Ep 283+284+285

121 10 0
                                    

အပိုင်း (၂၈၃)

 
ဟွားကျင်းကျင်း၏စိတ်နှလုံးသားကို ပျော်ရွှင်မှုများ လွှမ်းခြုံထားသည်။ သူမက ဖန်ယွီ၏စာကြည့်ခန်းကို အပြေးအလွှား သွားပြီး တံခါးခေါက်သည်။ သို့သော်လည်း အချိန်အတော်ကြာ စောင့်ဆိုင်းပြီးမှ ဖန်ယွီက နွမ်းလျသော အမူအရာဖြင့် အိပ်ခန်းတံခါးကို လာဖွင့်ပေးသည်။
 
"လာပြီ လာပြီ တံခါးဖွင့်ပေးမယ်"
 
"တစ်ရက်တည်းနဲ့ ပြဿနာကို ဖြေရှင်းမယ်လို့ ရှင် ပြောခဲ့တယ်။ တကယ် တစ်ရက်တည်းနဲ့ ဖြေရှင်းနိုင်သားပဲ။ စကားတည်သားပဲနော်"
 
 
ဟွားကျင်းကျင်းက ပွယောင်းယောင်း အဖြူရောင်ဆွယ်တာကို ဝတ်ဆင်ထားသည်။ သူမ၏လက်နှစ်ဖက်ကို နောက်ဘက်ပို့ထားပြီး အသံက အနည်းငယ် တုန်ရီနေသည်။
 
 
"ဒီအကြောင်းပြောချင်လို့ ငါ့ကို လာရှာတာလား။ ဒါတွေအားလုံးကို မို့သူဌေး စီစဉ်ထားတာပါ"
 
ဖန်ယွီ သမ်းဝေသည်။
 
" မို့သူဌေးနဲ့ ထျန်းနင်က ပြင်သစ်ကို ခရီးထွက်သွားပြီ။ အဲဒီသတင်းကို မနေ့ညတည်းက ကြားထားပြီသားပါ။ မို့သူဌေးက အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်ရင်တောင် ဒီလိုအခြေအနေကို ထိန်းချုပ်ဖို့ ရှင်သာ မရှိရင် ဒီလောက်အထိ အောင်မြင်နိုင်ပါ့မလား။ ကျွန်မ ပြောတာ မှန်တယ်မလား"
 
 
"သမာရိုးကျ ပြောရင်တော့ ဟုတ်ပါတယ်"
 
ဖန်ယွီက စကားအများကြီး မပြော၍ သူ့ညဝတ် ဘောင်းဘီတိုလေးကို ဝတ်ဆင်ကာ သူ့အိပ်ရာနား ပြန်သွားသည်။
"မင်းတတ်နိုင်သလောက် ငါ့သမီးလေးအတွက် မနက်စာ ပြင်ပေးပါဦး။ တစ်ညလုံး တရေးမှ မအိပ်ရသေးဘူး အရမ်းပင်ပန်းနေလို့ မင်းပြန်သွားရင် ငါ့ကိုယ်စား အခန်းတံခါးကို သေချာပိတ်ပေးပါ"
 
ဟွားကျင်းကျင်းက ခေါင်းကိုငုံ့ထားပြီး သူ့ခြေထောက်လေးကို ငေးစိုက်ကြည့်နေသည်။ နောက်ဆုံးတော့ သူမ ပြောချင်သမျှ ဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်။
 
"ဒီတစ်ခေါက်ရော ကူညီတာ ဘာအကြောင်းအရင်း ကြောင့်လဲ"
 
"ဘာကို ပြောချင်တာလဲ"
 
 
"IYတံဆိပ်ကို ဖြုတ်ချဖို့ ဘာလို့များ အားကြိုးမာန်တက် ကြိုးစားခဲ့တာလဲ"
 
 
"အကြောင်းအရင်း မရှိဘူး။ မို့သူဌေးရဲ့အမိန့်ကြောင့်ပါ"
 
ဖန်ယွီက မျက်လုံးမပိတ်ခင် တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်။
 
"ကျွန်မကြောင့် နည်းနည်းလေးတောင် မဟုတ်ဘူးပေါ့ ဟုတ်လား"
 
ဟွားကျင်းကျင်းက ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ပြောဆိုလာသည်။
 
