Ep 352+353+354

104 12 0
                                    

အပိုင်း(၃၅၂)

 
ဟန်ရှင်းအာက ထျန်းနင် နှင့် မို့ထင်၏ အချစ်ရိပ်မြုံ သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ အိမ်တစ်အိမ်လုံး လှည့်ပတ် ကြည့်ရှုသောအခါ ထျန်းနင်၏ အကြိုက်ဆုံး အသုံးအဆောင်များဖြင့် အိမ်အလှဆင်ထားမှန်း သတိပြုမိသည်။ ဟန်ရှင်းအားက အခန်းတစ်ခန်းလုံး လှည့်ပတ် စပ်စုနေ၍ မူးနောက်စပြုလာသည်။
 
 
"အစ်မရဲ့ဓာတ်ပုံပဲ"
 
 
"ဟမ် "
 
ထျန်းနင်က ဟန်ရှင်းအာ၏ ကလေးဆန်သော အပြုအမူကြောင့် ရယ်ချင်စိတ် ဖြစ်ပေါ်လာသည်။
 
"LM လက်စွပ် ကြော်ငြာကို ရှင်းအာ အကြိုက်ဆုံးပဲ။ အဲဒီဓာတ်ပုံမှာ အစ်မတို့က ကင်မရာကို ကျောခိုင်းထားတာလေ။ အဲဒီ ဓာတ်ပုံရော ရှိလား"
 
 
"အိပ်ခန်းထဲမှာ ရှိတယ်"
 
ထျန်းနင် ပြုံးသည်။
"ဟိုပြေးသည်ပြေးနဲ့ ကလေးလို ချာချာလည်နေတာတွေ လျော့ပါဦး။ နင့်ကို လိုက်ကြည့်ရင် ငါတောင် မူးနောက်လာပြီ"
 
"အစ်မရေ၊ အစ်မက သူဌေးမို့နဲ့ လက်ထပ်ခွင့်ရတာ တကယ် ကံကောင်းတာပဲ"
 
ဟန်ရှင်းအာက သုံးစားမရသော သူ့အစ်ကိုကို သတိရသွားသည်။ သူမက ဟန်ယွီဖန်၏ ညီမဖြစ်သော်လည်း ထျန်းနင်လို မိန်းမကောင်းလေးက အကောင်းဆုံးသော လက်တွဲဖော်ဖြင့်သာ လိုက်ဖက်ညီကြောင်း သူမ သိပါသည်။
 
"အရမ်းကံကောင်းတာပါ"
 
ထျန်းနင်က တွေးဝေခြင်း မရှိ ခေါင်းညိတ်သည်။
 
"အရမ်းကို ကံကောင်းလွန်းလို့ တစ်ခါတလေ ဟန်ယွီဖန်ကိုတောင် ကျေးဇူးတင်မိသေးတယ်"
 
 
"အစ်မရယ် ကိုယ့်အပေါ် မကောင်းခဲ့တဲ့သူကို ရူးမိုက်ပြီး ကျေးဇူးတင် မနေပါနဲ့"
 
ဟန်ရှင်းအာက ထျန်းနင်ဘေးနားမှာ ထိုင်လိုက်ပြီး သူမ၏မှတ်စု စာအုပ်ကို ထုတ်လိုက်သည်။
"အခု ရှင်းအာက  အစ်မရဲ့ လက်ထောက် ဖြစ်ပြီဆိုတော့။ အလုပ်နဲ့ ပတ်သက်တာလေးတွေ ဆွေးနွေးကြတာပေါ့"
 
ထျန်းနင်က ဟန်ရှင်းအာ၏ လေးနက်သော မျက်နှာကို ငေးစိုက်ကြည့်ပြီး သူမလည်း မျက်နှာ အမူအရာ လေးနက်လိုက်သည်။ လုံကျဲ နှင့် ရှင်းအာ နှစ်ဦးစလုံးက အကောင်းမြင်စိတ် ရှိသူများ ဖြစ်သော်လည်း လုံကျဲက စိိတ်တိုလွယ်ပြီး ရှင်းအာက သည်းခံနိုင်စွမ်း မြင့်မားသည်။ ရှင်းအာ၏ အပြုံးကို ကြည့်မိတိုင်း စိတ်လက်ပေါ့ပါးစေသည်။
 
