Ep 367+368+369

101 10 0
                                    

အပိုင်း(၃၆၇)

 
"သူဌေးကြီး၊ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ရှေ့နေတွေ အပြင်မှာ ရောက်နေပါတယ်"
 
ထျန်းအကြီးအကဲ၏လက်ထောက်က အတွေးလွန်နေသော ထျန်းအကြီးအကဲကို သတင်းပို့သည်။
"သူ့ကို ဝင်ခွင့်ပေးရမလား ဘာလုပ်ရမလဲ"
 
"ဝင်ခွင့်ပေးလိုက်ပါ"
 
ထျန်းအကြီးအကဲက သူ့လက်ကို ချည့်နဲ့စွာ ခါရမ်းသည်။
 
"ဒါပေမဲ့..."
 
 
"ကိုယ့်အကုသိုလ်နဲ့ ကိုယ်ပဲလေ ဘယ်တတ်နိုင်ပါ့မလဲ"
 
ထျန်းအကြီးအကဲ ခဏခဏ ချောင်းခြောက်ဟန့်သည်။
"ငါသာ ထျန်းရွှမ်ကို ဒီလောက်အထိ အလိုမလိုက်ခဲ့ရင် အခုလို အခြေအနေတွေ မဖြစ်လာဘူး။ ထျန်းရွှမ် သတ်သေမယ်လို့ ခြိမ်းခြောက်တော့ သူ လုပ်ချင်တာကို လုပ်ခွင့် ပြုခဲ့တယ်။ ထျန်းနင်ကလည်း အရင်တိုင်း ငါလုပ်ရပ်ကို သည်းခံပြီး နားလည်ပေးလိမ့်မယ်လို့ တွေးခဲ့တယ်"
 
"ငါက တကယ်ကို ကြောက်စရာကောင်းတဲ့ ဘိုးအေပါ"
 
 
"သူဌေးကြီး... "
 
သူ့လက်ထောက်က ဖျောင်းဖျရန် အကောင်းဆုံး ကြိုးစားသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ထျန်းမိသားစု၏လုပ်ရပ်က တရားလွန်နေမှန်း ကောင်းကောင်း သိနေခဲ့၍ နှစ်သိမ့်သော စကားလုံးများ သူ့နှုတ်မှ ပြောထွက်ရန် ခက်ခဲနေသည်။
 
ထျန်းမိသားစုမှာ မျိုးဆက်သစ်များ ရှိနေသေးသော်လည်း ထျန်းအကြီးအကဲ၏ အမြင်မှာ ထျန်းမိသားစုပိုင် စီးပွားရေးလုပ်ငန်းကို ဆက်ခံနိုင်သည့် အရည်အချင်းရှိသူက ထျန်းနင် တစ်ဦးတည်းသာ ဖြစ်သည်။
 
 
သူကိုယ်တိုင် ထျန်းနင်ကို အဝေးတွန်းထုတ်ခဲ့၍ ထျန်းမိသားစု၏ ကံကြမ္မာကို မည်သို့မည်ပုံ ရှေ့ဆက်ရမည်နည်း။
 
 
ရာစုနှစ်ကျော် ထင်ပေါ်ခဲ့သော ရေမွှေးအင်ပါယာ လုပ်ငန်းစုက သူ့လက်ထပ်တွင် အဆုံးသတ်မည်နည်း။
 
 
ခဏကြာပြီးနောက် ထျန်းအကြီးအကဲက ဧည့်ခန်းမထဲ ဝင်ရောက်သွားပြီး ဆိုဖာပေါ် ထိုင်နေသော ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ရှေ့နေများကို မြင်တွေ့ရသည်။
 
"မို့သူဌေးက ဘာလိုချင်တာလဲ။ အရေးကြီးတဲ့ အချက်ကိုပဲ ပြောပါ၊ အချိန်မဖြုန်းနဲ့"
 
"ထျန်းလူကြီးမင်း၊ ပြဿနာက ရှင်းရှင်းလေး၊ တောင်းပန်စကား ပြောပေးပါ။ လျော်ကြေးပေးစရာတွေ မလိုအပ်ဘူး။ မို့မိသားစုက သူတို့လိုချင်တာ မှန်သမျှ ဝယ်သုံးနိုင်တဲ့ အရည်အချင်း ရှိတယ်။ သူတို့အတွက် ငွေကြေး မလိုအပ်ဘူး"
 
ရှေ့နေက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေသည်။
 
"ငါတို့က ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်သူချည်းပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မို့သူဌေး ကိုယ်စား ပြောရရင် အခုလို အခြေအနေထိ ဆွဲခေါ်စရာ မလိုအပ်တဲ့ အနေအထားမျိုးပါ။ ဒါပေမဲ့ ထျန်းမိသားစုက ထျန်းနင်ကို နစ်နာစေတဲ့အထိ တရားလွန်ခဲ့တယ်။ မို့သူဌေးကလည်း သူ့မိန်းမကို ကာကွယ်ဖို့ ထျန်းမိသားစုကို တောင်းပန်ခိုင်းတာပါ"
 