ဖန်ယွီ ခဏမျှ နှုတ်ဆိတ်သွားပြီး စကားတစ်ခွန်းမျှ မပြောပေ။ ဟွားကျင်းကျင်းက သူ့တုံ့ပြန်မှုကို မစောင့်မျှော်ရန် ဆုံးဖြတ်လိုက်စဉ် ဖန်ယွီ ရုတ်တရက် စကားပြန်ပြောလာသည်။
 
"အမှန်တရားကို မင်းသိအောင် ပြောပြလဲ အကျိုးမထူးပါဘူး"
 
"အကျိုးမရှိဘူးလို့ အမှန်တကယ် ခံစားရရင်လည်း ကျွန်မကို ကူညီနေတာ ရပ်တန်းက ရပ်လိုက်ပါ။ ဒါဆိုရင် ကျွန်မ အရမ်းကျေးဇူးတင်မိမှာပါ"
 
ထိုစကားကိုပြောပြီးနောက် ဟွားကျင်းကျင်းက လှည့်ထွက်သွားရန် ကျောခိုင်းလိုက်သည်။ ထိုစဉ် ဖန်ယွီက ရုတ်တရက် ကောက်ခါငင်ကာ ထထိုင်လာပြီး လှမ်းမေးသည်။
 
"လူယုတ်မာကောင်ကြောင့် မင်းဘဝရဲ့ ဆယ်စုနှစ်ကျော် အလဟဿ ဖြစ်ခဲ့ပြီးပြီ။ မိထွေးဆိုတဲ့ စကားလုံးနဲ့ တခြားသူ လှောင်ပြောင်မှာကို ခံနိုင်ရည် ရှိလို့လား"
 
 
"ဒါတွေက တကယ်တမ်းတော့ မလိုအပ်ပါဘူး။ ကျွန်မ စိတ်ထဲတွေးနေတာနဲ့ ရှင့်စိတ်ထဲ တွေးနေတာက တခြားစီပဲ။ ရှင်က ကျွန်မရဲ့အတိတ်ကို ရွံမုန်းနေတယ်လို့ တွေးနေမိတာပါ"
 
ဟွားကျင်းကျင်းက ဖန်ယွီ၏အမေးကြောင့် ရုတ်တရက် ရယ်မောမိသည်။ သို့သော်လည်း သူမ၏လေသံက နာကြည်းသော ခံစားချက်ကို မဖုံးကွယ်နိုင်ချေ။
 
"မိန်းမပျက်သာသာ မိန်းမကို ကောက်ယူလိုက်တယ်လို့ တခြားသူတွေ ကဲ့ရဲ့မှာကို ရှင် ကြောက်နေတယ်လို့ ကျွန်မ တွေးခဲ့မိတယ်"
 
 
ယခုမှ ဖန်ယွီ မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်ကာ အိပ်ချင်မူးတူး အခြေအနေမှ လွတ်မြောက်သွားသည်။ အရာရာတိုင်းကို ပွင့်ပွင့်လင်းလင်းညှိနှိုင်းရန် အချိန်တန်မှန်း သဘောပေါက်လိုက်သည်။ ထို့ကြောင့်လည်း အင်္ကျီကောက်ဝတ်လိုက်ပြီး ဟွားကျင်းကျင်းကို အခန်းထဲ ဆွဲခေါ်ကာ အခန်းတံခါးကို ပိတ်လိုက်သည်။
 
"ကိုယ်တို့တွေ စကားပြောကြည့်ကြမယ်"
 
ဖန်ယွီက ဟွားကျင်းကျင်းက သူ့အိပ်ရာအနား ဦးဆောင်ခေါ်လာပြီး အိပ်ရာအစွန်းမှာ ထိုင်စေကာ လေးနက်သော လေသံဖြင့် စကားပြောလေ၏။
 
"မင်း မြင်တဲ့အတိုင်းပဲ။ ငါ့မှာ သမီးတစ်ယောက် ရှိပြီသား"
 
"အဲတော့ ဘာဖြစ်လို့လဲ။ ကျွန်မက သုံးကြိမ်တိတိ ကိုယ်ဝန်ပျက်ကျဖူးတယ်"
 