 
"အခုရိုက်နေတဲ့ ရုပ်ရှင် အပြီးသတ် မရိုက်ကူးခင် တခြားရိုက်ကူးရေးတွေ ရှိသေးတယ်။ ဒါပေမဲ့ မနက်ဖြန်ညတော့ နောက်ရိုက်ကူးမယ် 'Hidden Expert'ရုပ်ရှင်ရဲ့ သတင်းစာရှင်းလင်းပွဲ တက်ရမယ်။ အဲဒါပြီးရင်တော့ နောက်လ လဆန်းပိုင်း အချိန်မှ ရုပ်ရှင် စရိုက်ကူးမယ်"
 
 
" ပြီးတော့ အရေးကြီးဆုံး အချက်အနေနဲ့ မှတ်ထားရမှာက အစ်မနဲ့ မို့သူဌေး လက်ထပ်ထားတာ ကြေညာမယ်နေ့ မလား။ ညီမလေး စိတ်ရင်းနဲ့ အစ်မတို့ကို ဆုတောင်းပေးတယ်"
 
 
ထျန်းနင်က ဟန်ရှင်းအာ၏ ကော့ညွှတ်နေသော မျက်ဝန်းလေးကို ငေးစိုက်ကြည့်သည်။ လက်ထပ်ထားသော သတိုးသမီးလေးကို အသိအမှတ်ပြုသော ခံစားချက်ကို ခံစားမိသည်။
 
 
"လက်ထပ်ပွဲ ကျင်းပဖို့ မစီစဉ်တော့ဘူးလား"
 
 
"အချိန်မတန်သေးဘူးလေ။ အလောတကြီး လက်ထပ်ပွဲ မကျင်းပချင်ဘူး"
 
 
မို့ထင်က စာကြည့်ခန်း အပြင်ဘက်မှ ထွက်လာကာ စကားဖြတ်ပြောသည်။
 
"အေးအေးဆေးဆေး စီစဉ်မယ်။ ငါ့မိန်းမက ငါ့လက်ထဲက ထွက်ပြေးသွားမယ်သူ မဟုတ်ဘူး။ ဘယ်အချိန် ကျင်းပ ကျင်းပ အဆင်ပြေတယ်"
 
ဟန်ရှင်းအာက သူတို့ဇနီးမောင်နှံ၏ ကြင်နာယုယသော အပြုအမူများကို သတိထားမိ၍ ဤနေရာတွင် ကြာကြာ ဆက်မနေသင့်မှန်း သဘောပေါက်ခဲ့သည်။
 
 
သူမ သိသင့်သိထိုက်သော အချက်အလက်များကို မှတ်စုစာအုပ်မှာ ချရေးပြီး ထွက်သွားရန် ပြင်ဆင်နေသည်။ သို့သော်လည်း ထျန်းနင်က သူမကို အချိန်ဆွဲသည်။
 
"ရှင်းအာ။ ညီမလေး ခုတလော ဘယ်မှာ နေလဲ"
 
"သူဌေးက ရှင်းအာနေဖို့ ကျယ်ကျယ်ဝန်းဝန်း တိုက်ခန်း တစ်ခန်း ပေးပါတယ်။ အစ်မ မစိုးရိမ်နဲ့နော်"
 
ထိုစကားကို ပြောပြီးနောက် ဟန်ရှင်းအာက လက်ပြနှုတ်ဆက်ကာ လှည့်ထွက်လာခဲ့သည်။
 
ထျန်းနင်က ဟန်ရှင်းအာ ပျောက်ကွယ်သွားသော မြင်ကွင်းကို အပြစ်ရှိသော ခံစားချက်ဖြင့် မျက်စိတစ်ဆုံး ငေးစိုက်ကြည့်သည်။
 
"ရှင်းအာရဲ့ တက်လမ်းတွေကို ပိတ်အောင် လက်ထောက်လုပ်ခိုင်း မိသလားပဲ"
 
