Ep 307+308+309

120 6 0
                                    

အပိုင်း (၃၀၇)

 
"ဘာလို့ သူ့အကြောင်းကို ရုတ်တရက် စိတ်ဝင်စားသွားတာလဲ"
 
ထျန်းရွှမ်‌က ကြော့ရှင်းသော ဟန်ပန်အမူအရာကို ဆက်လက်ထိန်းသိမ်းကာ ပြန်မေးသည်။ သူမက စူးရှသော မျက်ဝန်းတစ်စုံဖြင့် ချီရှင်းယန်ကို အကဲခတ်နေသည်။
"နင်တို့နှစ်ယောက်က တကယ်တမ်း သိကျွမ်းတဲ့သူတွေ မဟုတ်ပါဘူး"
 
ချီရှင်းယန် သိသာသွား၍ ဟန်လုပ်ပြုံးကာ ဖြေရှင်းချက်ပေးသည်။
 
"လူချမ်းသာ သူဌေးသမီးက ကိုယ့်အဆင့်ကိုယ် နှိမ့်ချပြီး မော်ဒယ်ဘဝနဲ့ အသက်မွေးနေရတာ ဘာကြောင့်လဲ သိချင်လို့ပါ၊ သူ့ကြောင့် နင်တို့ထျန်းမိသားစု သိက္ခာမကျဘူးလား"
 
"ဒါက နင် အရေးစိုက်နေရမယ် ကိစ္စ မဟုတ်ပါဘူး၊ ထျန်းနင်က သူဘာလုပ်နေလဲ သူဘာသာသူ သိပြီသားပဲ"
 
ချီရှင်းယန်၏စကား အဆုံးမသတ်ခင် ထျန်းရွှမ်က စကားဖြတ်ပြောလိုက်သည်။
"ချီမိန်းကလေး၊ ဒါက ငါတို့ထျန်းမိသားစုရဲ့ မိသားစုအရေးပါ၊ နင်နဲ့ မသက်ဆိုင်ပါဘူး"
 
ထျန်းမိသားစုကို ရန်ရှာ မရမှန်း သဘောပေါက်ထား၍ သူလည်း ခပ်မြန်မြန် စကားလမ်းကြောင်း လွှဲပစ်သည်။
 
"အစ်မရွှမ်၊ ညီမက ဒီလိုမေးမိတာ ဘာသဘောမှ မပါပါဘူး၊ ညီမလေးက အစ်မတို့မိသားစုအတွက် တွေးပေးမိ စာနာပေးမိလို့ပါ"
 
"ကရုဏာ ထားစရာ စာနာနေစရာ ဘာများ လိုအပ်လို့လဲ"
 
 
တကယ်တော့ ထျန်းနင်က အပျော်မယားမှ မွေးဖွားလာသော ကလေးဖြစ်ပြီး ထျန်းမိသားစုမှာ အဆင့်အတန်းမရှိ၊ လူရာမဝင်ခဲ့ပေ။
 
 
ထျန်းနင်က ကိုယ့်ဘဝကိုယ် သေချာနားလည်ထား၍ ကံကောင်းသွားသည်။ အနည်းဆုံးတော့ သူ့အမေထက် ပိုသာလွန်ပြီး မည်သည်ကို လုပ်ဆောင်သင့်လဲ အတိအကျ သိသည်။
 
 
ထို့ကြောင့်လည်း ထျန်းမိသားစုက သူမ၏တည်ရှိမှုကို အလွယ်တကူ မေ့ဖျောက်သွားပြီး ကိုယ့်ဘဝနှင့်ကိုယ် သီးသန့်နေထိုင်ခဲ့ခြင်း ဖြစ်သည်။
 
 
ချီရှင်းယန်မှာ ထျန်းအိမ်တော်ကို လာလည်ခဲ့၍ အသုံးဝင်သော သတင်းအချက်အလက်များ မရခဲ့ပေ။ ထျန်းနင်က ထျန်းအိမ်တော်မှ မောင်းထုတ်ခံခဲ့ရသည့် ကောလဟာလ သတင်းကိုသာ အတည်ပြုနိုင်ခဲ့သည်။
 
