Ep 364+365+366

100 8 0
                                    

အပိုင်း(၃၆၄)

 
 
ယမန်နေ့ နေ့လည်ခင်း၊ ထျန်းမိသားစု အိမ်တော်
 
 
ထျန်းရွှမ်၏ တရားလွန် အပြုအမူကြောင့် ထျန်းနင်၏ ဖြစ်တည်မှုကို ထျန်းရွှမ်လက်မခံသည့် အမှန်တရားကို ထျန်းအကြီးအကဲ သဘောပေါက်သွားသည်။
 
 
သို့သော်လည်း ထျန်းမိသားစုပိုင် စီးပွားရေးလုပ်ငန်းကို မည်သူလက်ထဲ လွှဲပြောင်း ခဲ့ရမည်နည်း။
 
 
သတိလစ် မေ့မြောရာမှ သတိပြန်လည်လာပြီးနောက် သူမ၏အိပ်ရာဘေးမှာ ထျန်းဘိုးဘိုး ထိုင်နေခြင်းကို ထျန်းရွှမ် သတိပြုမိသည်။ သူမ အတင်းကုန်းရုန်းထပြီး ထျန်းအကြီးအကဲကို စကားပြောသည်။
 
"ဘိုးဘိုး၊ မြေးရဲ့အမေကို အိပ်မက် ထပ်မက်ပြန်ပြီ"
 
"ဟူး..."
 
ထျန်းအကြီးအကဲ သက်ပြင်းချသည်။
အစောပိုင်း ငြင်းခုန်ကြသော ပဋိပက္ခများ ပြီးဆုံးပြီနောက် သူ့အသံက ယခင်ထက် ပို၍ အိုစာသွားခဲ့သည်။
 
"ဘိုးဘိုး၊ ထျန်းနင် နဲ့ သူ့အမေကို ထျန်းအိမ်တော်ထဲ အတူတူ မရှိစေချင်ဘူး။ တစ်ယောက်ကိုပဲ မြေး လက်ခံနိုင်တယ်။ သူတို့နှစ်ယောက် အတူတူ ရှိနေတာက ကောင်းကင်ဘုံရောက်နေတဲ့ မြေးရဲ့အမေကို မလေးစားရာ ရောက်တယ်"
 
 
"မြေးလေးက ဘာလုပ်စေချင်တာလဲ"
 
 
"ဘိုးဘိုးက ထျန်းနင်ကိုကျော်ပြီး မြေးကို ရွေးချယ်လိုက်တယ် ဆိုတော့ ထျန်းမိသားစုရဲ့ ဂုဏ်သိက္ခာ အဖက်ဆယ်လို့ ရအောင် မြေးမှာ အကြံ ရှိတယ်။ ထျန်းနင်က ထျန်းမိသားစုဝင် မဟုတ်ဘူး။ သူ့အမေ အရင်အိမ်ထောင်နဲ့ ပါလာတဲ့ ကလေးလို့ ကြေညာပေး ဘိုးဘိုး"
 
 
ထျန်းအကြီးအကဲက စကားတစ်ခွန်းမျှ မပြောခဲ့သော်လည်း သူ့နှလုံးသား ကွဲကြေနေမှန်း ပေါ်လွင်ခဲ့သည်။ သူက ရိုးရှင်းစွာ မတ်တတ်ထရပ်ပြီး အခန်းအပြင်ဘက် ထွက်ခွာသွားသည်။
 
 
သို့သော်လည်း ထျန်းအကြီးအကဲက သွယ်ဝိုက်သော နည်းလမ်းဖြင့် သဘောတူနေကြောင်း ထျန်းရွှမ် သိနေခဲ့သည်။
 
 
ဘိုးဘိုးက ထျန်းနင်ကို မောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်၍ နောက်ပြန် မလှည့်သင့်ပေ။
 
 
...
 
 
"ထျန်းမိသားစု တရားဝင်ကြေညာတဲ့ သတင်း ဖတ်ပြီးပြီလား။ ဒီလိုသာဆိုရင် ထျန်းနင်က ထျန်းမိသားစုနဲ့ သွေးသား မတော်စပ်ဘူးပေါ့။သူ့အမေကလည်း မယားငယ် မဟုတ်ခဲ့ပေမဲ့ နောက်တစ်ခေါက် လက်ထပ်ထားတဲ့ တစ်ခုလပ်ပေါ့"
 
 
"ဒါဆိုရင် ထျန်းနင်က သူဌေးသမီး အတုပေါ့။ မိသားစု နောက်ခံကောင်း ရှိတယ်လို့ တွေးထားတာ အခုများတော့..."
 