"သူ့ကို ချစ်လေးဘေးနား ထားတာ သူ့အရည်အချင်းတွေ တိုးတက်အောင် လေ့ကျင့်ပေးဖို့ပဲ။ ဘာပဲဖြစ်ဖြစ် ဖန်ယွီက ရှင်းအာကို သူ့ပီအာ နေရာ ဆက်ခံစေချင်တာလေ"
 
မို့ထင်က ထျန်းနင်ဘေးနား မထိုင်ခင် ကြင်ကြင်နာနာ ပြောဆိုသည်။
 
ထို့နောက် ထျန်းနင်၏ပခုံးလေးကို ဖက်ကာ စကားဆက်ပြောသည်။
 
"ထျန်းမိသားစုကို လက်ဆောင် ပို့ပေးပြီးပြီ။ လက်ဆောင် လက်ခံတဲ့သူက ချစ်လေးရဲ့ အဘိုးပဲ ဖြစ်မလား တခြားသူ ဖြစ်နေမလား ကိုယ် သေချာမသိဘူး"
 
ထျန်းမိသားစုထံသို့ လက်ဆောင် ပို့ပေးခဲ့ခြင်းက ထျန်းနင်၏မျက်နှာထောက်ရှု ခဲ့၍ ဖြစ်သည်။ ထျန်းဘိုးဘိုးက ထျန်းနင်ကို နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့၍ ထျန်းနင် နာကျင်ခံစားခဲ့ရသည်။ သူ့ချစ်ဇနီးလေးကို စိတ်နာကျင်စေခဲ့သူကို ခွင့်လွှတ်နိုင်သည့်အထိ မေတ္တာထားနိုင်မည်နည်း။
 
 
"အဆင်ပြေပါတယ်"
 
ထျန်းနင်က မို့ထင်၏ရင်ခွင်ကို မှီကာ ပြန်ဖြေသည်။
 
မို့ထင်က စကားတစ်ခွန်းမျှ မပြောဘဲ ထျန်းနင်ကို ဖက်ထားသည်။ သူတို့စုံတွဲလေးက နှစ်ကိုယ်တူ ချစ်ကြည်နူးနေသည်။ ခဏကြာပြီးနောက် ထျန်းနင်က ရုတ်တရက် စကားပြောလာသည်။
 
"ထင်..."
 
"ပြောလေ ချစ်လေး"
 
 
"အခုထိလေ ချစ်လေးစိတ်ထဲ အိပ်မက်ဆန်နေတုန်းပဲ"
 
ထျန်းနင် ရေရွတ်သည်။
" ချစ်လေးကို ချစ်မြတ်နိုးတဲ့ လူကောင်း တစ်ယောက်ကို လက်ထပ်ခွင့် ကြုံလို့လေ။ ထင် နဲ့ လက်ထပ်တည်းနေ့တည်းက အခုအထိ အိပ်မက်ထဲ ရှင်သန်နေသလို ခံစားရတယ်"
 
"ကိုယ့်အတွက် ဘာမဆို စွန့်လွှတ်ရဲတဲ့ ချစ်ဇနီးလေးကို လက်ထပ်ခွင့်ကြုံလို့ ကိုယ်လည်း ဝမ်းသာပါတယ်"
 
မို့ထင်က ထျန်းနင်ကို ပွေ့ချီပြီး အိပ်ရာထဲ ခေါ်ဆောင်သွားသည်။
"တစ်လောကလုံး နှောင့်ယှက်နေရင်တောင် တခြားကိစ္စတွေ အရေးကြီးနေရင်တောင် ချစ်လေးက ကိုယ့်ဘဝမှာ နံပါတ်တစ် ဦးစားပေးပဲ"
 
"ချစ်လေးလည်း အတူတူပဲ။ ယောက်ျားက ချစ်လေးရဲ့ တစ်ဦးတည်း မူပိုင် ချစ်ရသူလေ"
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က မို့ထင်၏ လည်တိုင်လေးကို လှမ်းဖက်သည်။
 