 
ဖန်ယွီ သွေးဆောင့်တက်လာသည်။ ဟွားကျင်းကျင်းက တည့်တိုးပြောဆိုလာသည်။ သူ့မှာ သမီးတစ်ယောက် ရှိနေလည်း ဂရုမစိုက်မှန်း သိသားနေသည်။ သူ့ခံစားချက်ကို ဆက်ဖုံးကွယ်နေလျှင် သူက မိန်းမတစ်ယောက်ထက် သတ္တိနည်းသော ယောက်ျားကြီး ဖြစ်နေလိမ့်မည်။
 
 
"တကယ်တော့ ရှောင်ယွဲ့က ညီငယ်လေးရဲ့သမီးပါ။ ကိုယ့်မှာလည်း ချစ်သူ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီမိန်းကလေးက ဆုံးပါးသွားပြီ"
 
 
" ညီလေးက အထက်တန်းကျောင်းသားဘဝမှာ ကောင်မလေး တစ်ယောက်နဲ့ လွန်လွန်ကြူးကြူး ဖြစ်ပြီး ကလေးရခဲ့လို့ ဖန်ယွဲ့လေး ဒီလောကထဲ ရောက်လာတာပါ။ ဖန်ယွဲ့ကို မွေးမွေးချင်း စွန့်ပစ်ဖို့ ကိုယ့်ညီက ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ကိုယ်ကပဲ ကလေးကို ခေါ်ထားပြီး ကိုယ့်သမီးလေးကို စောင့်ရှောက်ပေးခဲ့တယ်"
 
 
"ဖန်ယွဲ့က ကိုယ့်သွေးသားရင်းချာ မဟုတ်ပေမဲ့ ကိုယ်က ကလေးကို တာဝန်သင့်တယ်။ ဒါကြောင့် ကိုယ့်လက်တွဲဖော်ဖြစ်လာရင်တောင် အမှန်တရားကို ထုတ်ပြောလို့ မဖြစ်ဘူး"
 
 
"ရှင့် အခြေအနေ ရှင့်ခံစားချက်ကို ကျွန်မ နားလည်ပါပြီ"
 
ဖန်ယွီက ပွင့်ပွင့်လင်းလင်း ပြောဆိုလာ၍ ကျင်းကျင်း ကျေနပ်မိသည်။
 
"ကိုယ်က မင်းကိုအထင်သေးလို့လဲ မဟုတ်ဘူး။ မင်းကြောင့် တခြားသူ လှောင်ပြောင်မှာကို ကြောက်နေလို့လဲ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်နဲ့အတူတူနေရင် မင်းအခက်အခဲတွေ ရင်ဆိုင်ရမှာကို ကြိုမြင်နေလို့ပါ။ ကိုယ်တို့အကြောင်းကိုကို တခြားသူတွေ ရိပ်မိသွားမယ် တချိန်ချိန်မှာ ရင်ဆိုင်ရမယ် အခက်အခဲက မလွယ်ကူမှန်း ကိုယ်တိုင်ကြုံမှ မင်း သိလာမှာပါ"
 
 
ဟွားကျင်းကျင်းက ခေါင်းမော့ပြီး ရယ်မောသည်။
 
"ကျွန်မက ထျန်းနင်မဟုတ်လို့ သူ့လောက်မထူးချွန်ဘူး။ ဒါကြောင့်လည်း အရာရာတိုင်းကို တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိပါဘူး။ ပြီးတော့ ရှင်ကလည်း မို့သူဌေး မဟုတ်တော့ အရာရာတိုင်းကို အစီအစဉ်အတိုင်းဗျူဟာကျကျ ဖြေရှင်းနိုင်စွမ်း မရှိဘူး။ ငါတို့တွေက သူတို့အတွဲလောက် ပြီးပြည့်စုံလောက်အောင် လိုက်ဖက်မှု မရှိပါဘူး"
 
"ဒါပေမဲ့ ရှင်လည်း ကျွန်မကို လက်မလွှတ်သရွေ့ ကျွန်မကလည်း တို့နှစ်ယောက် အနာဂတ်အတွက် ကြိုးစားကြည့်ချင်တယ်။ ကျွန်မအတွက် သေချာတာတော့ ချစ်ရဲတဲ့သတ္တိ ရှိသေးလို့ တို့တွေ အချစ်ခရီးလမ်းမှာ ရင်ဆိုင်ရမယ် နာကျင်မှုကို ခံနိုင်ရည်ရှိမှာပါ"
 
