Ep 358+359+360

101 8 0
                                    

အပိုင်း(၃၅၈)

 
ချီရှင်းယန်က ဟာသလုပ်ခံရသော အခြေအနေ မဟုတ်ဘဲ အရှက်တကွဲ အကျိုးနည်း အခြေအနေ ရောက်သွားခဲ့သည်။
 
 
"နောက်တစ်ခေါက် ထပ်ရှင်းပါရစေ။ မို့သူဌေးက ချီရှင်းယန်နဲ့ လုံးဝ မရင်းနှီးပါဘူး။ မကြာခင်က ကျင်းပခဲ့တဲ့ Channelပွဲမှာ ခဏဆုံဖူးရုံပါ။ အဲဒီမိန်းကလေးနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ မတွေးခဲ့ဖူးဘူး။ မို့သူဌေး နဲ့ ထျန်းနင်ရဲ့ ဆက်ဆံရေးကလည်း တကယ် ကောင်းမွန်ပါတယ်။ ကျေးဇူးပြုပြီး အကဲဖြတ်တဲ့ မျက်ဝန်းတွေနဲ့ မကြည့်ကြပါနဲ့"
 
 
 
"ဒီပြဿနာကို ဟိုက်ဟွေ့ဖျော်ဖြေရေးက နောက်ဆုံးအကြိမ် ဖြေရှင်းတာပဲ။ သတင်းမီဒီယာတွေက သတင်းအမှားတွေ ထပ်ဖန်တီးရင်တော့ ကျွန်တော်တို့ ဟိုက်ဟွေ့ဖျော်ဖြေရေးက အားမနာတမ်း ရက်စက်ရလိမ့်မယ်"
 
 
 
ထိုစကားကို ပြောပြီးနောက် ဖန်ယွီက ကျောခိုင်းလိုက်ပြီး သူ့ရုံးခန်းရှိသော ဟိုက်ဟွေ့ဖျော်ဖြေရေး အဆောက်အဦဘက် လမ်းလျှောက်လာခဲ့သည်။
 
 
သတင်းထောက်များကလည်း သူတို့ သတင်းယူသော ကိရိယာများကို  အလျင်အမြန် သိမ်းဆည်းကြသည်။ ဤတစ်ကြိမ်တွင် သူတို့ရေးသားစရာ အကြောင်းအရာ အများကြီး ရခဲ့သည်။
 
 
သူဌေးသမီးက အခြေအနေကို ပြောင်းပြန်လှန် ခဲ့ခြင်း ဖြစ်နေသည်။
 
 
ချီရှင်းယန်က နားလည်မှုလွဲအောင် အွန်လိုင်းပေါ် သတင်းဖြန့်ခဲ့ခြင်း ဖြစ်နေသည်။
 
 
"ဒီအကြောင်းကို တွေးမိရင်တောင် ငါတော့ ဟိုသူဌေးသမီး အစား ရှက်မိတယ်။ မို့ထင်က သူ့ကို ငမ်းငမ်းတက် လက်ထပ်ချင်နေတယ်လို့ တွေးရဲသေးတယ်"
 
 
"ချီရှင်းယန်က ဘဝင်ရူး ရူးနေခဲ့တာပဲ"
 
 
"နင်တို့ရော သတိထားမိလား။ မို့ထင်လို အကြံဉာဏ်များတဲ့သူက ထျန်းနင်လို EQမြင့်တဲ့ မိန်းကလေးနဲ့ပဲ လိုက်ဖက်တာပါ။ ဝက်ဦးနှောက်မက မို့ထင်နဲ့ လိုက်ဖက်ပါ့မလား။ ဒါကြောင့်လည်း ဖန်ယွီက မို့ထင်ကိုယ်စား ထွက်ရှင်းပေးတာပေါ့"
 
 
"နင် ပြောတာ မှားနေသေးတယ်။ ဖန်ယွီကိုတောင် စိတ်အနှောင့်အယှက် မဖြစ်စေဘူး"
 
 
"အဲဒီမိန်းမ အရှက်ကွဲသွားတာ ကျေနပ် ပီတီဖြာတယ်ကွာ။ ငွေရှိရုံနဲ့ ဘာမဆို ဖြစ်နိုင်တယ် ဘာမဆို ပ်ိုင်ဆိုင်နိုင်တယ် တွေးနေသလားပဲ"
 
 
"အဲဒီမိန်းမက ဘဝင်ရူး ရူးနေတာပါ။ ထျန်းနင်လည်း မိသားစုနောက်ခံတောင့်ပါတယ်။ ထျန်းနင်က သူ့မိသားစုကို မမှီခိုဖူးဘူး"
 