 
"ငါတို့ကို ဘယ်လို တောင်းပန်စေချင်တာလဲ"
 
ထျန်းအကြီးအကဲ မေးမြန်းသည်။
 
"ထျန်းလူကြီးမင်းရဲ့ စိတ်ထဲရှိတဲ့အတိုင်း ရိုးရိုးသားသား တောင်းပန်တာ လိုချင်တယ်"
 
 
"အခုတော့ မင်း ပြန်တော့။ မို့သူဌေးရဲ့ ရည်ရွယ်ချက်ကို ငါ နားလည်ပြီ"
 
ထျန်းအကြီးအကဲက လမ်းလျှောက်တုတ်ကောက်ကို ဆုပ်ကိုင်ကာ စကားပြောသည်။
"သူ့သဘောအတိုင်း ငါလုပ်ပေးမယ်"
 
"ဒီလိုဆိုရင်တော့ နှုတ်ဆက်ပါတယ်"
 
 
ထိုစကားကို ပြောပြီးနောက် ရှေ့နေများက ထွက်ခွာသွားရန် မတ်တတ်ထရပ်သည်။ သူတို့အားလုံး ထွက်ခွာသွားမှ ထျန်းအကြီးအကဲက ဧည့်ခန်းအလယ်မှာ ချိတ်ဆွဲထားသော ပန်းချီကား အဟောင်းကို ငေးစိုက်ကြည့်လျက် သူ့လက်ထောက်ကို စကားပြောသည်။
 
"ထျန်းနင်ကို တရားဝင် တောင်းပန်စကား ပြောဖို့ အဆင်သင့်ပြင်ထားပေး"
 
"သူဌေးကြီး"
 
 
"သူ့အဘိုးအနေနဲ့ ငါက မှားခဲ့တာလေ။ ငါက မြေးမကို မတောင်းပန်သင့်ဘူးလို့ မင်းက တွေးလို့လား"
 
ထျန်းအကြီးအကဲက တုတ်ကောက်လေးဖြင့် ကြမ်းပြင်ကို ကောက်ကာ နှလုံးသား နာကျင်သော ဝေဒနာကို ခံစားနေရသည်။
"ထျန်းနင်က ငါ့မြေးလေး၊ ငါ့အချစ်ဆုံး မြေးလေး၊ အခုတော့... "
 
"ဒီတစ်ခေါက်တော့ သခင်မလေးထျန်းနင် အတော်ကလေး စိတ်ထိခိုက်သွားပုံပဲ"
 
ထျန်းအကြီးအကဲ၏လက်ထောက်က သက်ပြင်းချသည်။
 
"ငါလည်း ကောင်းကောင်းသိပါတယ်။ ထျန်းမိသားစုရဲ့ အနာဂတ်က စိုးရိမ်ဖို့ ကောင်းတာ ငါ သိပါတယ်"
 
ထိုစကားကို ပြောပြီးနောက် ထျန်းအကြီးအကဲက ရင်ဘတ်ကို ဆုပ်ကိုင်ကာ နာကျင်သော ဝေဒနာကို ကျိတ်မှိတ် ခံစားနေသည်။ စက္ကန့်ပိုင်း ကြာပြီးနောက် အသိစိတ်ကင်းမဲ့စွာ ကြမ်းပြင်ပေါ် လဲကျသွားသည်။
 
လက်ထောက် ကြောက်လန့်တကြားဖြင့် ထျန်းအကြီးအကဲကို ဆေးရုံတင်သည်။
 
 
ထျန်းရွှမ် နှင့် တခြားသော ထျန်းမိသားစုဝင်များ ထျန်းအကြီးအကဲ သတင်းကို ကြားကြားချင်း ဆေးရုံ အရေးပေါ် အခန်းကို အပြေးတစ်ပိုင်းဖြင့် ရောက်လာသည်။
 
 
ထျန်းအကြီးအကဲ၏လက်ထောက်ကို မြင်သည်နှင့် အနားပြေးသွားကာ အခြေအနေကို စုံစမ်းသည်။
 
"ဘယ်လိုဖြစ်တာလဲ။ ဘိုးဘိုးက ဘာလို့ ရုတ်တရက် မူးလဲတာလဲ"
 
"ဘယ်လိုဖြစ်ရတာလဲ"
 
 
"တခြားအကြောင်း ကိစ္စကြောင့်လား။ ထျန်းနင် ကြောင့်လား"
 
