Ep 337+338+339

115 11 0
                                    

အပိုင်း(၃၃၇)

 
လုချယ်က သူတို့နှစ်ယောက်ကို ကြည့်ကာ အတွေးတစ်ခု ဝင်လာသည်။ ပရိသတ်များနှင့် တိုက်ရိုက် ထိတွေ့ရသော ပီအာ ပညာရပ်ကို နားလည်သော လူတချို့က တခြားသူနှင့် ခြားနားကြောင်း သဘောပေါက်လာသည်။
 
 
...
 
 
ဖေဖော်ဝါရီလ အစောပိုင်း၌ ဆောင်းဦးဖက်ရှင်ပွဲတော် တရားဝင် စတင်လေ၏။ ပွဲတော် မကျင်းပမီ ကာလမှ ယနေ့အချိန်အထိ ထျန်းနင် ပွဲဦးမထွက်သေးချေ။ ပရိသတ်အများစုက သူတို့ခန့်မှန်းချက် မှန်ကန်နေသည်ဟု ယူဆကြသည်။ ထျန်းနင်က 'Stupid'ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေရမည်။ ထျန်းနင်က အသက်မွေးဝမ်းကြောင်း အလုပ် ပြောင်းလဲသင့်သည်ဟုလည်း သူတို့ တွေးတောကြသည်။
 
 
သို့သော်လည်း စတူဒီယိုက ပရိသတ်များကို ရိုက်ကွင်း ဝင်ထွက်ခွင့် ကန့်သတ်ထားသည်။ ထို့ကြောင့်လည်း ရုပ်ရှင်မှာ ပါဝင်သည့် အမျိုးသားသရုပ်ဆောင်များကို ခေါင်းဆောင်မင်းသမီး အကြောင်း မကြာခဏ အင်တာဗျူးကြသည်။ အထူးသဖြင့် ခေါင်းဆောင်မင်းသား လင်းရှန်က အများဆုံး အင်တာဗျူးခံရသူ ဖြစ်သည်။ လင်းရှန် တခြားရုပ်ရှင် ရိုက်ကူးနေသည့် အခါ သို့တည်းမဟုတ် အင်တာဗျူးပွဲ တက်ရောက်စဉ် ခေါင်းဆောင်မင်းသမီးက ထျန်းနင် ဟုတ် မဟုတ် မေးမြန်းခံရသည်။ လင်းရှန်က အလိမ်အညာကို သဘောမကျသူမှန်း သတင်းထောက် အားလုံး သိနေ၍ လင်းရှန်ကို ဝိုင်းဝန်း မေးမြန်းခြင်း ဖြစ်သည်။
 
 
လင်းရှန်က အလုပ်လက်ခံသည့်အခါ ဇာတ်ညွှန်းကို အလေးထားသကဲ့သို့ သူနှင့် သရုပ်ဆောင်မည့် ပါတနာကိုလည်း အလေးထားတတ်မှန်းလည်း သူတို့ သိပါသည်။
 
 
သရုပ်ဆောင်အရည်အချင်း မရှိသူနှင့် လင်းရှန်က အလုပ်တွဲ မလုပ်တတ်ပေ။
 
 
သို့သော်လည်း ဤတစ်ကြိမ်တွင် လင်းရှန်က သာမန်ထက် ပို၍ နှုတ်ဆိတ်နေသည်။
 
 
"ဒီကနေ့ ရုပ်ရှင်ပွဲတော်ကို ငါတို့အားလုံးရဲ့ အသည်းကျော်လေး လင်းရှန် တက်ရောက်မှာနော်။ အားလုံး သိကြတဲ့အတိုင်း မင်းသားလင်းရှန်က 'Stupid'ရုပ်ရှင်ကို ရိုက်ကူးနေပါတယ်။ အဲဒီရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီး ပြောင်းလဲလိုက်တဲ့ အကြောင်းက အင်တာနက် သုံးစွဲသူတွေကြား ရေပန်းစားနေတယ်"
 
 
" ခေါင်းဆောင်မင်းသမီး အသစ်က တခြားသူတော့ မဟုတ်ဘူး။ ဆောင်းဦးဖက်ရှင်ပွဲတော်မှာ ပျောက်ဆုံးနေတဲ့ မော်ဒယ် ထျန်းနင်လို့ ထင်ကြေးပေးနေကြတယ်"
 