 
ထိုစကားသံကို ကြားလိုက်ရပြီးနောက် ဖန်ယွီက ဟွားကျင်းကျင်း ပခုံးလေးကို ဖက်လိုက်ပြီး နွေးထွေးသော ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းသည်။
 
 
ဟွားကျင်းကျင်း ပိုင်ဆိုင်သည့် တန်ဖိုးအရှိဆုံး ရတနာလေးက တစ်ဖန်ချစ်ရဲသည့် သတ္တိရှိနေခြင်း ဖြစ်သည်။
 
 
ရုပ်ပိုင်းဆိုင်ရာအရ သူမ၏ခန္ဓာကိုယ်က ဒဏ်ရာဒဏ်ချက်များဖြင့် ကြေမွနေသော်လည်း သူမ၏စိတ်ဝိညာဉ်က လင်းလက်တောက်ပနေသေးသည်။
 
 
"ကိုယ်မင်းကို တစ်ခုတော့ သတိပေးလိုက်မယ်နော်၊ မင်း နောက်ပြန်လှည့်လို့ မရတော့ဘူး"
 
 
"ရှင့်မိဘတွေရော ယွဲ့အာအကြောင်း သိကြလား"
 
 
"ကိုယ့်မှာတိတ်တိတ်ပုန်း သမီးတစ်ယောက် ရှိနေတာကို သူတို့သိသွားတည်းက ကိုယ်နဲ့ အဆက်အသွယ် ဖြတ်ခဲ့တယ်"
 
 
ဖန်ယွီကလည်း ကိုယ်စားအပြစ်ခံယူသူ ဖြစ်နေသည်။ အပေါ်ယံကြည့်လိုက်လျှင် လူတိုင်းက မျက်နှာဖုံးတတ်ထားသော်လည်း မျက်နှာဖုံးနောက်ကွယ်မှ နာကျင်မှုကို ထပ်တူခံစားဖူးသူမှ စာနာတတ်လိမ့်မည်။
 
 
"ကိစ္စမရှိပါဘူး၊ တို့တွေ အခက်အခဲကို အတူတူ ရင်ဆိုင်ကြမယ်"
 
 
...
 
 
ပြင်သစ်ကို ရောက်ပြီးနောက် ထျန်းနင်ကို ပထမဆုံး ဖုန်းခေါ်ဆိုသူက ဟွားကျင်းကျင်း ဖြစ်သည်။ သူမတို့က ရင်းနှီးသော သူငယ်ချင်းများ ဖြစ်နေ၍ ဟွားကျင်းကျင်းက ဖန်ယွီနှင့် ပတ်သက်သမျှကို ထျန်းနင်အား မျှဝေပြောပြရန် ဆုံးဖြတ်ထားသည်။
 
 
ပြင်သစ်ကို ရောက်ရောက်ချင်း ထျန်းနင် ပထမဆုံး လုပ်ဆောင်သည့် အလုပ်က အချိန်ကွာခြားမှုကို ညှိယူနိုင်ရန် အိပ်စက်ခြင်း ဖြစ်နေသည်။ ထို့ကြောင့်လည်း ဖုန်းလာကိုင်သူက မန်နေဂျာမို့ ဖြစ်နေ၏။
 
"ဘာကိစ္စရှိလို့လဲ"
 
"မို့သူဌေး၊ ထျန်းနင် ဘယ်ရောက်နေလဲ"
 
 
"အိပ်ပျော်နေတယ်၊ မင်းပြောချင်တာကို စာချန်ထားခဲ့လို့ရတယ်။ ထျန်းနင် နိုးလာရင် ပြလိုက်မယ်"
 
 
သူမ၏အချစ်ရေးကို ယောက်ျားတစ်ယောက်အား ပြောဆိုရဲသည့် သတ္တိရှိမည်နည်း။
 
 
ထို့ကြောင့် ဟွားကျင်းကျင်း ဖုန်းချလိုက်သည်။
 
 
မို့ထင်က ဖုန်းကိုချလိုက်ပြီး သူ့လက်မောင်းပေါ် အိပ်စက်နေသော မိန်းကလေးကို ကြည့်လိုက်သည်။ ထျန်းနင် အိပ်ပျော်နေစဉ် မို့ထင်က Claude. Nနှင့် ဆက်သွယ်ပေးနေသည်။
 