"မိန်းမ၊ အရမ်းနောက်ကျနေပြီနော်။ စကားလုံးတွေနဲ့ ကိုယ်တို့ အချစ်ကို ဖော်ကြူးဖို့ မလုံလောက်ဘူး။ အပြုအမူတွေနဲ့ပဲ သက်သေပြသင့်တယ်"
 
ထိုစကားလုံးက မို့ထင်၏နှုတ်မှ ထွက်သည်နှင့် အိပ်ခန်းတံခါးကို တွန်းဖွင့်သည်။ ထျန်းနင်ကို မင်းသမီးလေး တစ်ပါးကဲ့သို့ ပွေ့ချီပြီး ခြေလှမ်း ခပ်ကျဲကျဲ လှမ်းကာ အိပ်ရာ ရှိရာသို့ ချီတက်လာခဲ့သည်။
 
...
 
 
[တကယ်ကြီး မို့ထင် လက်ထပ်တော့မှာလား။ သတိုးသမီးလောင်းက တခြားသူလား]
 
 
[အဆင့်အတန်းကွာခြားချက်ကြောင့် အချစ်ငှက်လေးတွေ ဝေးကွာရန်ပြန်ပြီ။ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ စီအီအိုက လက်ထပ်တော့ မှာလား]
 
 
[ထျန်းနင်က မော်ဒယ် ဖြစ်နေရုံနဲ့ မို့ထင်နဲ့ လမ်းခွဲဖို့ ဖိအားပေးခံရတယ်လို့]
 
 
...
 
 
နောက်တစ်နေ့ မနက်ခင်းမှာ သတင်းတချို့ ပေါ်ထွက်လာပြန်သည်။ မို့ထင်က လူချမ်းသာ ဆက်ခံသူနှင့် လက်ထပ်မည့် သတင်းက ထျန်းနင်၏ ပရိသတ်များကို အကြီးအကျယ် ထိခိုက်စေသည်။
 
 
"မို့ထင်က ထျန်းနင်ရဲ့ ခံစားချက်ကို လှည့်စားနေသလား။ ငါတော့ ဒီသတင်းကို မယုံကြည်နိုင်ဘူး"
 
 
"လူချမ်းသာတွေက ဒီအတိုင်းကြီးပဲ။ မို့မိသားစုက ထျန်းနင်ကို လက်ခံပါ့မလား အမြဲတွေးပူနေရတာ။ အခုတော့ စိတ်ပူတဲ့အတိုင်း ဖြစ်လာပြီ"
 
 
"သူတို့တွေက ငါတို့ကြိုက်တဲ့စုံတွဲကို အတင်းခွဲပစ်သလား။ ငါ လက်မခံနိုင်ဘူး"
 
 
"စုံတွဲပရိသတ်တွေ နိုးထဖို့ အချိန်တန်ပြီ။ ဖျော်ဖြေရေးလောကက အမြဲတမ်း ရှုပ်ထွေးနေတာပဲဟာ"
 
 
မို့ထင်က ဩဇာအာဏာညောင်းသော မိသားစုမှ ဆက်ခံသူနှင့် လက်ထပ်တော့မည့် သတင်းက ဟိုးလေးတကျော် ဖြစ်ခဲ့သည်။စီးပွားရေးမိတ်ဖက်အနေဖြင့် လက်ထပ်မင်္ဂလာပြုသည်ဟု လူတိုင်းက ယူဆခဲ့သည်။
 
 
သူတို့စိုးရိမ်ပူပန်နေသည့်တိုင် မို့ထင်က စီးပွားရေးအတွက် ထျန်းနင်ကို စွန့်ပစ်ရန် ရွေးချယ်ခဲ့သည်ဟု တွေးထင်ကြသည်။
 
 
ဟိုက်ဟွေ့ဖျော်ဖြေရေး၏ စီအီအိုရုံးခန်းအတွင်း မို့ထင်က ကောလဟာလ သတင်းများကို ဖတ်ရှုနေသည်။
 
 
လုချယ်က လုံကျဲနှင့်အတူတူ မိဘအိမ် ပြန်သွား၍ အသေးအမွှား ပြဿနာများကို ဖြေရှင်းရန် ဖန်ယွီကို အကူအညီ တောင်းထားရသည်။
 
 
"မို့ထင်၊ မင်းမိသားစုက..."
 