 
" ငါတို့ရဲ့ခန့်မှန်းချက်တွေကို ထိပ်တန်းမင်းသား လင်းရှန်းက ဘယ်လို တုံ့ပြန်မလဲ သိချင်လှပြီ"
 
 
" အစ်ကိုရှန်ရေ။ 'Stupid'ရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသမီး နဲ့ စပ်လျဉ်းတဲ့ သတင်းလေး မျှဝေပေးလို့ ရမလား"
 
 
"အစ်ကိုရှန်ရေ စကား တစ်ခွန်းစ နှစ်ခွန်းစ ပြောပေးလို့ ရမလား"
 
 
လင်းရှန်က ကိုယ်စား ဆုတံဆိပ် ပေးအပ်ပြီးနောက် စင်မြင့်ပေါ်မှ ဆင်းဆင်းချင်း သတင်းထောက်များ ဝိုင်းရံလာသည်။ လေးစားသမှု အရိပ်အယောင် ကြောင့် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကင်မရာကို တည့်တည့် ကြည့်ရှုသည်။
 
"စာချုပ်ပါ စည်းမျဉ်းအရ ကျွန်တော်က ခေါင်းဆောင်မင်းသမီး အကြောင်း ထုတ်ပြောခွင့် မရှိပါဘူး"
 
" ခေါင်းဆောင် မင်းသမီးက ထျန်းနင်လား"
 
 
"ဘယ်သူလဲ"
 
 
လင်းရှန်က ထျန်းနင်အကြောင်း ရုတ်တရက် တွေးမိသွားသည်။ သူမနှင့် အတူတူ သီတင်း၂ပတ် ရုပ်ရှင်ရိုက်ကူးပြီးနောက် သူမအပေါ် ထားရှိသော သူ့အမြင်များ ပြောင်းလဲသွားသည်မှာ ငြင်းဆန် မရပေ။
 
 
သူမက သရုပ်ဆောင်ပိုင်းမှာ လူသစ် ဖြစ်သော်လည်း လူအများ လေးစားထိုက်အောင် ပို၍ အလုပ်ကြိုးစားသည်။ ထို့ကြောင့်လည်း ထျန်းနင်၏ အရည်အချင်းကို ဂုဏ်ပြုထိုက်သည်။
 
 
ရုပ်ရှင်ရိုက်ကူးနေစဉ် သူမက မောက်မာခြင်း မချေမငံ့ ပြောဆိုခြင်း မရှိခဲ့ပေ။ ဒါရိုက်တာ စိတ်ကျေနပ်သည်အထိ အကြိမ်ကြိမ် သရုပ်ဆောင်ပေးသည်။ သရုပ်ဆောင်အလုပ်ကြောင့် ညည်းထွားခြင်း မရှိခဲ့ပေ။
 
 
ရုပ်ရှင်ဇာတ်လမ်းကောင်း ဖန်တီးနိုင်ရန်  ထားရှိသော မြတ်နိုးစိတ်က သူ့ထက် ပို၍ လေးနက်သည်။
 
 
ထျန်းနင်ကဲ့သို့ အရည်အချင်း ရှိသော သရုပ်ဆောင်ကို အားနည်းချက် ရှာဖွေရန် မလွယ်ကူလှချေ။ သူလည်း ထျန်းနင်ကို သဘောမကျခဲ့ဖူးသော်လည်း ယခုတော့ သူ့စိတ်ထဲ  ထျန်းနင်ကို သူ့တပည့် အဖြစ်သာ ယူဆထားသည်။ မည်သို့ပင်ဆိုစေကာမူ ထျန်းနင်က တုံးအသူ မဟုတ် ထက်မြက်သော သရုပ်ဆောင်ကောင်း ဖြစ်နေသည်။
 
 
ကင်မရာကို ငေးကြည့်လျက်သားဖြင့် လင်းရှန်က ထျန်းနင်ကို ချီကျူးစကား ပြောချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေသည်။ ယခုလို ခံစားနေရသည့် အကြောင်းအရင်းကို သူ နားမလည်နိုင်ပေ။
 