 
သိပ်မကြာလိုက် ဖန်ယွီ ဖုန်းခေါ်လာသည်။ ဟွားရုံစတူဒီယိုအကြောင်း သတင်းပို့ခြင်း၍ ဖုန်းခေါ်ခြင်း ဖြစ်သည်။
 
 
"သူဌေး၊ ကျွန်တော်တို့တွေ ဟွားရုံစတူဒီယို အခြေစိုက်တဲ့ ရုံးကို ရှာဖွေပြီးပါပြီ။ သက်သေနည်းနည်းလောက်ပဲ ရှာတွေ့ခဲ့တယ်။ အဲဒီသက်သေတွေမှာ ထျန်းနင် နမ်းနေတဲ့ ဓာတ်ပုံပါတယ်။ အဲဒီဓာတ်ပုံက ဟွားရုံစတူဒီယိုကနေ ပြန့်သွားတဲ့ အထောက်အထား ရလိုက်တာပါပဲ။ အခုတော့ သူတို့ကို ပုန်းရှောင်နေတယ်"
 
 
" သူတို့ဘယ်လိုပဲ ရှောင်တိမ်း ရှောင်တိမ်း မင်းတို့တွေ တက်နိုင်သလောက် လိုက်ရှာရမယ်။ ဒါပေမဲ့ အလျင်လိုဖို့ မလိုအပ်ဘူး။ သူတို့တွေ ငါတို့နောက်ကို လိုက်လာလောက်တယ်"
 
မို့ထင်က ဩရှရှလေသံဖြင့် ပြောဆိုသည်။
 
"ဒီဓာတ်ပုံဖြန့်တာက သူတို့ရည်ရွယ်ချက်မဟုတ်လောက်ဘူး။ ဒါကြောင့်လည်း ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်"
 
ဖန်ယွီ အခြေအနေကို သုံးသပ်သည်။
 
"ဘာပဲဖြစ်ဖြစ်ပါ၊ ကျွန်တော်ရော လုချယ်ရော သူဌေးရော ဟွားရုံစတူဒီယို သူဌေးအကြောင်း စုံစမ်းနေတာပဲ။ မဟုတ််မမှန် ဇာတ်လမ်းတွေ ဖန်တီးပြီး ပြဿနာ မရှာဖို့ပဲ မျှော်လင့်ပါတယ်"
 
 
"ဒါပေမဲ့ သူ့ရည်ရွယ်ချက်က ဇာတ်လမ်းဖန်ဖို့လေ..."
 
 
"ငါတို့တွေက IYကုမ္ပဏီလို ကုမ္ပဏီကြီးကို ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တာပဲ သေးနုပ်တဲ့ ဟွားရုံကို စာရင်းထဲ ထည့်စရာတောင် မလိုဘူး"
 
ဖန်ယွီက စိတ်ကြည်နေ၍ အားမာန်အပြည့်ဖြင့် ပြောဆိုနေသည်။
 
"ငါတို့ရင်ဆိုင်ရမယ် အခက်အခဲတိုင်းကို အကျိုးရှိအောင် အသုံးချရမယ်"
 
 
" သူဌေးမို့ ဘယ်လိုဖြစ်စေချင်တာလဲ"
 
 
"ငါတို့တွေက ဟွားရုံရဲ့အစီအစဉ်တိုင်း အလိုက်သင့်နေမယ်။ ဒါမှ ဘယ်သူတွေ ပါဝင် ပတ်သက်နေသေးလဲ သိရမယ်အပြင် ရန်သူအားလုံးကိုလည်း တစ်ပြိုင်နက်တည်း ရှင်းထုတ်လို့ရတာပေါ့။ ငါတို့တွေ ပြန်ထိုင်နေပြီး ဟွားရုံစတူဒီယိုက ဘာလုပ်ချင်တာလဲဆိုတာ စောင့်ကြည့်ကြတာပေါ့"
 
***
အပိုင်း (၂၈၄)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now