Ep 250+251+252

139 9 0
                                    

အပိုင်း(၂၅၀)

ဟိုက်ဟွေ့ဖျော်ဖြေရေးက ကျန်းမန်နီကို

နတ်ပြည်ရောက်အောင် ထောက်ပံ့ပေးနိုင်သလို ငရဲပြည်လည်း ကန်ချတဲ့အထိ ရက်စက်နိုင်တယ်

 
 
 
ထျန်းနင်နှင့် ကျန်းမန်နီတို့သည် ကိုယ်ပိုင် အရည်အချင်း ရှိကြ၍ အလုပ်ကျွမ်းကျင်မှုတွင် တန်းတူအနေအထား ရှိကြသည်။ သို့သော်လည်း ကျန်းမန်နီက နိုင်ငံတကာ တန်းဝင် မော်ဒယ်ဖြစ်နေပြီး ဆုတံဆိပ်ပေါင်းများကို ပိုင်ဆိုင်ထား၍ ထျန်းနင် နောက်ကောက်ကျခဲ့သည်။
ထို့ကြောင့်လည်း ကျန်းမန်နီက ထျန်းနင်အတွက် ရင်ဆိုင်ရခက်ခဲသော ပြိုင်ဘက်ဖြစ်နေသည်။ သို့တိုင် ထျန်းနင်က ကြောက်လန့်နေမည့် မိန်းမစားမျိုး မဟုတ်ပေ။
ကျန်းမန်နီကလည်း ထျန်းနင်ကို သူနှင့်ထိုက်တန်သော ပြိုင်ဘက်ကောင်းအဖြစ် သဘောမထားခဲ့ပေ။
 
