Ep 319+320+321

106 5 0
                                    

အပိုင်း(၃၁၉)

 
သိက္ခာကျဖွယ်ဓာတ်ပုံ ပေါ်ထွက်လာတိုင်း စုံတွဲဓာတ်ပုံဖြစ်နေခဲ့လျှင် အမြဲတမ်း ထိခိုက်နစ်နာသူက အထူးသဖြင့် အမျိုးသမီးများသာ ဖြစ်သည်။
 
 
သို့သော်လည်း ဖန်ယွီက ယခုအခြေအနေကို ပြောင်းပြန်လှန် လိုက်ပြီး သတင်းထောက်များ၏ ကိုယ်ရေးကိုယ်တာ ချိုးဖောက်သည့် အပြုအမူကိုသာ အလေးထား ပြောဆိုသွားခဲ့သည်။
 
 
သူ့အပြုအမူအတွက်  ဆင်ခြေမပေးဘဲ အများရှေ့မှာ တောင်းပန်စကား ပြောခဲ့သည်။
 
 
သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့သည့် အပြုအမူအတွက် အလုပ်မှ နုတ်ထွက်ခြင်း အားဖြင့် အပြစ်ခံယူခဲ့ပြီး ကိုယ်ရေးကိုယ်တာ အတွင်းရေးကို ချိုးဖောက်ခဲ့သည့် ဟွားရုံစတူဒီယိုကိုလည်း တောင်းပန်စကား ပြောစေချင်သည်။
 
 
နှစ်ဖက်စလုံး မှားယွင်းနေသည့်အခါ တောင်းပန်စကား ပြောရဲသည့် တစ်ဖက်ကို နားလည်ပေးနိုင်ပြီး တစ်ဖက်အဖွဲ့ကိုတော့ ဝိုင်းဖယ်ကြဉ်ကြသည်မှာ ပုံမှန် ဖြစ်လေ၏။
 
 
ဤအပြုအမူက ဖန်ယွီနှင့် ပတ်သက်သည့် အထင်ကြီး လေးစားစရာ အကောင်းဆုံး ဖြစ်သည်။
 
 
သိပ်မကြာလိုက် သတင်းထောက်များက အများစိတ်ဝင်စားဖွယ် အနုပညာရှင် သတင်းကို တင်ဆက်ပြန်သည်။ အနုပညာရှင် တစ်ဦး ရေမိုးချိုးနေပြီး လိင်မှုကိစ္စ လုပ်ဆောင်ရန် ပြင်ဆင်နေသည့် ဓာတ်ပုံ ဖြစ်လေ၏။
 
 
ဤရက်ပိုင်းအတွင်း သတင်းထောက်တစ်ဦးက အမျိုးသမီးအနုပညာရှင်၏ အိမ်ထဲ ခိုးဝင်ပြီး သူမမှာ မသန်မစွမ်း ဖခင် ရှိသည့် သတင်းကို ထုတ်ဖော်ခဲ့သည်။ ထို့နောက် ၎င်းအနုပညာရှင်က တိုက်ပေါ်မှ ခုန်ချကာ အဆုံးစီရင်ခဲ့သည်။
 
 
စိတ်ဓာတ် ယုတ်ညံ့သော သတင်းထောက်များ၏ လက်သီးပုန်းနည်းလမ်းကို ပရိသတ်များ စက်ဆုပ်လာ၍ ယုတ်ညံ့သော သတင်းမီဒီယာသမားများကို အပြစ်ပေးရန် ကြိုးပမ်းလာကြသည်။
 
 
"အရိုးသားဆုံး ပြောရရင် ကျော်ကြားသူတွေကလည်း သာမန်လူတွေပါပဲ။ အနမ်းပေးချင်တဲ့စိတ်ကို မထိန်းချုပ်နိုင်ရုံနဲ့ အပြစ်ရှိသွားရောလား။ ငါယောက်ျား နဲ့ ငါလည်း လူမြင်ကွင်းမှာ မကြာခဏ နမ်းတတ်ပါတယ်"
 
 
" တကယ်တမ်း ဟွားကျင်းကျင်းက အတော်ကလေး သနားစရာ ကောင်းပါတယ်။ ငါသာ ဟွားကျင်းကျင်း နေရာမှာ ဆိုရင် ဖန်ယွီလို ယောက်ျားမျိုးနဲ့ ဆုံခွင့်ရရင် အချစ်မှာ ကျရှုံးမိမှာပဲ။ နားလည်ပေးနိုင်ပါတယ်။ သူတို့နှစ်ယောက်လုံး လက်မထပ်ရသေးဘူးလေ သူတို့နမ်းတာ ဘာများမှားနေလို့လဲ"
 
 
"ဟွားရုံစတူဒီယိုက တောင်းပန်သင့်တယ်"
 