 
"ဒီသတင်းတွေကို ဘယ်သူ အရင်စဖြန့်လဲ ရှာတွေ့ပြီလား"
 
မို့ထင်၏မျက်ဝန်းများက မှောင်မိုက်နေသည်။
"ထျန်းနင်နဲ့ လက်မထပ်ခင်က လုချယ်ရွေးပေးတဲ့ မိန်းကလေး တစ်ယောက်နဲ့ လက်ထပ်ဖို့ စီစဉ်ခဲ့ဖူးတယ်။ အဲဒါကြောင့် အခုလို သတင်းတွေ ထွက်လာတာ ဖြစ်နိုင်တယ်"
 
"လုချယ် ရွေးပေးတဲ့ မိန်းကလေးက အချိန်မီ ရောက်မလာခဲ့လို့ လက်မထပ်ဖြစ်ဘူးမလား"
 
ဖန်ယွီက ဟွားကျင်းကျင်း ပြောပြထား၍ သိထားပါသည်။
"ဒီလိုဆိုရင်တော့ ဒီသတင်းကို စဖြန့်တဲ့သူက ချီမိသားစု ဖြစ်နိုင်တယ်။ သူတို့က ဘာလိုချင်လို့လဲ"
 
"အတိအကျ မသိသေးဘူး"
 
မို့ထင်က ဈေးကြီးသော မှင်တံကို ပိတ်လိုက်ပြီး ခေါင်းငုံ့ကာ တွေးတောနေသည်။
"နည်းမှန်လမ်းမှန် တွေးတောကြည့်ရင်တော့ ချီမိသားစုက ဒီသတင်းကို မဖြန့်လောက်ဘူး။ သူတို့အတွက် ဘာအကျိုးမှ မရှိဘူး။ တခြားသူ ဖြစ်နိုင်သေးတယ်"
 
"ဘယ်သူလို့ ခံစားမိလဲ"
 
 
"ငါတို့လက်ထပ်ထားတာ အသိပေးဖို့ ထျန်းမိသားစုကို လက်ဆောင် ပို့ပေးဖူးတယ်"
 
 
မို့ထင်က ထိုင်ခုံပေါ်မှ ထကာ ဖန်သား ပြတင်းပေါက်ဘက် လမ်းလျှောက်သွားသည်။
 
 
"အချိန်က အံကိုက် ဖြစ်နေတယ်"
 
 
"မို့သူဌေး နဲ့ ချီမိန်းကလေးတို့ရဲ့ အကြောင်း သိတဲ့သူ နည်းပါတယ်"
 
 
"ဟုတ်တယ်။ လူအများကြီး မသိထားဘူး။ ဒါပေမဲ့ ချီမိသားစု နဲ့ ထျန်းမိသားစု စီးပွားရေး အဆက်အဆံလည်း ရှိတယ်။ အသွားအလာ အဝင်အထွက်လည်း ရှိတော့ ဒီအကြောင်းကို သိနိုင်တယ်"
 
 
"ထျန်းမိသားစုရဲ့အကြံအစည်ဆို သူတို့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ"
 
 
"ထျန်းနင် နဲ့ ငါ့ကို နားလည်မှုလွဲအောင် လုပ်ချင်လို့ပေါ့ ရှင်းနေတာပဲ။ ငါတို့က လက်ထပ်ပြီးသားလို့ သူတို့ကို မပြောပြခဲ့ဘူး။ ငါတို့တွေ လက်ထပ်ဖို့ စီစဉ်နေတယ်လို့ ယူဆလိုက်ပုံပဲ"
 
မို့ထင် ခနဲ့သည်။
 
"သူတို့လုပ်ခဲ့တဲ့ အပြစ်တွေကို ခြေရာ မခံရ‌သေးဘူး သူတို့ဘက်က အရင်ဆုံး ရန်စလာတာပဲ။ စိတ်ဝင်စားဖို့ ကောင်းသားပဲ"
 
 
အပိုင်း(၃၅၂)
 
ပြီး၏။
 
အပိုင်း(၃၅၃)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now