 
"အပေါ်က ကော်မန့် မန့်တဲ့သူရေ ပါးစပ်ပေါက် ပိတ်ထားလို့ မရဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ထျန်းနင်က ထျန်းမိသားစုရဲ့ အထောက်အပံ့ မလိုအပ်ဘူး ဟုတ်ပြီလား"
 
 
"ဒီအမှန်တရား ပေါ်သွားရင်တောင် ထျန်းနင်အတွက် ဘာမှ မထူးခြားသွားပါဘူး။ ထျန်းနင်က ကိုယ့်အားကိုယ်ကိုးပြီး ဘဝကို ရပ်တည်နေတဲ့ မိန်းကလေးပါ။  ထျန်းနင်ကို အတင်းအဖျင်း ပြောတဲ့ ရန်က မကာကွယ်ပေးချင်လို့သာ ဒီလို ကြေညာရတယ်လို့ပဲ ခံစားမိတယ်"
 
 
"သွေးသား မတော်စပ်တာနဲ့ပဲ သူတို့စိတ်ကြိုက် နင်းချေချင်တိုင်း နင်းချေလို့ ရမယ်လို့ တွေးနေသလား"
 
 
"ဒီမှာ ဒီမှာ ငါတို့တွေက လူချမ်းသာ မိသားစု အကြောင်း ပြောနေတာပါနော်။ နင်တို့တွေက လူချမ်းသာတွေ အကြောင်း သိလို့လား"
 
 
ထျန်းနင်က ထျန်းမိသားစု နှင့် မသက်ဆိုင်ကြောင်း၊ ထျန်းနင်၏မိခင်ဘက်မှ ပါလာသော ကလေးဖြစ်ကြောင်း ထျန်းမိသားစုမှ ကြေညာချက် ထုတ်ခဲ့သည်။
 
 
တစ်နည်းအားဖြင့် ဆိုရသော် ထျန်းနင်၏မိခင်က မယားငယ် မဟုတ်ကြောင်း ၊ ထျန်းနင် မွေးဖွားခြင်း နောက်ကွယ် အမှန်တရား နှင့် ထျန်းနင်၏ငယ်ဘဝက လူတိုင်း တွေးထင်သလောက် မဆိုးရွားကြောင်း သက်သေပြခဲ့သည်။
 
 
သို့သော်လည်း ဤကြေညာချက် အကျိုးဆက်အနေဖြင့် ထျန်းနင်၏ နောက်ကွယ် ထျန်းနင်ကို လှောင်ရယ်မည့်သူများ ပေါများခဲ့သည်။
 
 
ထျန်းနင်၏မိသားစု နောက်ခံကို ကြောက်လန့်ခဲ့သော လူတချို့က ယခုတော့ ထျန်းနင်၏နောက်ကွယ်မှာ ဟားတိုက် ရယ်မောနေသည်။
 
 
ထျန်းနင်က သူဌေးသမီးအတုသာ ဖြစ်ပြီး ပေကျင်းတစ်မြို့လုံးကို ကိုင်လှုပ်ရန် ကြိုးစားခဲ့ခြင်းက ဟာသတစ်ပုဒ်ပင်။
 
 
ညနေ ၃နာရီ၊ ဟန်ရှင်းအာက သတင်းများကို ထျန်းနင် သိအောင် ပြသ ပေးသည်။ ထျန်းနင်က သာမန်ကာလျှံကာ ဖတ်ရှုပြီးနောက် ဘေးဘက် လွှင့်လိုက်သည်။
 
"ဒါက ထျန်းမိသားစုရဲ့ ပီအာအဖွဲ့ လုပ်တာ ဖြစ်မှာပေါ့။ မသိချင်ယောင် ဆောင်နေလိုက်ပါ"
 
"ဒါပေမဲ့ အစ်မရယ်။ ထျန်းမိသားစုက အစ်မကို ဒီလို စတေးသွားတာ စိတ်မကောင်း မဖြစ်ဘူးလား"
 
 
ဟန်ရှင်းအာ မခံမရပ်နိုင် ဖြစ်သောကြောင့် အော်ငိုချင်လာသည်။
 
 
"ဒါပေါ့ စိတ်ထဲ ဘယ်ကောင်းပါ့မလဲ"
 