 
"အရိုးသားဆုံး ပြောရရင် သတင်းထောက်တွေကို အမုန်းဆုံးပဲ"
 
 
" အင်တာနက် ဝါသနာအိုးလေးတွေက အဲဒီစတူဒီယို အကြောင်း ထုတ်ဖော်လို့ ရအောင် ကူညီပေးဖို့ မျှော်လင့်ပါတယ်"
 
 
ကြင်နာသနားတတ်သည့် အင်တာနက် ဝါသနာအိုးများက ဟွားရုံစတူဒီယို၏ အယ်ဒီတာနာမည် လင်းချုံးဖြစ်ကြောင်း ရှာဖွေပေးကြသည်။ ရိုးရှင်းသော နာမည်တစ်လုံးက စွယ်စုံကျွမ်းကျင်သော အင်တာနက်သုံးစွဲသူများအတွက် သူတို့သိချင်သော အရာရာကို ရှာဖွေရန် လုံလောက်သည်။
 
 
ထို့ကြောင့် အချိန်ခဏလေးအတွင်း လင်းချုံးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အွန်လိုင်းပေါ် ပြန့်သွားသည်။ လင်းချုံးက သုံးကြိမ် လက်ထပ်ဖူးပြီး သုံးကြိမ် ကွာရှင်းဖူးသော ယောက်ျား ဖြစ်သည်။ သူနှင့်ပတ်သက်သည့် အတိတ်သမိုင်းကို ထုတ်ဖော်ထားသည်။
 
 
"လင်းချုံးက စောက်ရူးပဲ။ သူ့မိန်းမက ရေချိုးခန်းထဲ ဖုန်းသွားပြောရုံလောက်နဲ့ သံသယဝင်ရတယ်လို့"
 
 
"သူ့လို စောက်ရူးကောင်ကို စိတ္တဇဆေးရုံပဲ ပို့သင့်တယ်။ သူ့လှည့်စားတာကို လူကောင်းတွေ ခံရဦးမယ်"
 
 
"အဲလို အရူးကောင်က ငါ့ကို လာကြိုက်လို့ကတော့ ငါ့ကိုယ်ငါ သတ်သေချင်စိတ် ပေါက်သွားလိမ့်မယ်။ ငါသာ ဖန်ယွီဆိုရင် အဲစောက်ရူးကောင်ရဲ့ မျက်ခွက်ကို ပိတ်ထိုးပစ်လောက်ပြီ"
 
 
ဟွားကျင်းကျင်းနှင့် ဖန်ယွီ၏ အချစ်ရေးကို ထုတ်ဖော်ခဲ့သည့် ဟွားရုံစတူဒီယိုအနေဖြင့် သူတို့ဦးတည်ချက် လွဲမှားကာ လူအများစု၏ပစ်မှတ်က လင်းချုံး ဖြစ်သွားခဲ့သည်။
 
 
ထို့အပြင် ယနေ့ နေ့လည်ခင်းက ဟိုက်ဟွေ့ဖျော်ဖြေရေး၏တရားဝင် စာမျက်နှာပေါ်မှာ ဖန်ယွီ တင်ခဲ့သော ဗီဒီယိုကြောင့် ဖန်ယွီ၏ အကျင့်စရိုက် ပိုပေါ်လွင်ခဲ့ပြီး အရည်အချင်း ရှိသူမှန်း သိသားစေခဲ့သည်။ ထို့ကြောင့်လည်း ဟိုက်ဟွေ့ဖျော်ဖြေရေးမှ ဝန်ထမ်း နှင့် ရှယ်ရာရှင်အားလုံးက ဖန်ယွီကို လက်ထောက်ဥက္ကဋ္ဌရာထူး တိုးမြှင့်ပေးရန် အားလုံးက သဘောတူကြသည်။
 
 
မို့ထင်ကိုယ်တိုင် ခန့်အပ်ခဲ့သည့် ရာထူး ဖြစ်ရုံသာမက ဖန်ယွီ၏လုပ်ဖော် ကိုင်ဖက်များ ကိုယ်တိုင် အပ်နှင်းသော ရာထူးလည်း ဖြစ်သည်။ ဖန်ယွီ၏ ပီအာ အရည်အချင်းကို ယှဉ်နိုင်သူ ဤဖျော်ဖြေရေးလောကဝယ် မရှိနိုင်ချေ။
 
 
ထို့ကြောင့် ဖန်ယွီနှင့် ဟွားကျင်းကျင်းကို ထိခိုက်ရန် ကြံရွယ်ခဲ့သော လင်းချုံး၏အကြံအစည်က ကျရှုံးသွားခဲ့သည်။ လင်းချုံးကိုယ်တိုင် ဘေးကျပ်နံကျပ် အခြေအနေထဲ ရောက်သွားသည့်အပြင် သူက ဖန်ယွီ ရာထူးတိုးအောင် ကူညီထောက်ပံ့ပေးသလို ဖြစ်ခဲ့သည်။
 