 
သတင်းတိုင်းက ချီရှင်းယန်ကို အရှက်ရစေခဲ့သည်။ အဖေချီကိုယ်တိုင် သူ့သမီး၏ လုပ်ရပ်ကို စက်ဆုပ်မိသည်။ သူက ချီရှင်းယန်ကို ဒေါသထွက်ခဲသော်လည်း ဤတစ်ကြိမ်တွင် သူ့သမီးကိုယ်တိုင် ပြဿနာထဲ ဝင်ပါခဲ့၍ မည်သူကို အပြစ်တင်ရမည်နည်း။
 
 
"နင် ရှက်ရကောင်းမှန်း သိရဲ့လား"
 
အဖေချီက စိတ်ဆိုးမာန်ဆိုး အော်ငေါက်သည်။
 
ချီရှင်းယန်၏မျက်နှာက အနီရောင်သန်းနေပြီး မျက်လုံးချင်း မဆုံတွေ့အောင် ရှောင်တိမ်းနေသည်။
 
 
"နင် မရှက်ရင်တောင် အဘိုးကြီး ဖြစ်နေတဲ့ ငါက နင့်ကြောင့် သိက္ခာကျရတယ်။ ကောင်းသေးရဲ့လား။ အခုတော့ ငါ ဘယ်နေရာသွားသွား ငါ့ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ပဲ ကြည့်ကြတယ်။ အလုပ်ရှင်တွေတောင် နင့်ကြောင့် ငါတို့အပေါ် ယုံကြည်မှုပျောက်သွားလို့ အလုပ်တွေ ရုပ်သိမ်းသွားတယ်"
 
 
"အခုလိုတွေ လျှောက်လုပ်လို့ နင့်အတွက် ဘာများ အကျိုးထူးခဲ့သလဲ။ နင် ဘာကြောင့်များ ဟိုက်ဟွေ့ဖျော်ဖြေရေးကို ရန်စခဲ့သလဲ"
 
 
"ထျန်းမိသားစုကို တိုက်ခိုက်နိုင်မယ်လို့ရော တွေးထားသလား။ ထျန်းနင်မှာ မောင်နှမ လေးယောက် ရှိတယ်။ ဒါတောင် ထျန်းအကြီးအကဲက ထျန်းနင်ကို အချစ်ဆုံးပဲ။ နင်က ထျန်းနင်ကို အလဲထိုးနိုင်ပါ့မလား ငတုံးမရဲ့"
 
အဖေချီ ဒေါသထွက်လွန်း၍ ခန္ဓာကိုယ်က တဆက်ဆက် တုန်ရီနေသည်။
 
"တစ်လတိတိ အိမ်ထဲမှာပဲ နေစမ်း။ အိမ်ကနေ တစ်ဖဝါးမှ မခွာနဲ့။ နင့်လုပ်ရပ်နင် ပြန်သုံးသပ် ငတုံးမ"
 
 
"ဒါပေမဲ့... "
 
 
"ဘာ ဒါပေမဲ့မှ မရှိဘူး။ ငါ့ကို အထွန့်မတက်နဲ့။ ကြာရင် နင့်ကို သတ်မိလိမ့်မယ်။ ဘယ်ပွဲ ဘယ်အစည်းအဝေးမှ တက်စရာ မလိုဘူး"
 
ထိုစကားကို ပြောပြီးနောက် အဖေချီက ချီရှင်းယန်ကို ထွက်သွားရန် လက်ခါပြသည်။
 
"ထွက်သွားတော့။ အနားယူတော့"
 
 
သူမကြောင့် စီးပွားရေး စာချုပ်များ ပယ်ဖျက်ခံရမှ အခြေအနေက လေးနက်မှန်း ချီရှင်းယန် သဘောပေါက်သွားခဲ့သည်။
 
 
အိမ်မှာ တစ်လလောက် ပုန်းခိုနေခြင်းက သူမအတွက် မပြောပလောက်ချေ။ သူမ ခံယူရမည့် အရှက်ရဖွယ် ပြစ်ဒဏ်က နှစ်ဝက်ကြာလည်း ပြယ်လွင့်သွားမည် မဟုတ်ချေ။
 
 
...
 
 
ထျန်းနင်က 'Stupid'ရိုက်ကွင်းသွားရန် ကြံရွယ်ခဲ့သော်လည်း အပြင်ဘက်မှာ မိုးရွာသွန်းနေ၍ ဟိုတယ်အခန်းထဲ ဆက်နေရန်သာ ဆုံးဖြတ်ခဲ့သည်။
 
 
ဟန်ရှင်းအာက ဖန်ယွီ၏သတင်းစာ ရှင်းလင်းပွဲကို ကြည့်ရှုကာ ပြုံးရယ်နေသည်။ ထျန်းနင်က သူ့လက်ထဲမှ ဇာတ်ညွှန်း စာရွက်ကို အောက်ချ ထားပြီး ဟန်ရှင်းအာကို ကြည့်ကာ ခေါင်းတွင်တွင် ခါမိသည်။
 
