အပိုင်း(၄၂၁)
"မင်းက ဒီဇာတ်ဝင်ခန်းကို သရုပ်ဆောင်ချင်တာ သေချာရဲ့လား"
ဝေအန်က သံသယအရိပ်အယောင်ဖြင့် မေးမြန်းခဲ့သည်။"ဟုတ်ကဲ့ရှင့်"
ထျန်းနင်က သေချာကြောင်း ခေါင်းညိတ် ပြသည်။"ဒါဆိုရင်လည်း မင်း ဆန္ဒ အတိုင်းပဲလေ"
ထိုစကားကို ပြောပြီးနောက် ဝေအန်က ဇာတ်ညွှန်းစာရွက် လာပေးရန် သူ့လက်ထောက်ကို လက်ဟန်အမူအရာ ပြသည်။ ဇာတ်ဝင်ခန်းကို ရင်းနှီးအောင် ဖတ်ရှုပြီးနောက် သူက ထျန်းနင်ကို အသိပေးသည်။"စကြတာပေါ့"
တကယ်တမ်း သူက သူမ၏တောင်းဆိုမှုကို ဖြည့်ဆည်းပေးချင်သည့် အတွေးမျိုး အမှန်တကယ် မရှိခဲ့ပေ။ သူမ၏ အရည်အချင်းကို သူသိအောင် ပြသရန်အတွက် စိန်ခေါ်မှုကို လက်ခံခဲ့ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် သူက သူ့ထိုင်ခုံပေါ်မှာ ထိုင်ချပြီး ရုပ်တုပေါ် ခြေတစ်ဖက်တင်ပြီး သူ့သေနတ်အတုဖြင့် တခြားရုပ်တုကို ချိန်ရွယ်ထားသည်။
ထျန်းနင်က သူနှင့် ၂မီတာခန့်အကွာတွင် ဆောင့်ကြောင့် ထိုင်နေသည်။ အစောပိုင်းကာလတွင် သူမ၏ဦးခေါင်းကို ငုံ့ထားသော်လည်း ခေါင်းမော့လိုက်စဉ် သူမ၏မျက်ဝန်းများက နီရဲနေပြီး ဒေါသ၊ ကြောက်ရွံစိတ် နှင့် စိတ်ပျက်သော ခံစားချက်များကို ရောယှက် ဖော်ကြူးထားသည်။ သူမ၏အမူအရာက ဒိုင်လူကြီးမင်း အားလုံးကို ချက်ချင်း တုန်လှုပ်သွား စေသည်။
ထိုစဉ်အခိုက်အတန့် သူမက ထျန်းနင် မဟုတ်တော့၊ အမျိုးသမီး တိုက်ခိုက်ရေးသမား ဖြစ်သွားခဲ့သည်။
"ရှင် ပျောက်နေတာ ၁၂နှစ်ရှိပြီ။ ဒါကြောင့် ရှင်ကို ၁၂နှစ်လုံးလုံး ကျွန်မ ရှာခဲ့ရတယ်။ လူတိုင်းက ကျွန်မကို ရူးနေပြီလို့ ပြောရလောက်တဲ့ အထိ ရှင့်ကိုပဲ အရူးလို လိုက်ရှာနေမိတယ်။ တစ်ခါက ရေနစ်သေသွားတဲ့လူက ရှင် နောက်ဆုံး ဝတ်ခဲ့တဲ့ အဝတ်အစားနဲ့ တစ်ထပ်တည်း တူတဲ့ အဝတ် ထားတုန်းကဆို သူ့အလောင်းကို ဖက်ပြီး တစ်နေ့လုံး ငိုကြွေးခဲ့ဖူးတယ်။ အဲဒီလူကို ရှင် အမှတ်နဲ့ ဖက်ငိုဖူးတယ်။ ဒါကို ရှင် သိရဲ့လား"