရံ တစ်ယောက်အနေဖြင့် ပွဲတက်ခဲ့သည်။ သို့သော်လည်း ထျန်းနင်၏ အတင်းအဖျင်း သတင်းများ ပြန့်နေ၍ ပွဲစီစဉ်သူများ အထူးတလည် ဂရုစိုက်ကာ ပွဲစီစဉ်ရသည်။
 
 
'Hidden Expert'ဇာတ်ကားတွင် ဇာတ်ရံအဖြစ်သာ သရုပ်ဆောင်ခွင့်ရခြင်းကား မို့ထင်နှင့် လမ်းခွဲခဲ့၍ဟု လူအများစုက ယူဆကြသည်။ မို့ထင်က တခြားသူနှင့် လက်ထပ်တော့မည်ဟု ကြားသိရ၍ ထျန်းနင်ကိုယ်စား စိုးရိမ်ပူပန်နေသူများလည်း ရှိသည်။
 
 
နေ့လည် ၂နာရီ Crown Plaza Hotel
 
 
ထျန်းနင်က အမည်းရောင် ဝတ်စုံရှည်လေးကို ဝတ်ဆင်ကာ ပွဲတက်ခဲ့သည်။ သို့သော်လည်း သူမ နောက်ကို မို့ထင်က တကောက်ကောက် လိုက်နေသည်။
 
 
မို့ထင်က သူမကို အဖော်ပြုပေးနေ၍ သူမတို့ လမ်းခွဲသွားသည့် သတင်းကို မည်သူက မေးမြန်းရဲမည်နည်း။
 
 
အခမ်းအနားမှူးက အစီအစဉ်ကို စတင်လိုက်သည်နှင့် အဓိက သရုပ်ဆောင်များနှင့် ရုပ်ရှင်အဖွဲ့သား တချို့တလေ စင်ပေါ်  တစ်ယောက်ချင်း တက်သွားကြသည်။ ထျန်းနင်လည်း စင်ပေါ် တက်ခါနီး မို့ထင်က သူမကို ခပ်တိုးတိုး လှမ်းခေါ်ပြီး ချိုသာစွာ စကားပြောလေ၏။
 
"ဒီနေ့ ချစ်လေး စိတ်ထဲရှိတဲ့အတိုင်း ပြောချင်တာပြောနော်"
 
"အမ်"
 
 
"ကိုယ်တို့နှစ်ယောက် သတင်းလည်း ပြောလို့ရတယ်"
 
 
ထျန်းနင် ပြုံးသည်။
 
"ချစ်လေး သဘောပေါက်ပါတယ်"
 
စင်အောက်မှာ ရှိနေသေးသည့် မို့ထင်တို့ စုံတွဲက နှစ်ကိုယ်ကြား တီတိုး ပြောနေသည်ကို မျက်မှန်းတန်းမိသော ပွဲအခမ်းအနားမှူး ရယ်မောမိသည်။
 
"ထျန်းနင်ကို ငါတို့နဲ့ ထားခဲ့ရမှာကို မန်နေဂျာမို့က စိတ်မချပုံပဲ။ ထျန်းနင် စင်ပေါ်တက်သင့်နေပြီ။ မန်နေဂျာမို့က အခုအထိ ဖက်တွယ်နေတုန်းပဲ။ မစိုးရိမ်ပါနဲ့နော်။ ကျွန်တော်တို့က အလုပ်လေးစားတတ်တဲ့ အစီအစဉ်မှူးတွေပါ။ မကောင်းတဲ့ လှည့်ကွက်တွေ ထုတ် မသုံးပါဘူး"
 
မို့ထင်က ထျန်းနင်ကို စင်ပေါ် လိုက်ပို့ပေးပြီး သူ့ထိုင်ခုံနား ပြန်သွားကာ ပရိသတ်အသွင် ပြောင်းလဲလိုက်သည်။
 
 
ရိုးရှင်းစွာ နှုတ်ဆက်စကား ပြောဆိုပြီးနောက် ထျန်းနင်က အဓိကသရုပ်ဆောင် နှစ်ဦးနောက် မတ်တတ်ရပ်သည်။ သူမ၏ အရပ်အမောင်းကြောင့် အစီအစဉ်မှူး ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ပေ။
 