***
 
လုံကျဲက အွန်လိုင်းပေါ် နာမည်ကြီးနေသော ပို့စ်လေးကို ကြည့်ကာ ထျန်းနင် ဘေးနား ပြေးလာသည်။
“ဒီမဲခွဲတဲ့ပို့စ်လေးကို မြင်ပြီးပြီလား။ ခန္ဓာကိုယ် ကောက်ကြောင်းအလှနဲ့ ခြေတံသွယ်သွယ်လေးကို ရွေးချယ်ခိုင်းတဲ့ မဲခွဲပို့စ်လေ”
ထျန်းနင်က စာအုပ်တစ်အုပ်ကို ဖတ်ရှုနေသည်။ သူမက လက်တော့ပ်လေးကို သာမန်ကာလျှံကာ ဖျတ်ခနဲ ကြည့်လိုက်ပြီး ကျန်းမန်နီနှင့် ယှဉ်ပြိုင်ထားသော ပို့စ်မှာ နှစ်ဆ ပမာဏရှိသော မဲပေးရွေးချယ်မှုကို သတိထားမိသည်။
“ကျန်းမန်နီက ငါ့ထက် ဘက်ပေါင်းစုံမှာ သာလွန်ပါတယ်။ ဒီလို မဲပေးရွေးချယ်တာက ယုံကြည်လို့ မရပါဘူး။ မော်ဒယ်လောကရဲ့ ကျွမ်းကျင်ဆရာကြီးတွေသာ အကဲဖြတ်ရင် ငါက သုညရမှာ သေချာတယ်”
“ဘာလို့ နင့်ကိုယ်နင် ဒီလိုတွေ ပြောနေရတာလဲ”
လုံကျဲက လက်တော့ပ်ကို ပြန်သိမ်းယူလိုက်သည်။ ပရိသတ်များက ထျန်းနင်ကို သဘောကျနေသည့်တိုင် ထျန်းနင်က သိုသိုဝှက်ဝှက် နေထိုင်နေသည်။
“ငါက အမှန်အတိုင်း ပြောတာလေ။ ရုပ်ရည်ချောမောလို့ နာမည်ကျော်နေတဲ့ မင်းသားတစ်လက်က သရုပ်ဆောင်ကောင်းတဲ့ဆုရတာ မဆန်းကြယ်ပါဘူး။ အဲဒီလူတွေကရော သူတို့ကိုယ်သူတို့ ဂုဏ်ယူနေတယ်များ မှတ်နေလား”
ထျန်းနင်က သူ့ပေါင်ပေါ်မှာ စာအုပ်ကို ပိတ်လိုက်ပြီး လေးလေးနက်နက် စကားပြောလာသည်။
“ငါတို့က သိမ်ငယ်နေစရာလည်း မလိုအပ်သလို အမှန်တရားကို မြင်တတ်ဖို့လည်း လိုအပ်တယ်။ ကျန်းမန်နီ အရည်အချင်း ရှိလို့သာ ဒီနေ့လို အခြေအနေမျိုးကို ပိုင်ဆိုင်ထားရတာပေါ့။ သူ့အောင်မြင်မှုက အကန့်အသတ်မရှိဘူး။ ငါနဲ့ကျန်းမန်နီက မိုးနဲ့မြေလို ကွာခြားနေတယ်”
“အဲဒီတော့ ဘာဖြစ်လဲ ထျန်းနင်ရယ်။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် နင်က ကျန်းမန်နီရဲ့ ဆယ်ဆလောက် ကျော်တက်သွားမယ်လို့ ငါ ယုံကြည်တယ်”
“ငါနဲ့ကျန်းမန်နီရဲ့ ရည်ရွယ်ချက်ခြင်းက မတူညီဘူး။ ငါ့ပရိသတ်တွေကို သိုသိုဝှက်ဝှက်နေဖို့ ပြောပေးပါဦး။ မို့ယွီရို့ ဘာကြောင့် ဘဝပျက်သွားလဲဆိုတာ မေ့သွားပြီလား။ ငါ့ကိုရော မို့ယွီရို့လို ဖြစ်စေချင်လို့လား”
ဖျော်ဖြေရေးလောကက တစ်ယောက်ကိုတစ်ယောက် ချနင်းပြီး အထက်သို့ တက်လှမ်းရသည့် ကစားပွဲမျိုးဖြစ်သည်။ ယနေ့ တစ်စုံတစ်ယောက်ကို အသုံးချကာ တိုးတက်နိုင်ခဲ့လျှင် နောက်ထပ် ပစ်မှတ်က သင့်အလှည့် ဖြစ်သွားနိုင်သည်။
ဖျော်ဖြေရေးလောကမှာ ပါရမီရှင်များနှင့် ထူးခြားသော စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထားသူများ ပေါများသည်။ အရည်အချင်းကောင်းများကို ပိုင်ဆိုင်ထားသည့်တိုင် မိမိထက် သာလွန်သူများက ရှိစမြဲပင်။ ထို့ကြောင့်လည်း မည်သူ တစ်ဦးတစ်ယောက်ကမျှ နံပါတ်၁ နေရာကို အမြဲမပိုင်ဆိုင်နိုင်ခဲ့ချေ။