 
"အဲဒီလောက်တောင် ရယ်စရာ ကောင်းလို့လား"
 
 
"အစ်မရော ရယ်စရာ ကောင်းတယ်လို့ မတွေးမိဘူး"
 
 
ဟန်ရှင်းအာက မတ်တတ်ထရပ်ပြီး လက်တစ်ဖက်ကို တင်ပါးပေါ် ထောက်ကာ
 
"သူဌေးက အဲဒီမိန်းမကို အာရုံထဲ မထည့်တာ အံ့ဩစရာ မရှိဘူး။ ဖန်ယွီတောင် ဂရုမစိုက်ဘူးလေ"
 
"သူတို့နှစ်ယောက်စလုံး တကယ်မိုက်တယ်"
 
ထျန်းနင်က ပွင့်ပွင့်လင်းလင်း ဖြေသည်။
 
"ဒါဆို ပီအာအဖွဲ့မှာ အလုပ်လုပ်ရတာ စိတ်ဝင်စားစရာ ကောင်းမယ်လို့ မတွေးမိဘူးလား။ ပြဿနာ တစ်ခု ဖြေရှင်းပြီးတိုင်း သူတို့တွေ ခံစားခဲ့ရသလို ကျေနပ် ပျော်ရွှင် နေရမှာနော်"
 
 
ထျန်းနင်က ခေါင်းမော့ကာ ဟန်ရှင်းအာကို ကြည့်သည်။ မို့ထင် ခန့်မှန်းခဲ့သည့် အတိုင်း ဖြစ်နေသည်။ ဟန်ရှင်းအာ၏ မျက်ဝန်းတွင် သဘောကျနှစ်ခြိုက်သော ခံစားချက်ကို မြင်တွေ့ရသည်။
 
 
"ဒီလိုဆိုရင် လုံကျဲ ပြန်လာတဲ့ ပီအာအဖွဲ့မှာ တရားဝင် အလုပ်သွားလုပ်တော့။ ရှင်းအာက ဖန်ယွီရဲ့ တပည့် ဖြစ်လာနိုင်ပါတယ်။ ရှင်းအာက ဖန်ယွီထက် သာလွန်နိုင်တဲ့ တစ်နေ့ ရောက်လာမှာပါ"
 
 
ဟန်ရှင်းအာ၏ မျက်ဝန်းတွင် ပျော်ရွှင်မှု နှင့် စိတ်အားထက်သန်သော ခံစားချက်များ ပြည့်နှက်နေသည်။
 
"ဟုတ်ကဲ့၊ ရှင်းအာ အကောင်းဆုံး ကြိုးစားသွားပါ့မယ်"
 
ထိုစကားကို ပြောပြီးနောက် ဟန်ရှင်းအာက ဖုန်းဆက်သုံးသည်။ သို့သော်လည်း သူမ၏မျက်နှာအမူအရာက တဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။
 
 
"အစ်မ၊ ချီရှင်းယန်ကြောင့် တချို့လူတွေက အစ်မရဲ့မိသားစု နောက်ခံအကြောင်း စုံစမ်းလာကြတယ်"
 
 
သူမ၏ မိသားစုအကြောင်း ထည့်ပြောလာ၍ ထျန်းနင်၏အပြုံး ပျောက်ကွယ်သွားခဲ့သည်။
 
 
ဤအချက်က ထျန်းနင်၏ အားနည်းချက်မှန်း ဟန်ရှင်းအာ သိပါသည်။ သူက အကြောင်းအရာ လွှဲပြောရန် ကြိုးစားသော်လည်း ထျန်းနင်က ရုတ်တရက် စကားပြောလာသည်။
 
"အစ်မရဲ့ဖုန်း ကမ်းပေးပါဦး"
 
ဟန်ရှင်းအာက ချက်ချင်း ဖုန်းကမ်းပေးသည်။ ထျန်းနင်က အွန်လိုင်းပေါ်မှာ သတင်းများကို ရှာကြံဖတ်ရှုသည်။
 
 
သူမက ရေမွှေးအင်ပါယာမိသားစုမှ မွေးဖွားလာမှန်း အင်တာနက် အရူးအမူးသုံးစွဲသူများ စုံစမ်းနိုင်ခဲ့သည်။
 
 
သူတို့က ထျန်းမိသားစု ဓာတ်ပုံကိုပင် ရှာတွေ့ခဲ့သည်။ ဤတစ်ကြိမ်တွင် ထျန်းဘိုးဘိုးပင် ပါဝင်ပတ်သက်လာသည်။
 