"အခုဇာတ်ကားမှာ ချစ်ခန်းကြိုက်ခန်းတွေ မပါလို့ ကံကောင်းတယ်။ မဟုတ်ရင်တော့ ငါတို့ရဲ့ အဓိက ဇာတ်ဆောင် မင်းသားနှစ်ယောက်စလုံး ထျန်းနင်ကို ဖက်ဖို့ တော်တော်ခက်ခဲမယ်"
 
လူတိုင်း ရယ်မောကြသည်။
 
 
" ဒါနဲ့ ထျန်းနင်ကို မေးခွန်းတစ်ခွန်းတော့ မေးချင်တယ်။ ဘာလို့များ အခုဇာတ်ကားကို ရိုက်ဖို့ ရွေးချယ်ခဲ့သလဲ"
 
 
ထျန်းနင်က အစီအစဉ်မှူး ပေးသော မိုက်ခရိုဖုန်းကို လက်ခံယူပြီး ဖြေသည်။
 
"ကျွန်မက အထူးချွန်ဆုံး မန်နေဂျာမို့ကို ပိုင်ဆိုင်ထားတာ လူတိုင်း သိမှာပါ။ ဒီဇာတ်ကားကို ရွေးချယ်ပေးတာ မန်နေဂျာမို့ပါရှင့်"
 
ကင်မရာသမားက စင်အောက်မှာ ထိုင်နေသော မို့ထင်ကို ချက်ချင်း မီးထိုးပြ၍ တခြားသူများ၏အော်သံကြောင့် ဆူညံသွားသည်။
 
 
"ကျွန်မ ဘာတွေလိုအပ်နေလဲ ဘာကို သဘောကျလဲ သူ သိနေလို့ ဒီဇာတ်ကားကို ကူညီရွေးချယ် ပေးခဲ့တာပါ။  ဇာတ်ညွှန်းကို ပထမဆုံး ပေးဖတ်တည်းက အပျော်အပါး နှစ်ခြိုက်တဲ့ ပြဿနာမလေးကို သဘောကျမိတယ်။ ပြဿနာရှာတတ်တဲ့ ကောင်မလေးက အမြဲတမ်း ယောက်ျားလေးလိုပဲ ဝတ်စားတာလေ"
 
 
"တစ်ယောက်နဲ့ တစ်ယောက် အချစ်ကို မြင်သာအောင် ထုတ်ပြတာ ရိုမန်တစ်ဆန်လိုက်တာနော်"
 
အစီအစဉ်မှူးက စပ်စပ်စုစု မေးမြန်းကာ ပြုံးနေသည်။
 
"မို့သူဌေးက ထျန်းနင်ရဲ့ အလုပ်အားလုံးကို စီမံ့ပေးတယ်လို့ ပြောချင်တာလား။ အဲဒါဆိုရင် အလုပ်နဲ့ ပတ်သက်ပြီး မို့သူဌေးက အမြဲတမ်း စီစဉ်ပေးနိုင်ပါ့မလား"
 
 
ထျန်းနင်က စင်အောက် ချက်ချင်း ငုံ့ကြည့်ပြီး ခေါင်းခါပြသည်။
 
"ကျွန်မ လုပ်တဲ့ အလုပ်တိုင်းကို သူကိုယ်တိုင် သေချာ စီစစ်ပြီးမှ ရွေးချယ်ပေးတာ။ အဲဒီအလုပ်က လက်ခံဖို့ ထိုက်တန်ရဲ့လား သူ့ဘာသာ ဆုံးဖြတ်ပြီးမှ ကျွန်မကို သိခွင့်ပေးတယ်"
 
"ဒါဆိုရင် မို့သူဌေးက အရမ်းကို အလုပ်များတဲ့ သဘော မဖြစ်သွားဘူးလား"
 
အစီအစဉ်မှူး တအံ့တဩ မျက်လုံးပြူးကျယ်သွားသည်။
"ဒီမေးခွန်းကို မို့သူဌေးကိုယ်တိုင် ဖြေပေးလို့ရမလား"
 