 
ဟွားကျင်းကျင်း ယင်းသတင်းကို မြင်တွေ့လိုက်စဉ် သူမက ဖန်ယွီ၏သမီးလေး ယွဲ့အာနှင့် အိမ်ဆောက်တမ်း ကစားနေသည်။
 
 
ဟွားကျင်းကျင်း၏ မျက်ဝန်းမှ မျက်ရည်စက်များ ကျဆင်းလာသည့် မြင်ကွင်းကို ယွဲ့အာ သတိထားမိ၍ သူ့လက်သေးသေးလေးဖြင့် ဟွားကျင်းကျင်း၏ ပါးမို့မို့ပေါ်မှ မျက်ရည်စက်များကို သုတ်ပေးသည်။
 
"ငိုနဲ့နော်။ ငိုရဘူးနော်"
 
ယွဲ့အာက ဟွားကျင်းကျင်း၏ ရင်ခွင်ထဲ တိုးဝှေ့ကာ ဟွားကျင်းကျင်း အငိုတိတ်အောင် ချော့မော့နေသေးသည်။
 
 
ဟွားကျင်းကျင်းက ရုတ်တရက် ထရယ်ပြီး သူ့ရင်ခွင်ထဲမှ ယွဲ့အာကို တင်းတင်းကျပ်ကျပ် ဖက်သည်။
 
"အချစ်ဆုံးလေးက ဖေဖေ နဲ့ မေမေရဲ့ အသည်းကျော်လေးပဲ"
 
ယခုအချိန်မှစပြီး သူမနှင့် ဖန်ယွီတို့က တခြားသူ နှာခေါင်းရှုပ်ခြင်းကို ခံစရာ မလိုအပ်တော့ပေ။ သူတို့နှစ်ယောက်က တရားဝင် ချစ်သူ ဖြစ်သွားပါပြီ။
 
 
လင်းချုံး ဖြန့်ခဲ့သော သတင်းကြောင့် ဟွားရုံစတူဒီယို တစ်ခုလုံး ပျားတုပ်နေခဲ့သည်။ ဝန်ထမ်းတချို့တလေက သူတို့ပါ ဒုက္ခရောက်မည်ကို စိုးရိမ်မိ၍ နိုင်ငံရပ်ခြားကို ထွက်ပြေးကြပြီး အဆက်အသွယ် ဖြတ်တောက်ကြသည်။
 
 
အားလုံးက လင်းချုံး ဘေးနားမှ စွန့်ခွာသွား၍ လင်းချုံးဘေးနားမှာ သုံးစားမရသည့် ညီမဝမ်းကွဲ နှင့် Charleneသာ ကျန်ရစ်ခဲ့သည်။
 
 
လင်းချုံးက သူ့ရုံးခန်းတံခါးပိတ်ပြီး အပြင်ထွက်လာရန် ငြင်းဆန်နေ၍ Charlene ခနဲ့သည်။ တံခါးတစ်ဖက်ခြမ်းမှ သူမ စကားပြောသည်။
 
"နင်နဲ့ J-King ပူးပေါင်းထားတဲ့အလုပ်က အဆင်ပြေချောမွေ့နေပြီလေ နင်က ကိုယ့်တက်လမ်းကိုယ် ဖျက်ဆီးပစ်တာပဲ။ အဆုံးသတ်မှာ J-Kingရဲ့ကံတရားက အတော်ကလေး သနားစရာ ကောင်နိုင်ပေမဲ့လည်း နင်က သူ့ထက်တော် သာလွန်ပါတယ်။ သူ့စီကနေ ငွေတွေ အရယူနိုင်တယ်လေ။ အခုလို အရှုံးသမား ပုံစံမျိုး အဆုံးမသတ်သင့်ဘူး။ အခုတော့ လူတိုင်းအပြစ်တင်တာ ခံနေရပြီပဲ"
 
"တခြား ဘယ်သူကို မဆို ရွေးပြီး ပြဿနာရှာလို့ရတယ်။ နင်က ဖန်ယွီကိုမှ ရွေးချယ်ရတယ်လို့"
 
 
"နင့်မှာ ရွေးချယ်စရာ ပေါရဲ့သားနဲ့ ပီအာဒါရိုက်တာကိုမှ ရွေးချယ်ရတယ်လို့"
 
 
"အယ်ဒီတာလင်း ခင်ဗျားစိတ်ထဲ ဘာတွေများ တွေးနေလဲ သိချင်မိတယ်။ ခင်ဗျားမှာ အသိစိတ်ရော ရှိသေးရဲ့လား"
 