ထျန်းနင်က နီရဲနေသော မျက်ဝန်းတစ်စုံဖြင့် ပြန်ဖြေသည်။
"ဒါပေမဲ့ အစ်မဘက်က တုံ့ပြန်မှာက ငိုကြွေးခြင်း မဟုတ်ဘူး။ အစ်မကို လှောင်ရယ်မယ်သူတွေ အစ်မ ကျရှုံးမှာကို စောင့်ကြည့်နေတဲ့သူတွေ အများကြီး ရှိနေသေးတယ်။ ဒီနေရာမှာ ထိုင်မှိုင်ပြီး စိတ်မကောင်း ဖြစ်နေလို့ ဘာအကျိုးထူးမလဲ"
 
"သူတို့တွေ လွန်အားကြီးတယ်"
 
ဟန်ရှင်းအာက ဖုန်းကို ကြမ်းပြင်ပေါ် ပစ်ချသည်။
 
ထျန်းနင်က ခေတ္တခဏ ခေါင်းငုံ့ပြီး စိတ်တည်ငြိမ်အောင် ထိန်းချုပ်သည်။ ထိုစဉ် မို့ထင်က သူမကို ဖုန်းခေါ်လာခဲ့သည်။
 
 
"ည၇နာရီ ၊ ဟိုက်ဟွေ့ဖျော်ဖြေရေးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်။ ညနေ ၆နာရီ ချစ်လေးကို လာခေါ်ဖို့ ကိုယ် လူလွှတ်လိုက်မယ်"
 
 
မို့ထင်က စိတ်တည်ငြိမ်အောင် ကြိုးစားပြီး စကားပြောနေကြောင်း ထျန်းနင် အတပ်သိသည်။ သူလည်း သေချာပေါက် ဒေါသထွက်နေသည်။ တကယ်တမ်း မို့ထင်၏ဒေါသက ပေါ့ပေါ့တန်တန် မဟုတ်ခဲ့ပေ။
 
 
"ထင်၊ ချစ်လေး အဆင်ပြေပါတယ်။ ဒီနေ့က ချစ်လေးတို့ရဲ့ နေ့လေ။ မသက်ဆိုင်တဲ့ လူတွေကြောင် မပျော်ရွှင်စရာ အကြောင်း မရှိဘူးလေ"
 
 
"သူတို့နဲ့ တကယ်တမ်း သွေးသားမတော်စပ်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ"
 
မို့ထင် သက်ပြင်းချသည်။
 
"ချစ်လေးနဲ့ စောစောစီးစီး ဆုံတွေ့ခွင့် မရလို့ တစ်ခါတရံ ကိုယ့်ဘာသာကိုယ် မုန်းမိတယ်။ ကိုယ်နဲ့ စောစော တွေ့ခွင့်ရရင် ချစ်လေး ဒီလိုတွေ နာကျင်ခံစားရပါ့မလား"
 
 
"အခုဆို ချစ်လေးမှာ ယောက်ျား ရှိနေပြီလေ။ ချစ်လေးအတွက် လုံလောက်ပါတယ်"
 
ထျန်းနင်က မျက်ရည်ထိန်းကာ စကားဆက်ပြောသည်။
 
"ညနေ ၆နာရီမလား။ ချစ်လေး အချိန်မီ ရောက်လာခဲ့မယ်နော် ယောက်ျား"
 
 
"ချစ်လေးရဲ့ ဒီဇိုင်းနာ ချစ်လေးစီ ရောက်ခါနီးပြီ"
 
မို့ထင်က သူ့လက်ပတ်နာရီကို ငုံ့ကြည့်ကာ စကားပြောသည်။
"အလှပဆုံး ထျန်းနင်လေးကို ကိုယ် မြင်ချင်တယ်။ အကောင်းဆုံး ပြင်ဆင်ပေးနော် ချစ်လေး"
 
"အင်းပါ ယောက်ျားရယ်"
 
 
သူမအတွက် မဟုတ်သည့်တိုင် မို့ထင်အတွက် သူမ လှလှပပလေး ပြင်ဆင်သင့်သည်။
 
 
သူမ တစ်ယောက်တည်း လောကဓံနှင့် ထျန်းမိသားစု ညှဉ်းပန်းမှုများကို နှစ်ပေါင်းများစွာ သည်းခံခဲ့ရသည်။ သူမက ထျန်းမိသားစု၏ အထောက်အပံ့ကို တစ်ခါလေးမျှ မတောင်းဆိုခဲ့ဖူးပေ။
 