“ကိုယ့်ဘာသာကိုယ် အဟုတ်ကြီးမှတ် အထင်ကြီးနေလို့ ဘယ်ဖြစ်မလဲ”
“ကျန်းမန်နီကို တစ်ခါလေတောင် သတိမထားမိဘူး။ စိတ်မဝင်စားမိဘူးလို့တော့ မပြောရဘူးနော်”
ထျန်းနင်က စာအုပ်ကို ပြန်ဖွင့်လိုက်ပြီး စာအုပ်ပါ အကြောင်းအရာများကိုသာ အာရုံစိုက်နေလိုက်သည်။
ထျန်းနင်၏ တောင်းဆိုမှုကြောင့် လုံကျဲက ဆိုဖာဘေးနားမှာ ဒူးထောက်လိုက်ပြီး လက်တော့ပ်ကို ပြန်ဖွင့်သည်။ ထျန်းနင်၏ပရိသတ်များကို တောင်းပန်စာ ရေးသားပြီးနောက် ကျန်းမန်နီ၏ အကျင့်စရိုက်ကို စုံစမ်းသည်။ သေသေချာချာ စုံစမ်းကြည့်ပြီးမှ ထျန်းနင် ပြောချင်သည့် စကား၏ဆိုလိုရင်းကို သဘောပေါက်သွားသည်။
ထျန်းနင်က အမြဲတမ်း သိုသိုဝှက်ဝှက် နှိမ့်နှိမ့်ချချ နေထိုင်တတ်သည်။ ထျန်းနင်၏ တည်ငြိမ်အေးဆေးသော အကျင့်စရိုက်က အောင်ပွဲရခဲ့ခြင်း၏ သော့ချက်ဖြစ်သည်။ ထျန်းနင်က သူမ၏ အဆင့်အတန်းကို ကောင်းကောင်းသိပြီး ရန်သူကိုလည်း မြန်မြန်ဆန်ဆန် အကဲဖြတ်နိုင်သည်။
“ထျန်းနင်ရေ၊ တစ်ခုခုတော့ လွဲမှားနေပြီ။ စောနတုန်းက မဲ၁၀၀၀၀ လောက်ပဲ ရှိတာ။ အခု မဲ ၁သိန်းကျော် ဖြစ်သွားပါလား။ ကော်မန့်တွေမှာလည်း နင့်ကို သဘောကျတဲ့ အကြောင်းတွေပဲ ရေးထားတယ်”
လုံကျဲက လက်တော့ပ်ကို ထျန်းနင်ဘက် လှည့်ပေးလိုက်သည်။
“ထျန်းနင်၊ နင် မှန်တယ်လို့တော့ မပြောနဲ့နော် ငါတော့ သံသယဝင်မိနေတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ”
ထျန်းနင်က လက်တော့ပ်ကို ကြည့်လိုက်သည်။
အမှန်တကယ်လည်း အတော်ကလေးကို ထူးခြားနေသည်။
ထိုစဉ် မို့ထင်က သူ့ကုမ္ပဏီရုံးခန်းထဲမှာ ရှိနေပြီး ပုံမှန်မဟုတ်သော ပို့စ်ကို သတိထားမိသွားသည်။ သူ့လက်တော့ပ်ကို ပိတ်ချလိုက်ပြီး ထျန်းနင်ကို ဖုန်းခေါ်သည်။
“ချစ်လေး ဘာမှစိတ်မပူနဲ့နော်။ ကိုယ် ဖြေရှင်းလိုက်မယ်”
ထျန်းနင် ပြန်ဖြေလိုက်သည်။
“ကျန်းမန်နီရဲ့လက်ရှိ အဆင့်အတန်းအရတော့ ကုမ္ပဏီကနေ အချိန်မရွေး နုတ်ထွက်သွားနိုင်တယ်။ ‘ထင်’ကိုတော့ စိတ်ဒုက္ခပေးနိုင်လောက်တယ်။ ထင်က ဟိုက်ဟွေ့ရဲ့ သူဌေးကြီးဖြစ်ပြီး ပထမတန်းစာ မော်ဒယ်ကို ကျော်ပြီး တတိယတန်းစားမော်ဒယ်ရဲ့ မန်နေဂျာလုပ်ဖို့ ရွေးချယ်လိုက်တော့ ချစ်လေးသာ ကျန်းမန်နီနေရာမှာဆိုရင် ‘ထင်’ကိုနားလည်နိုင်မှာ မဟုတ်ဘူး”
“အဲလိုလား ချစ်လေးရဲ့”
မို့ထင်က ရုတ်တရက် ရယ်မောလိုက်ပြီး ထျန်းနင်ကို သံသယဝင်နေသော လေသံဖြင့် မေးမြန်းလိုက်သည်။
“ကိုယ့်ကို ပြောပြဦး။ ကျန်းမန်နီက ကိုယ့်ကို ဘယ်လို စိတ်ဒုက္ခပေးမလဲ”