 
ချီရှင်းယန် ထွက်ခွာသွားပြီးနောက် ထျန်းရွှမ်က သူမသောက်ခဲ့သော လက်ဖက်ရည်ခွက်ကို ဆေးကြောရန် အစေခံကို ခေါ်လိုက်သည်။ သူမ မတ်တတ်ထလိုက်စဉ် ထျန်းဘိုးဘိုးက တောင်ဝှေ့အကူအညီဖြင့် ဧည့်ခန်းထဲ လမ်းလျှောက်လာသည်။
 
 
"ဘိုးဘိုး"
 
 
"ချီမိသားစုက သခင်မလေး လာလည်တာ ဘိုးဘိုး သတိထားမိတယ်၊ ဘာအကြောင်းကိစ္စ ရှိလို့လဲ"
 
 
ထျန်းရွှမ်က သူ့ဘိုးဘိုးရှေ့မှာ ထျန်းနင်အကြောင်း မပြောရဲပေ။ ထို့ကြောင့် သူမလည်း ရိုးရှင်းစွာ စကားပြန်ပြောသည်။
 
"ဒီအတိုင်း လေးစားသမှုနဲ့ လာရောက်တွေ့ဆုံတာပါ၊ အကြောင်းအရင်း အထွေအထူး မရှိပါဘူး"
 
ထျန်းဘိုးဘိုးက ထျန်းရွှမ်ကို ခပ်စူးစူး ကြည့်လိုက်သည်။ သူ့မျက်စိသူငယ်အိမ်မှ သံသယအလင်းတန်းများ ဖြာလဲ့နေသော်လည်း ဆက်မမေးမြန်းခဲ့ချေ။ သူက လေးနက်သော လေသံဖြင့် ထျန်းရွှမ်ကို စကားပြောလေ၏။
 
"ချီမိန်းကလေးနဲ့ ထျန်းနင်ရဲ့ သတင်းကို ဘိုးဘိုး ဖတ်ရတယ်"
 
"သတင်းထဲပါပါနေတဲ့ သူဌေးသမီးက သူပဲ ဖြစ်လောက်မယ်၊ ငါ့မြေးနဲ့ လက်ဆွဲနှုတ်ဆက်မိတာကို စက်ဆုပ်ရတယ်လို့၊ ဒါ သက်သက်စော််ကားတာပဲ"
 
 
ထျန်းရွှမ် မှင်တက်သွားသည်။
 
 
"ဘိုးဘိုး"
 
 
"ဘိုးဘိုးက ထျန်းနင်ကို ဒေါသထွက်နေတုန်းလို့ တွေးနေသေးတယ်လို့တော့ မပြောနဲ့၊ ထျန်းနင်ကို အဝေးနှင်လွှတ် လိုက်ရတဲ့ အကြောင်းအရင်းကို မြေးတို့အားလုံး သိမှာပါ၊ ပြက်ရယ်ပြုစရာ ကောင်းတဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့သူက မြေးတို့အဖေပဲ၊ ထျန်းနင် မဟုတ်ဘူး၊ မှန်ပါတယ် ထျန်းနင်ကို တစ်ခါတုန်းက စိတ်ပျက်ခဲ့မိပါတယ်၊ ဒါပေမဲ့လည်းက ထျန်းနင်က ဘိုးဘိုးရဲ့မြေးပဲလေ၊ ဒါက ငြင်းမရတဲ့ အမှန်တရားပဲ"
 
 
ဘိုးဘိုးက စကားအများကြီး မပြောခဲ့သော်လည်း ထျန်းရွှမ် စိတ်ထဲ အဆင်မပြေနိုင်ပေ။
 
...
 
ထျန်းမိသားစုမှာ ထျန်းနင်၏နာမည်က ကယက်ရိုက်ခဲ့သည့် သတင်းကို ထျန်းနင် မသိခဲ့ပေ။ ပြင်သစ်နိုင်ငံမှာ Fearles နှင့် ဓာတ်ပုံရိုက်ကူးရေး ပြင်ဆင်ရန်သာ အာရုံစိုက်နေပြီး မို့ထင် လိုချင်သည့် အောင်မြင်မှုမျိုး ပိုင်ဆိုင်နိုင်အောင် အကောင်းဆုံး ကြိုးစားနေသည်။
 