 
လင်းချုံးကို လှောင်ပြောင်သော စကားလုံးများ ပြောဆိုပြီးနောက် Charleneက သူ့ပစ္စည်းများကို သိမ်းဆည်းပြီး နောက်ဆုံး စကားတစ်ခွန်း ပြောလိုက်သည်။
 
 
"နင့် အခြေအနေကို ကြည့်ရုံနဲ့ လက်တွေ့ဘဝက ဘယ်လောက် ခက်ခဲလဲ မြင်နိုင်ပါတယ်။ တကယ်တမ်း ငါတို့လို လူတွေက မို့ထင်ရဲ့အခြေအနေကို မခြိမ်းခြောက်နိုင်ပါဘူး။ မို့ထင် ကာကွယ်ပေးချင်တဲ့သူက ဘယ်လိုပဲ ဘဝစုတ်ပြတ်နေပါစေ အခြေအနေကို ပြောင်းပြန်လှန် ပစ်နိုင်တယ်"
 
 
"အခုကစပြီး နင်တစ်ယောက်တည်း တိုက်ပွဲ ဆက်ဝင်လိုက်တော့။ နင့်မှာ အခွင့်အရေးကောင်းတွေ ရှိခဲ့ရဲ့သားနဲ့ အခြေအနေကို ပိုရှုပ်ထွေးအောင် လုပ်ခဲ့တဲ့ နင့်အပြစ်ကို နင်ပဲ ခံယူစမ်း"
 
 
လင်းချုံးက ရှူပ်ပွနေသော သူ့ရုံးခန်းထဲ ထိုင်ချသည်။
 
 
သူ့စတူဒီယို ခန်းမဆောင်ကြီး အခန်းလွတ်မဖြစ်ခင် စိတ္တဇရောဂါသည် တစ်ဦးကဲ့သို့ ဟားတိုက်ရယ်မော နေမိသည်။
 
 
သူ့ကံကြမ္မာဆိုးက ဤမျှလောက်ဖြင့် အဆုံမသတ်သေးပေ။ ယောက်ျားတစ်စု ရောက်လာပြီး သူ့စတူဒီယိုကို ရစရာ မကျန်အောင် ဖျက်ဆီးပစ်ပြီး လင်းချုံးကို ဘေးတစ်ဖက် ဆွဲခေါ်သွားကာ ကြယ်မြင်လမြင်သည်အထိ ရိုက်နှက်ကြသည်။
 
 
"J-Kingက ငါတို့ကို တဆင့်စကား ပြောခိုင်းလိုက်တယ်။ဒီနေ့ကစပြီးတော့ ခင််ဗျားမျက်နှာကို ပေကျင်းမှာ ထပ်မတွေ့ချင်ဘူးတဲ့"
 
 
"သုံးစားမရတဲ့ အရူးကောင်"
 
 
သူ့ကို စော်ကားမော်ကား ပြောဆိုပြီးနောက် ထိုလူတစ်စုက လင်းချုံး၏ရင်ဘတ်ကို ခပ်ကြမ်းကြမ်း ဆောင့်ကန်ကာ ထွက်ခွာသွားသည်။
 
 
မည်သည်ကြောင့် J-Kingက ယခုအခြေအနေကို အလေးအနက် ထားခဲ့သနည်း။ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ လက်ထောက်ဥက္ကဋ္ဌရာထူး လွှဲပြောင်းမှန်း ကြိုသိခဲ့လျှင် သူ့အဖေ နှင့် ရှယ်ရာရှင်များ၏ အကူအညီဖြင့် သူ အလွယ်တကူ ရယူနိုင်သည်။ သို့သော်လည်း လင်းချုံး၏ အလောတကြီး ကြားဝင်ခြင်းကြောင့် ဖန်ယွီက လက်ထောက်ဥက္ကဋ္ဌအသစ် ဖြစ်သွားခဲ့သည်။
 
 
ဖန်ယွီက ဟိုက်ဟွေ့ဖျော်ဖြေရေးအတွက် အရေးပါကြောင်း ရှယ်ရာရှင်အားလုံး သိသွားခဲ့သည်။
 
 
သို့တိုင်မို့ထင် စကားတစ်ခွန်း ပြောဆိုလိုက်ရုံဖြင့် ရှယ်ရာရှင်များ ငြင်းဆန်ခွင့် မရှိပေ။
 
 
သို့သော်လည်း J-Kingက သူ အခွင့်အရေး ထပ်ရနိုင်သေးသည်ဟု ယုံကြည်နေသည်။
 
 
ကိုယ့်ဘာသာကိုယ် အထင်ကြီးလွန်း နေသည့် လင်းချုံး၏ကံတရားက မတွေးဝံ့စရာပင်။
 
***
အပိုင်း(၃၂၀)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now