“ဥပမာပြောရရင်ကွာ သူ့မန်နေဂျာလုပ်ဖို့ တွန်းအားပေးတာတို့ပေါ့”
“မို့သခင်မရေ သဝန်တိုနေတဲ့ အငွေ့အသက်တွေကို ခံစားနေရပြီနော်”
မို့ထင်က လေးလေးနက်နက် ပြောဆိုနေသော်လည်း သူ့မျက်ဝန်းများက ပြုံးရိပ်သန်းနေသည်။
“ဟိုက်ဟွေ့ဖျော်ဖြေရေးက ကျန်းမန်နီကို နတ်ပြည်ရောက်အောင် ထောက်ပံ့ပေးနိုင်သလို ငရဲပြည်လည်း ကန်ချတဲ့အထိ ရက်စက်နိုင်တယ်”
“ဟိုက်ဟွေ့က ပုံမှန်အားဖြင့် အခုလို ပြဿနာလေးတွေမှာ ဝင်ပါလေ့ မရှိဘူး။ ဒါပေမဲ့ ကိုယ်တွေ ရင်ဆိုင်ရမှာ ဘယ်လိုလူလဲဆိုတာပေါ် မူတည်တယ်။ ဟိုးအရင်နှစ်တွေတုန်းက ကလိမ်ကကျစ်ကျပြီး အိပ်ရာပေါ် ခုန်တက်ဖို့ ကြိုးစားခဲ့တဲ့ အနုပညာရှင်တွေနဲ့ လာဘ်ထိုးတာကို လက်ခံပြီး ဟိုက်ဟွေ့ကို အသုံးချဖို့ ကြံရွယ်ခဲ့သူ အားလုံးက ကိုယ့်လက်ထဲက တစ်ယောက်မှ မလွတ်ခဲ့ဖူးဘူး။ ဟိုက်ဟွေ့က သူတို့ဘဝကို မြှင့်တင်ပေးနိုင်သလို သူတို့ဘဝကို ဖျက်ဆီးပစ်နိုင်တယ်”
မို့ထင်က တည်တည်ငြိမ်ငြိမ်ဖြင့် လေးလေးနက်နက် ပြောဆိုလိုက်သည်။
ကျန်းမန်နီက သူမကိုယ်သူမ အရေးပါသူဟု သဘောထားပြီး ဘဝင်မြင့်ကာ ဘောင်ကျော်လာခဲ့လျှင် အကျိုးဆက်ကို လက်ခံရန်လည်း အသင့်ပြင်ထားသင့်သည်။
“ကျန်းမန်နီက ရှင်တို့ကို ကူညီပေးခဲ့တဲ့ လာဘ်ကောင်လေး မဟုတ်ဘူးလား။ သူ့ကြောင့် Star Kingကို ကျော်တက်နိုင်ခဲ့တာ မလား”
“မို့သူဌေးကတော်ရေ၊ ဟိုက်ဟွေ့က ကျန်းမန်နီကို ဖန်တီးနိုင်သလို ကျန်းမန်နီလို နောက်တစ်ယောက်ကိုလည်း အချိန်မရွေး စင်တင်ပေးနိုင်တယ်”
“ဒါဆိုရင် ‘ထင်’က ချစ်လေးကို စင်တင်ပေးပြီး နောက်ထပ် ကျန်းမန်နီကို ဖန်တီးမယ်ပေါ့ ဟုတ်လား”
“ကျန်းမန်နီကို တစ်ခါလေးတောင် ကိုယ်တိုင်ကိုယ်ကျ မပျိုးထောင်ခဲ့ဖူးဘူး”
ထျန်းနင် ရယ်မောမိသည်။ မို့ထင်က သူမဘေးနားမှာ ရှိနေခြင်း မဟုတ်သော်လည်း သူမကို ပွေ့ဖက် နှစ်သိမ့်နေသကဲ့သို့ ခံစားစေသည်။ မို့ထင်၏နှလုံးသားထဲမှာ သူမ တစ်ယောက်တည်း ရှိကြောင်း သွယ်ဝိုက် ပြောဆိုပေးသည်။
ထျန်းနင်နှင့် ဖုန်းပြောဆိုပြီးနောက် မို့ထင်က ပြဿနာပို့စ်တင်ထားသော website တည်ထောင်သူကို ဆက်သွယ်ရန် လုချယ်ကို ညွှန်ကြားသည်။
အတုအယောင်နည်းလမ်းသုံးပြီး ကော်မန့်ပေးထားသူကို လက်ခံပေးစရာ အကြောင်းအရင်း မရှိပေ။
လုချယ်က မို့ထင်၏အမိန့်အတိုင်း ချက်ချင်း လုပ်ဆောင်ပြီး မဲခွဲရွေးချယ်သော ပို့စ်ကို အွန်လိုင်းပေါ်မှ ဖယ်ရှားခဲ့သည်။ ကွန်ပျူတာ အရှေ့မှာ ထိုင်နေသော Charleneက မကျေမနပ် တောက်ခေါက်ကာ ပို့စ်အသစ်ပြန်တင်ရန် အကြိမ်ကြိမ် ကြိုးစားသည်။