 
အဆုံးသတ်မှာ လင်းရှန်က တွေဝေမိန်းမောနေသော အခြေအနေမှ လွတ်မြောက်သွားပြီး နောက်ဆုံး ပြန်ဖြေသည်။
 
 
"အားနာပါတယ်ဗျာ၊ ရုပ်ရှင်နဲ့ ပတ်သက်ပြီး သတင်း မဖြန့်ရဘူးလို့ စာချုပ်မှာ ပါတယ်ဗျာ။ ကျွန်တော် စည်းကမ်းဖောက်ဖျက်လို့ မရပါဘူး"
 
 
"ဒါပေမဲ့ ဟိုအရင်အရင်တုန်းကလည်း ကျွန်တော် ခဏခဏ ပြောဖူးပါတယ်။ ကျွန်တော်က သရုပ်မဆောင်တတ်တဲ့သူနဲ့ သရုပ်မဆောင်ဘူးလို့ ထပ်တလဲလဲ ပြောခဲ့ပါတယ်"
 
 
သူ ဖြေလိုက်သည့် အဖြေက အချက်နှစ်ချက်ဖြင့် ကိုက်ညီနေသည်။ ခေါင်းဆောင်မင်းသမီးက ထျန်းနင် မဟုတ်ခြင်း  သို့တည်းမဟုတ် ထျန်းနင်က သရုပ်ဆောင်ပညာရပ်ကို တတ်ကျွမ်းသည်ဟု ပြောဆိုထားသည်။
 
 
သို့သော်လည်း ထျန်းနင်က မော်ဒယ် တစ်ဦး ဖြစ်သည့်အပြင် မည်သည့် ရုပ်ရှင်တွင်မှ မပါဝင်ဖူးချေ။ ရုတ်တရက် သရုပ်ဆောင်တတ်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ခေါင်းဆောင်မင်းသမီးက ထျန်းနင် မဟုတ်ကြောင်း လင်းရှန်က အရိပ်အမြွက် ပြခဲ့သည်ဟု မီဒီယာက ယူဆသွားခဲ့သည်။
 
 
လင်းရှန်၏ပရိသတ်များ အခုမှ ရင်အေးသည်။
 
"အမလေး တော်ပါသေးရဲ့။ ငါတို့ ရှန်ရှန်ကို မော်ဒယ်မ အဆင့်ဆွဲချမှာ ကြောက်နေမိတာ။ ရှန်ရှန်က ဒီလိုစကားပြောတော့လည်း ငါတို့ ပို စိတ်အေးရတာပေါ့"
 
"ငါတို့ရှန်ရှန်က ထိပ်တန်းသရုပ်ဆောင် မင်းသားလေ။ ငါတို့အသည်းကျော်လေးကို ဟိုမော်ဒယ်မနဲ့ တွဲမပြောစမ်းပါနဲ့။ သူတို့က အဆင့်ချင်း မတူဘူး"
 
 
"ငါတို့တွေ အစ်ကိုရှန်ကို ယုံကြည်သင့်တယ်။ ငါတို့ အစ်ကိုရှန် ပါဝင်ထားတဲ့ ရုပ်ရှင်ကို စောင့်မျှော်ကြတာပေါ့"
 
 
'Stupid'ရုပ်ရှင်သည် ရုပ်ရှင်လောကတွင် အကျော်ကြားဆုံး သတင်း ဖြစ်ခဲ့သည်။ ရုပ်ရှင် စတင်ရိုက်ကူးတည်းက လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။
 
 
မို့ထင်၏အရည်အချင်းကြောင့် ရုပ်ရှင်ရိုက်ကွင်းနှင့် ပတ်သက်သော သတင်းများက အပြင် မပေါက်ကြားခဲ့ပေ။ ရိုက်ကူးရေး လုပ်ဆောင်နေစဉ် လူသား မဆိုထားဘိ ခြင်တစ်ကောင် ယင်တစ်ကောင်ပင် ရိုက်ကွင်းထဲ မဝင်ရောက်နိုင်ခဲ့ပေ။
 