 
ထျန်းမိသားစုက သူမနှင့် သွေးသားတော်စပ်မှုကို ငြင်းဆန်တည်းက ယခုမှစ၍ သူမက ထျန်းမိသားစုဝင် မဟုတ်တော့ပေ။
 
 
ခဏကြာပြီးနောက် ဒီဇိုင်းနာက မို့ထင် ပြင်ဆင်ပေးထားသော ပစ္စည်းများကို သယ်ဆောင်ကာ ရောက်လာသည်။
 
 
"မစ္စမို့၊ ဒီဘက် ကြွပေးပါ"
 
 
...
 
 
"ထျန်းအကြီးအကဲက တုံးအတဲ့လူစားမျိုး မဟုတ်ပါဘူး။ ဘာလို့များ လက်လွတ်စပယ် ဆုံးဖြတ်ချက် ချရသလဲ"
 
ဖန်ယွီက သတင်းဖတ်ရှုပြီး စီအီအိုရုံးခန်းထဲ သက်ပြင်းချနေသည်။
 
မို့ထင် တုံ့ပြန်စကား မပြောခဲ့ပေ။ ကြေညာချက်ကို မြင်တွေ့တည်းက သူ့မျက်ဝန်းနက်မှ ဒေါသစိတ်က အနည်းငယ်မျှ ပြယ်လွင့် မသွားခဲ့ချေ။
 
 
"နောက်ထပ် ဒီလိုမျိုး မဖြစ်စေရဘူး"
 
 
ဖန်ယွီက မို့ထင် ပြောချင်သည့် အဓိပ္ပါယ်ကို နားလည်မိ၍ ခေါင်းညိတ်သည်။
 
"မစိုးရိမ်ပါနဲ့။ ကျင်းကျင်းက ဒီကိစ္စကြောင့် ကျွန်တော့်ကို ခဏခဏ နားပူနားဆာ လုပ်တယ်။ ဒီကနေ့ပွဲမှာ ထျန်းနင်ကို အခမ်းနားဆုံး ဖြစ်အောင် ကူညီပေးမယ်"
 
"ထျန်းနင်က ထျန်းမိသားစုကို တစ်ခါလေးတောင် မမှီခိုဖူးဘူး။ ပြီးတော့ ထျန်းနင်က ငါနဲ့ လက်ထပ်ပြီးပြီဆိုတော့ မို့မိသားစုဝင် ဖြစ်သွားပြီ။ ထျန်းမိသားစုနဲ့ ပတ်သက်စရာ အကြောင်း မရှိဘူး"
 
 
"ဟုတ်တယ်။ ဒါပေမဲ့ ထျန်းနင် အနိုင်ကျင့်ခံနေရတာ မြင်ရပြီး သူ စိတ်ချမ်းသာ ဘယ်လိုလုပ်ပေးရမလဲ မသိဘူး"
 
မို့ထင် အံကြိတ်သည်။
 
"ငါတို့ ထိမ်မြားထားတာ ကြေညာတာ အကောင်းဆုံး အားပေးထောက်ပံ့မှု ဖြစ်လိမ့်မယ်။ ထျန်းနင်ရဲ့ မိသားစုနောက်ခံ ပေါ်တာနဲ့ ငါတို့လမ်းခွဲပြီလို့ သွားပုတ်လေလွင့် လျှောက်ပြောနေတဲ့သူတွေလည်း ရှိတယ်"
 
 
"ဟွန့်"
 
မို့ထင် နှာမှုတ်သည်။
"ဒီတွေအားလုံးက ထျန်းမိသားစုရဲ့ ကျေးဇူးတော်တွေလေ"
 
"ငါတို့မှာ အချိန်အများကြီး ရှိပါသေးတယ်"
 
ဖန်ယွီက နက်နဲသော အဓိပ္ပါယ်ဖြင့် ပြောဆိုသည်။
"ငါတို့တွေ ပြင်ဆင်ချိန် ရှိပါသေးတယ်"
 
"ဟုတ်တယ်၊ လုပ်စရာ ရှိတာ သွားလုပ်တော့"
 
မို့ထင်က လက်ကို ခါရမ်းပြသည်။
 
ယခုအချိန်တွင် ထျန်းနင်၏စိုးရိမ်မှုအားလုံးကို သူတစ်ဦးတည်း လွှဲပြောင်းယူချင်သည်။ သူ စိတ်ဓာတ်ကြံ့ခိုင်သော်လည်း အာဏာရှိသော်လည်း သူ အပြည့်အဝ မထိန်းချုပ်နိုင်သော တချို့အရာများ ရှိနေသေးသည်။ သာဓက အနေဖြင့် ဆိုရသော် ထျန်းမိသားစု ဖြစ်သည်။
 
 
တစ်နေ့ ထျန်းမိသားစု နောင်တ ရစေရမည်။
 
 
...
 