 
"အစ်မက ထျန်းမိသားစုနဲ့ ဆက်ဆံရတာ သဘောမကျမှန်း ရှင်းအာ သိပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ထျန်းမိသားစုပါ ရောပါလာပြီ"
 
 
"ဘယ်သူစီမှာ လူဝင်စားမလဲက ငါ့မှာ ရွေးချယ်ခွင့် မရှိဘူးလေ။ ဒီဖျော်ဖြေရေးလောကထဲ ဘဝ အနိမ့်အမြင့် အတက်ကျ မျိုးစုံကို အစ်မ ခံစားဖူးပေမဲ့ ကိုယ့်အားကိုယ်ကိုးပြီပဲ ငွေရှာတယ်"
 
 
"အခုထိ စိတ်ကြည်နေသေးလို့ ဘာအတွက်မှ မစိုးရိမ်ဘူး"
 
 
ထျန်းနင်က ဖုန်းကို အောက်ပြန် ချထားခဲ့သော်လည်း သူမ၏မျက်နှာအမူအရာက သုန်မှုန်နေသေးသည်။
 
 
ဟန်ရှင်းအာ ကူကယ်ရာမဲ့ သက်ပြင်းချသည်။ ဖြစ်ပျက်ခဲ့သမျှ ပြဿနာရပ်ထဲ ဟန်မိသားစုလည်း  တာဝန်ရှိသည်ဟု ဟန်ရှင်းအာ ခံစားမိသည်။ ဟန်ယွီဖန်ကြောင့်သာ ထျန်းနင်က ထျန်းမိသားစုမှ မောင်းထုတ်ခံရခြင်း ဖြစ်သည်။
 
 
"အစ်မ စိတ်မကောင်း မဖြစ်နဲ့နော်"
 
 
ထျန်းနင်က ဟန်ရှင်းအာကို ကြည့်ကာ အားတင်းပြုံးခဲ့သည်။
 
 
သို့သော်လည်း ယမန်နေ့ညက ထျန်းနင်ကို ထျန်းရွှမ် ဖုန်းခေါ်လာခဲ့သည်။ သူမ၏အသံက ဒေါသထွက်နေမှန်း သိသားနေသည်။
 
"ချီမိသားစု အရှက်ရသလို ငါတို့ထျန်းမိသားစုကို အရှက်ကွဲ စေချင်တာလား။ ငါတို့ထျန်းမိသားစုကို နင့်ရဲ့ညစ်ပတ်တဲ့ အတင်းအဖျင်းတွေထဲ ရောပါစေချင်တာလား"
 
"နင့်ဘာသာနင် တိတ်တိတ်ပုန်း မွေးလာလို့ နိမ့်ကျတဲ့ဘဝမှာ နေချင်ရင်တောင် ဒါက နင့်ကိစ္စပဲ။ ငါတို့တစ်မိသားစုကို အရှက်ရအောင် မလုပ်စမ်းနဲ့"
 
 
"ထျန်းမိသားစုက စီးပွားရေး မဂ္ဂဇင်းတွေမှာပဲ ပါချင်တာ။ ဖျော်ဖြေရေး သတင်းတွေထဲ မပါချင်ဘူး"
 
 
ထျန်းနင်က စကားတစ်ခွန်းမျှ မပြောသေးဘဲ ထျန်းရွှမ်ကို စိတ်ကြိုက် ပြောခွင့် ပေးထားသည်။
 
 
"နင် ပြောလို့ဝပြီလား"
 
 
"ငါက ဒီတစ်လလုံး ဖျော်ဖြေရေးသတင်းရဲ့ ခေါင်းစီးပိုင်းမှာ နေနိုင်မယ်လို့ ယုံကြည်နေသလား"
 
 
ထျန်းရွှမ်
 
"..."
 
"ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ သိပါတယ်။ ထျန်းမိသားစု ဝင်ပါဖို့တောင် မလိုအပ်ဘူး"
 
 
"ငါ့ဘာသာငါ လင်းလက်စွာပဲ ရှင်သန်ရှင်သန် ဘဝပျက်ချင်ပျက် နင်တို့ကိစ္စ မဟုတ်ဘူး။ ငါ့ဘဝ ငါ့ပျော်ရွှင်မှု ငါ့ဝမ်းနည်းမှုတွေကို နင်တို့ ထျန်းမိသားစုနဲ့ မမျှဝေဘူး။ ထျန်းရွှမ် နင် ငါ့ဖုန်းကို ထပ်မဆက်နဲ့။ တကယ် စိတ်ပျက်ဖို့ ကောင်းတယ်"
 
 
"နင်"
 
 
"နင်က တခြားသူရဲ့ခံစားချက်ကို စာနာ ရကောင်းမှန်း မသိဘူး"
 
 
အပိုင်း(၃၅၈)
 
ပြီး၏။
အပိုင်း(၃၅၉)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now