 
ရိုက်ကွင်းပြန်ရောက်ရောက်ချင်း လင်းရှန်က အချိန်အားလပ်နေ၍ အွန်လိုင်းပေါ်မှ မှတ်ချက်များကို ထျန်းနင်အား ပြသသည်။ ထျန်းနင်က စော်ကားမော်ကား ပြောဆိုခံရသော်လည်း ရိုးရိုးအေးအေး ပြုံးနေသည်။
 
 
"ငါသာ နင့်နေရာမှာဆိုရင် သူတို့ထက် ပိုကြမ်းတဲ့ စကားလုံးတွေနဲ့ တုံ့ပြန်မိမှာပဲ"
 
 
"နင်က ရှေ့ထွက်ပြီး ဖြေရှင်းချက် ပေးရတာကို သဘောမကျပုံပဲ"
 
လင်းရှန်က သူ့လက်ကိုင်ဖုန်းကို ပြန်ယူပြီး ထျန်းနင်ကို ကြည့်သည်။
 
"ဒီလိုစကားမျိုးကို ဘယ်သူမဆို ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်လုပ်ရပ်ကသာ တခြားသူတွေနဲ့ အဆင်ပြေအောင် ကူညီပေးနိုင်တာပါ။ ပြီးတော့ ငါ့ဘဝကို မရှုပ်ထွေးချင်ဘူး။ ကျော်ကြားမှုတွေ ကံကောင်းမှုတွေက ငါ ဂရုစိုက်တဲ့ သက်မဲ့နာမ်တွေ မဟုတ်ဘူး။ ငါချစ်တဲ့သူအတွက် ငါ သဘောကျတဲ့ အလုပ်ကိုပဲ အလေးအမြတ်ထားချင်တယ်"
 
ထျန်းနင် ပြုံးသည်။
 
" ငါ ဂရုစိုက်တဲ့ အရာဝတ္ထုတိုင်းက လူတိုင်းကို စိတ်ကျေနပ်စေတဲ့ ကိစ္စမျိုးပဲ ဖြစ်ရမယ်"
 
 
လင်းရှန် ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး မြင်တွေ့ရခဲသည့် ချီမွမ်းစကား ပြောဆိုသည်။
 
"မင်းက ဒီဖျော်ဖြေရေးလောကြီးအကြောင်း ကောင်းကောင်း သဘောပေါက်ပြီး မင်း ဘာလိုချင်လဲ ရှင်းရှင်းလင်းလင်း သိတဲ့သူပဲ။ ငါ မင်းကို ချီကျူးပါတယ်"
 
"သရုပ်ဆောင်ပညာရပ်မှာ လမ်းညွှန် သင်ကြားပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကိုရှန်"
 
 
"ဒီရုပ်ရှင်မှာတော့ အတူတွဲရိုက်ဖို့ မဖြစ်နိုင်မှန်း ငါသိပါတယ်။ ဒါပေမဲ့ နောက်ထပ်ရုပ်ရှင်မှာတော့ မင်းနဲ့အတူတူ သရုပ်ဆောင်ခွင့်ရဖို့ မျှော်လင့်ပါတယ်။ မင်းလို သရုပ်ဆောင်အတတ်ပညာကို အလေးအမြတ်ထားတဲ့ မင်းသမီးက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်"
 
လင်းရှန် တအံ့တဩ ပြောဆိုနေသည်။ ထို့နောက် သူ့ထိုင်ခုံမှ ထလိုက်သည်။ တခြားဇာတ်ဝင်ခန်းကို ထပ်မံ့ရိုက်ကူးရန် အစပျိုးခဲ့သည်။
 
လင်းရှန်က သူ့ဇာတ်ရုပ်ကို သရုပ်ဆောင်နေသည့် ရိုက်ကွင်းကို ထျန်းနင် စောင့်ကြည့်နေသည်။ သို့သော်လည်း လင်းရှန်ကို သူမ မပြောပြခဲ့သည့် အဖြစ်မှန် တစ်ခု ရှိသည်။ သူမက သရုပ်ဆောင်ပညာရပ်ကို ရူးသွပ်၍ ကြိုးစားပမ်းစား သရုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ သူမ ချစ်ရသူ၏ အိပ်မက်လေး ပြည့်စုံအောင် ပါဝင်အားဖြည့် ပါရမီဖြည့်ခဲ့ခြင်း ဖြစ်လေ၏။
 