 
ပြင်သစ်ကို ခရီးမထွက်ခင် လုံကျဲက နားရက်ပေးရန် ထျန်းနင်ကို တောင်းဆိုလာခဲ့သည်။
 
 
ခရီးဆောင်အိတ် ထုပ်ပိုးမှု ပြီးစီးသည်နှင့် ထျန်းနင်က လုံကျဲကို လှည့်ကြည့်ကာ အကဲခတ်လာသည်။
 
"ငါတို့တွေ ငရဲပြည်ပဲ သွားသွား ကောင်းကင်ဘုံပဲ တက်တက် ငါ့နောက် အမြဲလိုက်မယ်လို့ ပြောခဲ့တယ်မလား။ လုချယ်နဲ့ ဒိတ်တည်းက နင်က ငါ့ဘေးနားမှာ မရှိတော့ဘူး"
 
"ငါက သူနဲ့ အချိန်ပိုဖြုန်းတာ ရိုးရှင်းပါတယ်၊ သူဌေးက နင့်ကို တစ်ချိန်လုံး အဖော်ပြုပေးတယ်။ ငါ ရှိတာ မရှိတာ ဘာများ ခြားနားလို့လဲ"
 
လုံကျဲက ထျန်းနင်ကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ရှင်းပြသည်။
 
ထျန်းနင်က လုံကျဲကို စေ့စေ့စပ်စပ် အကဲခတ်လိုက်ပြီး သူ့လည်ပင်းပေါ်မှ အမှတ်အသားများကို သတိထားမိသွားသည်။
 
"ဒါကြောင့် ငါ့ကို စွန့်ပစ်ခဲ့တာလား"
 
လုံကျဲက သူ့လည်ပင်းကို အလျင်အမြန် ကွယ်လိုက်ပြီး လည်ချောင်းရှင်းကာ
 
"ဒါကတော့..."
 
"လုချယ်နဲ့နင် အတူတူနေပြီလား"
 
 
"ငါတို့ကို လက်မထပ်ဘဲအတူနေတယ်လို့ ပြောချင်တာလား။ နားထောင်ရဆိုးလိုက်တာနော်"
 
လုံကျဲက လက်ထပ်စာချုပ်ကို ထုတ်လိုက်ပြီး ထျန်းနင်ကို ကမ်းပေးသည်။
"ငါတို့က တရားဝင်လက်ထပ်ပြီးပြီ။ တရားဝင်နော်"
 
ထျန်းနင်က လက်ထပ်စာချုပ်ကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်နေသည်။
 
"ဘာလို့ ဒီအကြောင်းကို စောစောစီးစီး မပြောတာလဲ"
 
"အဲဒီနေ့ညက နောက်ကျနေပြီလေ။ ငါက လက်မထပ်ဘဲ အတူတူနေတာကို သဘောမတူတော့ နောက်နေ့ကျတော့ တရားရုံးမှာ လက်မှတ်သွားထိုးလိုက်တာပဲ"
 
 
ထျန်းနင်က လက်ထပ်စာချုပ်ကို လုံကျဲလက်ထဲ ပြန်အပ်လိုက်ပြီး ရုတ်ခြည်း စိတ်မကောင်းဖြစ်မိသည်။
 
"နင်က အလောတကြီး လက်ထပ်သွားတော့ ဂုဏ်ပြုစကားလေးတောင် ပြောခွင့်မသာခဲ့ဘူး"
 
"ငါတို့ကြားမှာ ဒီလိုစကားလုံးတွေ လိုအပ်သေးလို့လား"
 
လုံကျဲက အသံကျယ်ကြီး ရယ်မောလိုက်သည်။
"ပြီးတော့ ဒါကို ငါနဲ့လုချယ် ဆုံးဖြတ်ခဲ့တာလေ။ အပျော်လေးတွေကို ငါတို့နှစ်ယောက်ပဲ မျှဝေချင်တယ်။ ဒါက အကောင်းဆုံး ရွေးချယ်မှုပဲလေ"
 
"နင့်ကို ခွင့်မပေးရင်လည်း ငါက ရက်စက်ရာရောက်မယ်"
 