 
ညနေ ၅နာရီ
 
 
ထျန်းနင်က ခမ်းနားထည်ဝါသော ဝတ်စုံလေးကို ဝတ်ဆင်ကာ မှန်အရှေ့မှာ မတ်တတ်ရပ်နေသည်။ ထိုစဉ် အခိုက်အတန့် ထျန်းနင်က လှပသည့်အပြင် အဖိုးတန်သော ကြော့ရှင်းမှုကိုလည်း မြင်တွေ့ရသည်။
 
 
သူမ၏ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ထားသော အဖိုးတန် ဝတ်စုံက Christian Dior ဖန်တီးထားသည်။ အောက်ခြေမှာ အဖြူရောင်ကို သုံးစွဲထားပြီး ရင်ဘတ်နားတစ်ဝိုက်မှာ အဖြူရောင်စိန်ဖြင့် အလှဆင်ထားသည်။ ၎င်းဝတ်စုံလေးက ထျန်းနင်၏ခန္ဓာကိုယ်ပေါ်မှာ လှပနေသည်။ အထူးသဖြင့် ထျန်းနင်၏အလှပဆုံး ခြေတံသွယ်လေးကို ပေါ်လွင်စေသည်။
 
 
ဤဝတ်စုံတစ်စုံတည်းဖြင့် ကိန်းဂဏန်း ၈လုံးနီးပါး တန်ဖိုးရှိသည်။
 
 
သူမ၏ရွှေဖြင့် ပန်းထိုးထားသော ဖိနပ် နှင့် တခြားအသုံးအဆောင်များ မပါဝင်သေးပေ။
 
 
"မို့သူဌေးက အရမ်းရက်ရောတာပဲ"
 
ဒီဇိုင်းနာ ဆင်မြန်းပေးသော ပစ္စည်းတစ်ခုချင်းစီကို ကြည့်ရှုကာ ဟန်ရှင်းအာ တအံ့တဩ ပြောဆိုသည်။
"အစ်မ ခန္ဓာကိုယ်ပေါ်မှာ ဆင်မြန်းထားတဲ့ ပစ္စည်းအားလုံးက ဈေးအကြီးဆုံး အဖိုးတန်တွေချည်းပဲ..."
 
"အစ်မက အဲလို ဈေးကြီးတာတွေ သဘောမကျမှန်း သူ သိပါတယ်"
 
ထျန်းနင် ပြုံးသည်။
"သူက လူထုကို  သတင်းတစ်ခု ပါချင်လို့ပါ"
 
"ရှင်းအာ နားလည်ပါတယ်"
 
ဟန်ရှင်းအာ ခေါင်းညိတ်သည်။
"ထျန်းမိသားစုက အနိုင်ကျင့်ရင်တောင် မို့မိသားစုက အစ်မကို အမြဲတမ်း ထောက်ပံ့ပေးမယ်ဆိုတာ သိစေချင်တာ မလား။ ထျန်းမိသားစုက လွတ်မြောက်ပြီး မို့မိသားစုနဲ့ လက်ထပ်လိုက်တာ သတင်းထောက်တွေ သိလို့ကတော့ ဘယ်လို တုံ့ပြန်မလဲ သိချင်လိုက်တာ"
 
"အချိန်နီးနေပြီ။ သွားဖို့ အဆင်သင့် ဖြစ်ပြီလား"
 
ဒီဇိုင်းနာက ထျန်းနင်ကို နားကပ် ကူဝတ်ပေးလျက် သတိပေးသည်။
"မင်းက ကျော်ကြားတဲ့ မော်ဒယ် ဖြစ်တာ အံ့ဩစရာ မရှိပါဘူး။ မင်းလောက် ခန္ဓာကိုယ်လှတဲ့ မော်ဒယ်မျိုး တစ်ခါမှ မတွေ့ဖူးဘူး"
 
အပိုင်း(၃၆၄)
 
ပြီး၏။
 
 
 
 
 
အပိုင်း(၃၆၅)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now