မဲခွဲရွေးချယ်သော ပို့စ်က အွန်လိုင်းပေါ်မှာ ၁၀မိနစ်မျှသာ တင်ခွင့်ရသေးသည်။ မို့ထင်က ချက်ချင်း အမြစ်ဖျက် ပယ်ရှားပစ်သည်။
သူမမှန်း ရိပ်မိသွားမည်ကို စိုးရိမ်မိ၍ ပို့စ်ထပ် မတင်ရန် ဆုံးဖြတ်လိုက်သည်။ သို့တိုင် မဲခွဲ ရွေးချယ်သော ပို့စ်ကို သူမ၏ဖုန်းမှာ မှတ်တမ်းတင်ထား၍ ကျန်းမန်နီကို ပြနိုင်သေးသည်။
“ဒါက ဘာလဲ”
“အင်တာနက်သုံးတဲ့ ပရိသတ်တွေ အမှတ်ပေးထားတာလေ”
Charleneက ပြဿနာကို အကျယ်ချဲ့ရန် ကြိုးစားလာသည်။
“စောနတုန်းက လူတစ်သိန်းကျော်လောက်အထိ မဲပေးထားသေးတယ်။ အခုတော့ ပို့စ်ဖျက်ခံလိုက်ရပြီ”
ကျန်းမန်နီက ကွန့်မန့်များကို လှန်လှောဖတ်ရှုပြီး ဒေါသစိတ်ကြောင့် လက်ဖျားလေးများ တဆတ်ဆတ်တုန်နေသည်။
“ထျန်းနင်ရဲ့ပရိသတ်တွေက နင့်ကို လူရှေ့သူရှေ့မှာ အရှက်ခွဲတာပဲ။ နင်က ဒါကို ဒီအတိုင်း လက်ပိုက်ကြည့်နေတော့မလား”
“နင်က မို့သူဌေးရဲ့မျက်နှာကို ထောက်ထားနေမှန်း သိပါတယ်။ ဒါပေမဲ့ သူဌေးမို့ကတောင် ထျန်းနင်ဘက်တော်သား ဖြစ်နေတယ်နော်”
“နင်က ငါ့ကို ဘာလုပ်စေချင်တာလဲ”
“နင်က ဟိုက်ဟွေ့မှာ ဘယ်လိုအဆင့်အတန်း ရှိလဲဆိုတာ ထျန်းနင်တို့လို တက်သစ်စတွေ သိသွားအောင် လုပ်ပေးရမှာပေါ့”
“မို့သူဌေးက အရင်တုန်းကဆိုရင် အနုပညာရှင်တွေကြား ဝင်ပါလေ့ မရှိဘူး။ အခုတော့ အရင်နဲ့မတူတော့ဘူး။ သူက မန်နေဂျာလုပ်ဖို့ ရွေးချယ်သွားတာလေ၊ နင့်အရည်အချင်းရယ် မို့သူဌေးရဲ့ ထူးချွန်မှုရယ်သာ ပေါင်းလိုက်ရင် နင်တို့က အကောင်းဆုံး မိတ်ဖက်တွေ ဖြစ်လာမှာပဲ။ မို့သူဌေးက နင့်မန်နေဂျာပဲ ဖြစ်သင့်တာပါ”
“ထျန်းနင်လို အဆင့်အတန်းက ဟွာကျင်းကျင်းနဲ့ မန်နေဂျာ မျှသုံးရတဲ့ အဆင့်ပဲ ဖြစ်သင့်တယ်”
“ငါကိုယ်ငါ နှိမ့်ချပြီး မို့သူဌေးကို ကျွန်မရဲ့မန်နေဂျာ လုပ်ပေးပါလို့ သွားတောင်းပန်စေချင်တာလား”
ကျန်းမန်နီက Charleneကို စူးစူးရဲရဲ ကြည့်လိုက်သည်။
“ဘယ်သူက နှိမ့်ချဖို့ ပြောနေလို့လဲ။ ဒီ အခြေအနေကို ကောင်းကောင်းအသုံးချပြီး နင့်အတွက်လည်း အကျိုးရှိအောင် မို့သူဌေးရဲ့စိတ်ကို စမ်းသပ်ကြည့်စေချင်တာပါ”
“သူသာ နင့်မန်နေဂျာဖြစ်သွားရင် နင်တို့နှစ်ယောက် နီးစပ်သွားပြီလေ။ အခြေအနေတွေလည်း တိုးတက်လာနိုင်တယ်”
မို့ထင်က ထျန်းနင်ကို မည်သည့်အတွက်ကြောင့် ရွေးချယ်ခဲ့သနည်း။ သူမက ထျန်းနင်ကို မယှဉ်နိုင်သော အရည်အချင်းနှင့် အလှအပ ရှိနိုင်မည်နည်း။ သူ့မန်နေဂျာ၏အကြံအစည်ကို လက်ခံပြီး မို့ထင်ကို စမ်းသပ်ကြည့်သင့်သည်။
 
 
***

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Donde viven las historias. Descúbrelo ahora