မို့ထင်ထံ မိုက်ခရိုဖုန်း လွှဲပြောင်းပေးရန် စင်အောက်တွင် ရှိသော ဝန်ထမ်းကို အစီအစဉ်မှူး အချက်ပြသည်။ မို့ထင်က မိုက်ခရိုဖုန်းကို လက်ခံလိုက်ပြီး ပြန်ဖြေသည်။
 
"အလုပ်ရှုပ်တာတော့ ပုံမှန်ပါပဲ။ ထျန်းနင်ရဲ့ အလုပ်ကို အဓိက ဦးစားပေး အနေနဲ့ လုပ်ပေးရလို့ အဆင်ပြေပါတယ်"
 
" အို့ ချိုမြိန်လိုက်တာနော်"
 
 
အစီအစဉ်မှူး ပင့်သက်ရှိုက်သည်။
 
 
"မို့သူဌေးက ထျန်းနင်အတွက် အရမ်းတွေးပေးတတ်တာပဲ။ ထျန်းနင် အရမ်းကံကောင်းတယ်"
 
အစီအစဉ်မှူးက ထျန်းနင်ဘက် အကြည့်ပြန် လွှဲသည်။
"ထျန်းနင်ကို စိတ်မကျေနပ် ဖြစ်စေခဲ့တဲ့ အချိန်တွေရော ရှိခဲ့လား"
 
ထျန်းနင်က တုံ့ဆိုင်းခြင်းမရှိ ခေါင်းခါပြသည်။
 
"မန်နေဂျာမို့ အလုပ်များနေရင် ထျန်းနင် စောစောအိပ်ရာ ဝင်လိုက်တယ်။ မန်နေဂျာမို့ကို လှမ်းခေါ်လိုက်ရုံနဲ့ ထျန်းနင် လိုချင်တာမှန်သမျှကို ယူပြီး တံခါးပေါက်မှာ အသင့်စောင့်နေတတ်တဲ့ ချစ်သူမျိုးပါ။ တစ်ခါတလေ အလိုက်တသိနဲ့ ရေတစ်ခွက် ကမ်းပေးတာမျိုးတို့ တခြား လိုအပ်မယ် ထင်တာတွေ ယူလာပေးတာမျိုးပေါ့။ ပြောနေစရာတောင် မလိုအပ်ဘဲ ကျွန်မ ဘာလိုအပ်နေလဲ သိတယ်"
 
"အဲလောက်တောင် အလိုက်သိတာလား"
 
အစီအစဉ်မှူး သံသယဝင်မိသည်။
"ဒီလိုဆိုရင် ထျန်းနင်တို့ စုံတွဲက စိတ်ချင်း ဆက်နွှယ်နေတာပေါ့။ ဒါဆိုရင် အခုဇာတ်ကားနဲ့  ပတ်သက်တဲ့ မေးခွန်း ဆက်မေးမြန်းကြတာပေါ့။ အခုမေးမယ် မေးခွန်းကို အဖြေချရေးပြီး မင်း ဖြေထားတဲ့ အဖြေက ဘာလဲဆိုတာ မို့သူဌေးကို စဉ်းစားခိုင်းမယ်။ ဒီအကြံကို သဘောတူလား"
 
ထျန်းနင်က စင်အောင် ဖျတ်ခနဲ ကြည့်သည်။ မို့ထင် ခေါင်းညိတ်လိုက်ခြင်းကို မြင်ရ၍ သူမလည်း ခေါင်းညိတ်သည်။
 
 
"ဒါဆိုရင် မေးခွန်းပြမယ်။ ထျန်းနင်က မေးခွန်းရဲ့ အဖြေကို ဖြေပေးပါ။ အဖြေကို ဖုံးထားနော်။ ဘယ်သူ့ကိုမှ မပြနဲ့"
 
 
"ဟုတ်ပါပြီ"
 
 
" ဝိုး ထျန်းနင် အဖြေရေးပြီးပြီပဲ။ ဒီလိုဆိုရင် မို့သူဌေး ဖြေရမယ့် အလှည့်ပေါ့။ ထျန်းနင်က ရှောင်ရှီဇာတ်ကောင်ကို ဘာလို့ ကြိုက်လဲ မို့သူဌေး သိလား။
 