 
ထျန်းနင် အားလပ်နေစဉ် ဟွားကျင်းကျင်း ဖုန်းဝင်လာခဲ့သည်။
 
"နင် ဘယ်လိုဖြစ်တာလဲ။ ဘာလို့ ဖက်ရှင်ပွဲတော်မတက်တာလဲ။ နင့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံး အခွင့်အရေးလေ"
 
"ဒီနှစ်ပွဲကို ငါ ဝင်မပါတော့ဘူး"
 
ထျန်းနင် ဖြေသည်။
 
" တကယ်ပဲ နင် သရုပ်ဆောင် အလုပ် လုပ်နေသလား ထျန်းနင်"
 
 
" ဟုတ်တယ် ငါ သရုပ်ဆောင်နေတယ်"
 
ထျန်းနင်က အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ အတည်ပြုပေးခဲ့သည်။
 
"ဒီနှစ် ဖက်ရှင်ပွဲတော်မှာ တက်သစ်စတွေ အများကြီး ပေါ်ထွက်လာတာ နင် သိရဲ့လား။ တခြား အနုပညာလမ်းကြောင်းကို ရွေးချယ်လိုက်တာ ဘဝအသစ် စလိုက်သလိုပဲ။ ရုပ်ရှင်ဘက် ရွေးချယ်လိုက်ပြီဆိုလဲ နင့်ကို မဖျောင်းဖျတော့ဘူး"
 
ဟွားကျင်းကျင်းက ခပ်ကြမ်းကြမ်း သတိပေးလိုက်သည်။
 
ထျန်းနင်က မော်ဒယ်လောကမှာ လက်ရှိအခြေအနေ ရောက်ရှိလာအောင် လွယ်လွယ်ကူကူ ကြိုးစားခဲ့ခြင်း မဟုတ်ပေ။ ဖက်ရှင်ပွဲတော်က သူမ၏အဆင့်အတန်း မြင့်မားအောင် ထောက်ပံ့ပေးမည့် တက်လမ်း ဖြစ်လေ၏။
 
 
ယခုတော့ ထျန်းနင်က အခွင့်အရေးကို လက်လွှတ်လိုက်သည်။
 
 
"ဘာလို့ အဲဒီရုပ်ရှင်မှာ ပါဝင်တာလဲ။ ငါ့ကို အကြောင်းပြချက် ပေးစမ်းပါ။ မို့သူဌေးရဲ့ စကားကို နာခံလိုက်တယ်လို့တော့ မပြောနဲ့"
 
 
"..."
 
 
"ငါပြောတာ မှန်တယ်လို့တော့ မပြောနဲ့နော်"
 
ထျန်းနင် နှုတ်ဆိတ်နေရသည့် အကြောင်းအရင်းကို ဟွားကျင်းကျင်း သဘောပေါက်မိသည်။  မိနစ်ပိုင်း ကြာပြီးနောက် သူမ မေးမြန်းသည်။
"မို့သူဌေးကို ထောက်ပံ့ဖို့ နင့်မြတ်နိုးတဲ့ အလုပ်ကို စွန့်လွှတ်ရတဲ့ အကြောင်းအရင်းကို ငါ မသိပါဘူး။ သူ နင့်အပေါ် မကောင်းရင်တော့ ငါ..."
 
ထျန်းနင် ခိုးခိုးခစ်ခစ် ရယ်မောသည်။
 
 
"နင်က ရယ်နေတာလား။ အခုလိုအချိန်မျိုးမှာ ရယ်မောနိုင်သေးတယ်နော်။ ဖက်ရှင်ပွဲတော်က လူတော်တော်များများ နင့်နာမည်ကို အမှတ်ရနေတာ သိရဲ့လား။ နင် ဘာကို စွန့်လွှတ်ခဲ့ရလဲ မသိဘူးတော့ ငါ့ကို မပြောစမ်းနဲ့"
 
 
"နင် နည်းနည်းလေးတောင် နောင်တ မရမိဘူးလား"
 
 
"အစ်ကိုဖန်း မင်္ဂလာဆောင်တော့မယ်။ သူ့မင်္ဂလာဆောင် တက်ရောက် အားပေးရင်း နင့်ကို မေးချင်တာတွေ လာမေးဦးမယ်"
 
 
***

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now