ထျန်းနင်က လက်ဆွဲအိတ်ကို အောက်ချထားလိုက်ပြီး လုံကျဲကို ကြင်ကြင်နာနာ ပွေ့ဖက်သည်။
"ဒီအချစ်ကို ထာဝရတည်မြဲအောင် ထိန်းသိမ်းရမယ်နော်။ ကြယ်ဘုရင်ဖျော်ဖြေရေး ကိစ္စနဲ့ လုချယ် ဒီရက်ပိုင်း အလုပ်များနေတယ်။ လုချယ်ကိုလည်း အားလပ်ရက် ပေးဖို့ ငါ့ယောက်ျားကို ဖုန်းဆက်ပြောလိုက်မယ်။ နင်ရော သဘောတူလား"
 
"ကောင်းတယ်။ သဘောတူတာပေါ့၊ နင်က ငါ့အတွက် အကောင်းဆုံးပဲ"
 
 
...
 
 
နေ့လည်ခင်း မို့ထင် အိမ်ပြန်ရောက်ရောက်ချင်း ထျန်းနင်က လုချယ်နှင့် လုံကျဲတို့ လက်ထပ်သွားသည့် အကြောင်းကို ဝမ်းသားအားရ ပြောပြနေသည်။ သူမက လုချယ်ကို အားလပ်ရက်ပေးရန်ပင် တိုက်တွန်းလိုက်သေးသည်။ မို့ထင်က ထျန်းနင်၏အကြံပြုချက်ကို ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။
 
"ကောင်းပြီလေ၊ ကိုယ် သဘောတူတယ်၊ အခုလိုအချိန်မှာ သူ့ကို အလုပ်ခိုင်းနေလဲ  အလုပ်မှာ စိတ်ဝင်စားမှာ မဟုတ်ဘူး"
 
"ဘာလဲ လက်ထောက်ကြီး မိန်းမယူသွားလို့ မကျေမနပ် ရေရွတ်နေတာလား"
 
ထျန်းနင်က သူမ၏ခရီးဆောင်အိတ်ကို မို့ထင်ကို ကမ်းပေးပြီး ရယ်မောနေသည်။
 
"အခုနောက်ပိုင်း ပြဿနာဖြေရှင်းတာ နှေးတိနှေးတုံ့ဖြစ်နေတာ အံ့ဩစရာ မရှိဘူး။ သူ့စွမ်းအားတွေကို တခြားနေရာမှာ သုံးနေလို့ကိုး"
 
 
မို့ထင်က ထျန်းနင်က ဒီအတိုင်းလေး ရပ်နေရန် လက်ဟန်အမူအရာ ပြလိုက်ပြီး လေးလံလွန်းသော သူတို့ခရီးဆောင်အိတ်ကို  ကားပေါ်တင်လိုက်သည်။
 
"အားလုံး အဆင့်သင့်ဖြစ်ပြီမလား၊ ကားထွက်တော့မယ်နော်"
 
"ဒါနဲ့ ယောက်ျားက ချစ်လေးနဲ့အတူတူ နိုင်ငံခြားကို အပန်းဖြေခရီးထွက်မှာမလား။ ဖန်ယွီကို လုချယ်နေရာ အစားထိုးပြီး ခရီးစဉ်ကို ခေါ်လာခဲ့ပါလား"
 
 
တကယ်တမ်း ထျန်းနင်က တခြားစုံတွဲလေး၏ဆန္ဒကို ဖြည့်ဆည်းပေးရန် ကြိုးစားနေခြင်း ဖြစ်၏။ လုချယ် နှင့် လုံကျဲတို့က ယခုတော့ လက်ထပ်ပြီးသွားပါပြီ။  ဟွားကျင်းကျင်းနှင့် ဖန်ယွီတို့က တစ်ယောက်တစ်နယ်စီမှာ ဝေးကွာနေသေးသည်။
 
 
"ဟွားကျင်းကျင်းက ပြင်သစ်မှာ မရှိဘူး"
 
 
ထျန်းနင် မှင်တက်သွားသည်။ မို့ထင်က သူမ၏ရည်ရွယ်ချက်အမှန်ကို မြင်တတ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးပေ။
 
 
"မင်းက မင်းရဲ့ယောက်ျားကို အတော်လေး လျှော့တွက်ထားတာပဲ"
 