 
ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ရှေ့နေများ ရောက်လာသည့် သတင်းကို  လက်ထောက်က တမင်တကာ ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။ သို့တိုင် ထျန်းရွှမ်က ထျန်းနင်ကို အပြစ်ပုံချသည်။
 
 
"သခင်မလေးသာ သူဌေးကို ဒေါသထွက်အောင် မလုပ်ခဲ့ရင် အခုလို ဆေးရုံ ရောက်ပါ့မလား"
 
လက်ထောက်က အေးစက်စက် ပြန်ပြောသည်။
 
"ဘာပြောလိုက်တာလဲ"
 
လက်ထောက်၏စကားကြောင့် ထျန်းရွှမ်၏မျက်နှာထား ပြောင်းလဲသွားသည်။ သူမ၏ဒေါသကို ပေါက်ကွဲခါနီး အဖေထျန်းက သူမကို အတင်းဆွဲခေါ်သွားပြီး သူမကို ဟန့်တားခဲ့သည်။
 
"ရွှမ်အာ၊ မင်းအဘိုးရဲ့ အခြေအနေက မတည်ငြိမ်သေးဘူး။ ပြဿနာ ပိုရှုပ်အောင် မလုပ်နဲ့"
 
 
ထျန်းရွှမ်က အဖေထျန်းကို တွန်းထုတ်ပြီး အမေထျန်းဘက် အာရုံပြောင်းခဲ့သည်။
 
"နင်နဲ့ နင့်သမီးကြောင့် ထျန်းမိသားစု ရှုပ်ထွေးကုန်တာ"
 
အမေထျန်းက ထျန်းရွှမ်ကို စူးစူးရဲရဲ ကြည့်ကာ တုန်ရီနေသော အသံဖြင့်
 
"ဘယ်သူက မှန်ကန်လဲဆိုတာ အချိန်က သက်သေပြသွားလိမ့်မယ်"
 
"ငြင်းခုန်နေတာ ရပ်လိုက်တော့"
 
အဖေထျန်း စိတ်ရှုပ်လွန်း၍ ထအော်သည်။ ခဏကြာပြီးနောက် ဒေါက်တာက အရေးပေါ်ခန်းမှ ထွက်လာပြီး လူနာ၏ အခြေအနေကို ရှင်းပြသည်။
"လူနာ အခြေအနေ တည်ငြိမ်နေပါပြီ။ ဒါပေမဲ့ နောက်တစ်ခါ စိတ်ထိခိုက်လို့တော့ မရဘူး"
 
"ကျွန်တော်တို့တွေ ဝင်တွေ့လို့ ရလား"
 
အဖေထျန်း မေးမြန်းသည်။
 
"ဟုတ်ကဲ့ ရပါတယ်။ ဒါပေမဲ့ လူနာ အနားယူတာကို အကြာကြီးတော့ မနှောင့်ယှက်ပါနဲ့"
 
 
ဆရာဝန်က ညွှန်ကြားသင့်သည်ကို ညွှန်ကြားပြီးနောက် ထွက်သွားသည်။ ထျန်းရွှမ် နှင့် ထျန်းမိသားစုဝင်များက အရေးပေါ် အခန်းတံခါးကို တွန်းဖွင့်ကာ အခန်းထဲ ဝင်ရောက်သည်။ ထျန်းအကြီးအကဲ အိပ်ရာထဲ လဲနေသည်ကို မြင်တွေ့သော ထျန်းရွှမ်က ထျန်းအကြီးအကဲနား ပြေးသွားသည်။
 
"ဘိုးဘိုး၊ အဆင်ပြေရဲ့လား"
 
ထျန်းအကြီးအကဲက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး လက်ထောက်ကို ဖျတ်ခနဲ့ကြည့်သည်။
 
"သူတို့ကို ထွက်သွားဖို့ ပြောလိုက်၊ ငါ မင်းနဲ့ ဆွေးနွေးစရာ ရှိတယ်"
 
ထျန်းရွှမ်က ဤဆုံးဖြတ်ချက်ကို သဘောမတူချင်သော်လည်း မဆန့်ကျင်ရဲပေ။ သူမက ရိုးရှင်းစွာ မတ်တတ်ထရပ်ပြီး အဖေထျန်းတို့နှင့် အတူတူ အခန်းအပြင် ထွက်သွားသည်။
 
 
"ငါ နေထိုင်မကောင်းတဲ့အချိန် ငါ့ကိုယ်စား ထျန်းရွှမ်ကို ငါ့အလုပ်တွေ စီမံ့ခိုင်းပါ။ ထျန်းရွှမ်ရဲ့ အရည်အချင်းကို စစ်ဆေးကြည့်ချင်တယ်"
 
 
"ဟုတ်ကဲ့ပါ သူဌေးကြီး"
 