အားလုံး သိအောင် ပြောပြပေးနိုင်မလား"
 
မေးခွန်းကို ကြားပြီးနောက်  မို့ထင်က တည်ငြိမ်စွာ ဖြေသည်။
 
"ချစ်ခန်းကြိုက်ခန်းတွေ သဘောမကျလို့လေ"
 
"သေချာရဲ့လား။ သရုပ်ဆောင် အရည်အချင်း တိုးတက်ချင်လို့ တခြားအကြောင်းရော မဖြစ်နိုင်ဘူးလား"
 
 
"သေချာပါတယ်"
 
မို့ထင် ခေါင်းညိတ်သည်။
 
အစီအစဉ်မှူးက ထျန်းနင်ဘက်လှည့်ကြည့်လာ၍ ထျန်းနင်က သူမ၏အဖြေကို ဖော်ပြသည်။
 
 
အဖြေက ထပ်တူကျနေသည်။
 
 
"ထျန်းနင်တို့စုံတွဲ သီးသန့် တိုင်ပင်ထားသလား"
 
 
"မတိုင်ပင်ထား ရပါဘူး။ သူမက ကျွန်တော့်ရဲ့ စိတ်တူကိုယ်တူ ချစ်ရသူလေ"
 
 
ထိုအဖြေကို ကြားရမှ ယနေ့ပွဲ မို့ထင် တက်ရောက်ရသည့် အကြောင်းအရင်းကို လူတိုင်း သဘောပေါက်သွားသည်။ မို့ထင်က တခြားသူနှင့် လက်ထပ်တော့မည့် အတင်းအဖျင်း သတင်းကို ဖယ်ရှားပစ်ချင်၍ မို့ထင်လည်း ထျန်းနင်နှင့် အတူတူ ပွဲတက်ခဲ့ခြင်း ဖြစ်သည်။
 
 
"ဟုတ်ပါပြီ။ ဒါဆိုရင် မို့သူဌေးတို့ရဲ့ ကိုယ်ပိုင်ဘဝလေး အကြောင်း သိသင့်သလောက် သိသွားပြီဆိုတော့ ဇာတ်ကားဘက် ပြန်ပြောကြတာပေါ့"
 
 
တကယ်တမ်း ယနေ့ပွဲ၏ အဓိက အရေးပါဆုံးသူက ယခုထိ မရောက်သေးပေ။ သူ့ကို ဖျော်ဖြေရေးလောက၏ လူထူးဆန်း အဖြစ် သတ်မှတ်ထားသော်လည်း သူက သရုပ်ဆောင်ပညာရပ်မှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်၍ နိုင်ငံတကာ အဆင့်မီ ဆုတံဆိပ်ပေါင်းများစွာ ပိုင်ဆိုင်ထားသည်။
 
 
၎င်းသရုပ်ဆောင်မင်းသား၏ တစ်ဦးတည်းသော ပြဿနာရပ်က အလွန် ဇီဇာကြောင်ခြင်း ဖြစ်သည်။
 
 
နှစ်တိုင်း ရုပ်ရှင်တစ်ကားတည်းသာ ရိုက်ကူးလေ့ရှိသည်။ သူ ပါဝင်သည့် ရုပ်ရှင်တိုင်းက ကျရှုံးခြင်း မရှိခဲ့ချေ။ ဇာတ်ကားရွေးချယ်တိုင်း သူ့စိတ်ကြိုက် ဇာတ်လမ်းကိုသာ ရွေးချယ်လေ့ ရှိသည်။
 
 
ထို့ကြောင့် ထျန်းနင်က တခြားရုပ်ရှင်ကြီး၏ ခေါင်းဆောင်မင်းသမီး ရွေးချယ်ခံရခြင်းထက် ရှောင်ရှီ ဇာတ်ကောင်ကို လက်ခံလိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မည်။
 
 
လူထူးဆန်း မင်းသားက သူနှင့်အတူတူ သရုပ်ဆောင်မည့် ဇာတ်ရံကိုပင် ဂျီးများတတ်သူ ဖြစ်သည်။
 
 
အပိုင်း(၃၅၅)
 
ပြီး၏။
 
 
 
 
 
 
 
အပိုင်း(၃၅၆)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now