 
ထျန်းနင် ခွန်းတုံ့မပြန်ခဲ့ပေ။ သူမက ကားတံခါးကို ဖွင့်လိုက်ပြီး မို့ထင်နှင့်အတူတူ ကားပေါ်တက်လိုက်သည်။
 
 
သူတို့စီးနင်းမည့် လေယာဉ်ထွက်ခွာမည့် အချိန်က ည၈နာရီ ဖြစ်သည်။ မို့ထင်က သူနှင့်အတူတူ ဝန်ထမ်းတချို့ကို ခေါ်ထား၍ သူတို့လည်း လေဆိပ်ကို ရောက်နေပါပြီ။ လေဆိပ်ထဲ ခြေချချချင်း လမ်းသွားလမ်းလာများ၏ စိတ်အာရုံကို  ချက်ချင်း ဖမ်းစားသွားနိုင်သည်။ သူတို့က လူနည်းစုကို ဆွဲဆောင်နိုင်ခြင်း မဟုတ်ပေ။ လေဆိပ် လျှောက်လှမ်း နေရာတော်တော်များများ လူအုံသွားသည်။  ထျန်းနင် နှင့် မို့ထင် တို့ လမ်းဖြတ်မလျှောက်နိုင်သည်အထိ ပြည့်ကျပ်နေသည်။
 
 
လေဆိပ်လုံခြုံရေးများ ချက်ချင်းရောက်လာပြီး ထျန်းနင်တို့ကို ဘေးကင်းလုံခြုံစွာ ခေါ်ထုတ်သွားရန် ကြိုးစားရှာသည်။ သို့သော်လည်း ထျန်းနင်တို့ကို ယခုထိတိုင် ပရိသတ်များ ဝန်းရံထားသည်။
 
 
အစပိုင်းတုန်းက မို့ထင်သည် ထျန်းနင်၏လက်ကိုသာ ဆွဲထားသည်။ သို့သော်လည်း ပရိသတ်အုံခဲလာ၍ သူ့ခြေလှမ်းမျးကို ရပ်တန့်ကာ နေကာမျက်မှန်ကို ဆွဲချွတ်လိုက်သည်။ ထို့နောက် ထျန်းနင်ကို သူ့ဘေးနား ဆွဲခေါ်ကာ ပခုံးဖက်ထားသည်။
 
 
ပရိသတ်များက ဝမ်းသာအားရ ထအော်ကြသည်။
 
 
မို့ထင် ပင်ပန်းနေမှန်း ထျန်းနင် သဘောပေါက်သည်။ ထို့ကြောင့် မို့ထင် ရင်ခွင်ထဲမှ ထွက်ခွာကာ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ပရိသတ်ကို ဂါရဝပြုလိုက်သည်။
 
"ကျွန်မတို့ကို လမ်းဖွင့်ပေးဖို့ အားလုံးကို အားတုံ့အားနာနဲ့ တောင်းဆိုပါရစေ။ သူ ဒီရက်ပိုင်း မနားရသေးဘူး၊ အရမ်းပင်ပန်းနေတော့ ကျန်းမာရေး သိပ်မကောင်းဘူး"
 
ထျန်းနင်က မို့ထင်၏နာမည်ကို ထည့်ပြောမည့်အစား 'သူ'ဟုသာ ရည်ညွှန်းလိုက်သည်။
 
 
သို့သော်လည်း ယင်းစကားလုံးလေးသည် ပရိသတ်များကို စိတ်လှုပ်ရှား ပျော်ရွှင်စေရန် လုံလောက်သည်။ သူတို့က ချက်ချင်း ဘေးဖယ်ပေးပြီး တောင်းဆိုကြသည်။
 
"လမ်းဖယ်ပေးကြဟေ့။ မို့စုံတွဲလေးကို သွားခွင့်ပြုလိုက်ပါ"
 
"အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးပါပဲ"
 
 
ထျန်းနင်က မို့ထင်ဘေးနား ပြန်လာသည်။
 
 
ပရိသတ်များက သူတို့ကို မို့စုံတွဲဟု ခေါ်လိုက်၍ မို့ထင် စိတ်ထဲ ကျေနပ်မိသည်။
 
***
အပိုင်း (၃၀၈)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now