 
"ငါ တစ်နေ့ လုံးဝ မနှိုးထတော့မှာ ကြောက်မိတယ်။ တတ်နိုင်သလောက် ငါ့ရှေ့နေနဲ့ စီစဉ်စရာ ရှိတာ စီစဉ်ထားပါ။ ငါ့သေတမ်းစာကို ပြန်ပြင်ချင်တယ်။ ထျန်းမိသားစုပိုင် စီးပွားရေးလုပ်ငန်းကို ထျန်းနင် လက်ထဲ လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ထားတယ်"
 
ထျန်းအကြီးအကဲက သူ့ဆုံးဖြတ်ချက်ကို ကြေညာသည်။
 
"ထျန်းနင်က ငါတို့ထျန်းမိသားစုရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ လက်ထောက်လမ့် ထျန်းနင်ကို မင်း တတ််စွမ်းသလောက် ကူညီပေးပါ"
 
 
"သူဌေးကြီး ဘာမှ မဖြစ်လောက်ပါဘူး"
 
 
"ငါ့အတွက် စီစဉ်စရာ ရှိတာ မြန်မြန် စီစဉ်ပေး"
 
 
လက်ထောက်လမ့်က ခေါင်းညိတ်ပြီး အခန်းထဲမှ ထွက်ခွာသွားသည်။ ထို့နောက် ထျန်းအကြီးအကဲ၏ တောင်းဆိုမှုကို ထျန်းရွှမ် သိအောင် အသိပေးသည်။
 
"တတိယသခင်မလေး ထျန်းနင်ကို သခင်မလေးကိုယ်တိုင် သူ့ကိုယ်စား တောင်းပန်စကား ပြောစေချင်တယ်လို့ သူဌေးကြီးက ပြောပါတယ်။ ပြီးတော့ စိတ်ရင်းအတိုင်း ရိုးရိုးသားသား တောင်းပန်စေချင်တာပါ"
 
ထျန်းအကြီးအကဲက ထျန်းမိသားစုပိုင် စီးပွားရေးလုပ်ငန်းကို သူမ လက်ထဲ လွှဲပြောင်းပေးမည့် အကြောင်းကို တွေးမိ၍ တောင်းပန်စကား ပြောကြားခြင်းက ပြဿနာ ကြီးကြီးမားမား မဟုတ်ပေ။
 
"ဘိုးဘိုးကို ပြောလိုက် မစိုးရိမ်နဲ့လို့။ ငါ တောင်းပန်လိုက်မယ်"
 
"သခင်မလေး၊ သူဌေးကြီး စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်"
 
 
ထျန်းရွှမ်၏အကျင့်စရိုက်ကြောင့် ထျန်းမိသားစုပိုင် ရေမွှေးလုပ်ငန်းကို အောင်အောင်မြင်မြင် စီမံံ့နိုင်ရန် မလွယ်မှန်း လက်ထောက်လမ့် သိပါသည်။ ထျန်းအကြီးအကဲက ထျန်းနင်ကို အမွေလွှဲပေးမှန်း သိခဲ့လျှင် ပြဿနာရှာလိမ့်မည်။ ထို့ကြောင့် လက်ထောက်က ပြောသင့်သည်ကို ပြောကြားပြီး မပြောသင့်သည့်အချက်ကို မပြောခဲ့ပေ။
 
 
"စိတ်မပူပါနဲ့၊ ဘိုးဘိုး ဆန္ဒအတိုင်း ဖြစ်စေရမယ်"
 
ထိုစကားကို ပြောပြီးနောက် ထျန်းရွှမ်က အမေထျန်းကို ဖျတ်ခနဲ ကြည့်သည်။
 
ထျန်းရွှမ်သာ ထျန်းမိသားစုကို အုပ်စိုးခွင့် ရခဲ့လျှင် ထျန်းမိသားစုတွင် သူမ၏ပျော်ရွှင်ဖွယ် နေ့ရက်လေးများ အဆုံးသတ်မည်မှန်း အမေထျန်း သိသည်။
 
 
ထျန်းနင်က ထျန်းမိသားစုဝင် မဖြစ်ရသည့် အချက်ကို ဂရုမစိုက်သော်လည်း မို့မိသားစုက ထျန်းနင်၏မိသားစု နောက်ခံကို ထည့်စဉ်းစားလိမ့်မည်။
 
 
မည်သူက တကယ်မယားငယ်လည်း ထုတ်ဖော်သင့်ပါပြီ။
 
 
အမေထျန်းက သူ့သမီးအတွက် နောက်ဆုံးအနေဖြင့် လုပ်ဆောင်ပေးချင်သည့် ဆန္ဒ ရုတ်တရက် ဖြစ်ပေါ်လာသည်။
 
 
အပိုင်း(၃၆၇)
 
ပြီး၏။
 
 
 
အပိုင်း(၃၆၈)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now