Ep 268+269+270

123 6 0
                                    

အပိုင်း(၂၆၈)

 
 
 
ဓာတ်ပုံ
ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ဝန်ထမ်းတိုင်းမှာ သက်သေပြစရာ ဓာတ်ပုံတွေ သေချာပေါက် ရှိနိုင်သည်။ သို့သော်လည်း သူတို့တွေက ပြင်ပလောကကို ထိုဓာတ်ပုံများ ဖြန့်ဝေစရာ အကြောင်းအရင်း မရှိပေ။ ဟိုက်ဟွေ့ဖျော်ဖြေရေး၌ နည်းပညာပိုင်းဆိုင်ရာတွင် အလုပ်လုပ်ခဲ့ဖူးသည့် သူမအတွက် ဓာတ်ပုံကိုခိုးယူခြင်းက ခက်ခဲသော အလုပ်မဟုတ်ပေ။
သို့သော် စာချုပ်ချိုးဖောက်ရေးအတွက် ပြန်ပေးဆပ်ရမည့် လျော်ကြေးက မတွေးဝံ့စရာပေ။ လျော်ကြေးငွေ သန်းတစ်ထောင်ကျော် ပြန်ပေးဆပ်ရလိမ့်မည်။ ယခုလို လုပ်ဆောင်မှုမျိုးကို Cherlene မလုပ်ဆောင်ရဲပေ။
"ငါ့အတွက် ဓာတ်ပုံတစ်ပုံရှာပေးနိုင်တာနဲ့ ငါ့ကို ဘာမဆိုတောင်းဆိုနိုင်တယ်"
အယ်ဒီတာလင်းက မက်လုံးပေးသည်။
"ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တဲ့လူရဲ့ ကံတရားက မတွေးဝံ့စရာပါ။ ဘယ်သူမှ စွန့်စားရဲမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီကိစ္စတွေကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းရှိပါတယ်။ ဟိုက်ဟွေ့ဖျော်ဖြေရေးမှာရှိတဲ့ ဝန်ထမ်းတစ်ယောက်က ဖုန်းပျောက်သွားမယ်ဆိုရင် ဖုန်းကောက်ရတဲ့လူက သတင်းတွေကို ဖြန့်လိုက်ပါတယ်လို့ သတင်းထွက်သွားရင် ဘယ်သူ့ကို အပြစ်တင်ကြမလဲ။ ဒီအကြောင်းကို မို့ထင်သိသွားရင်တောင် ဖုန်းပျောက်သွားတဲ့ဝန်ထမ်းကိုပဲ တာဝန်ယူခိုင်းမှာပေါ့"
Cherleneက ခေတ္တခဏမျှ ချင့်ချိန်စဉ်းစားပြီး အကျိုးသင့်အကြောင်းသင့် တွေးတောကာ ပြန်ဖြေလာသည်။
"ဒါဆိုရင် ကျွန်မ ဘာလုပ်ပေးရမလဲ"
"ကျုပ်တို့ ဟွားရုံစတူဒီယို လိုချင်တာက ဟိုက်ဟွေ့ဖျော်ဖြေရေးနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက် ဓာတ်ပုံကိုပဲ။ ထျန်းနင်ရဲ့ မကောင်းသတင်းကိုသာ ဖော်ထုတ်လိုက်ရင် ဟွားရုံစတူဒီယိုက ကျော်ကြားသွားမယ်။ အခုချိန်မှာ မင်းကို ပိုက်ဆံပေးပြီးတော့ ခိုင်းချင်တဲ့သူတွေ ရှိပါ့မလား။ ငါတို့ စတူဒီယိုက ကမ်းလှမ်းချက်ကို စဉ်းစားသင့်တယ်နော်"
အယ်ဒီတာလင်းက Cherleneကို မထီမဲ့မြင်ကြည့်ကာ ပြုံးလိုက်သည်။ Cherleneက ခေတ္တခဏမျှ ချင့်ချိန်တွေးတောလိုက်သည်။
ဟိုက်ဟွေ့ဖျော်ဖြေရေး၏ လျှို့ဝှက်ချက်နှင့် ထျန်းနင်၏ မကောင်းသတင်းကိုသာ ဖော်ထုတ်နိုင်ခဲ့လျှင် အသနားခံရန် ထျန်းနင်က သူမကို ဒူးထောက် တောင်းပန်မည့်အကြောင်းကို တွေးမိလေတိုင်း သူမ ပျော်ရွှင်ကြည်နူးမိသည်။ သူမလိုချင်သည်က ငွေကြေးဥစ္စာထက် ယခုလို ခံစားချက်မျိုးသာဖြစ်သည်။ ထို့ကြောင့် အဆုံးသတ်မှာ Cherleneက ခေါင်းညိတ်သဘောတူကာ စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့သည်။
ယခု သူမရဲ့တာဝန်က ဟိုက်ဟွေ့ဖျော်ဖြေရေးသို့ ပြန်သွားရောက်၍ ထျန်းနင်နှင့် ပတ်သက်ဆက်နွှယ်သော သတင်းများကို ရယူရန်သာဖြစ်သည်။ အရာရာတိုင်းကို အဆင်ပြေချောမွေ့စွာ ပြီးမြောက်နိုင်ရန် သူမမျှော်လင့်ထားသည်။ အကယ်၍ မို့ထင်သာ ဖမ်းမိသွားခဲ့လျှင် သူမရဲ့ဘဝက အဆုံးသတ် သွားလိမ့်မည်။
ဂုဏ်ပြုညစာစားပွဲ ပြီးဆုံးပြီးနောက် မို့ထင်နဲ့ ထျန်းနင်သည် အရက်နံ့မွှန်ထူနေသော ရနံ့များဖြင့် အိမ်သို့ ပြန်လာခဲ့ကြသည်။ သူတို့အိမ်ထဲဝင်ဝင်ချင်း ထျန်းနင်က မို့ထင်ရဲ့လက်ကို ဖမ်းဆုပ်လိုက်ပြီး ရီဝေဝေဖြစ်နေသည်။
အဆုံးသတ်မှာ သူတို့ဇနီးမောင်နှံ ဆိုဖာပေါ်လဲကျသွားသည်။ ထျန်းနင်က မို့ထင်၏ခန္ဓာကိုယ်ပေါ် လဲလျောင်းနေပြီး သူမ၏နှာ‌ဖျားလေးဖြင့် မို့ထင်၏လည်တိုင်ကို ပွတ်သပ်နေသည်။
"ထင် ချစ်လေး တကယ်ကို ပျော်တယ်"
"ဘယ်လိုခံစားရလဲဆိုတာ ကိုယ့်ကိုပြောပြပါဦး"
မို့ထင်က ထျန်းနင်၏အပြုအမူကို ပိတ်ပင်ခြင်းမရှိပေ။ ယခုလို ထျန်းနင် ပြုံးပျော်ရွှင်သည့် အပြုအမူမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။ အထူးသဖြင့် သူစိမ်းများရဲ့ရှေ့မှာ ပြုံးပျော်ရွှင်နေသည့် မြင်ကွင်းမျိုးက မြင်ရခဲသည်။ ချစ်ဇနီးလေး ပျော်ရွှင်ဖို့အတွက် သူဘာမဆို လုပ်ဆောင်ပေးချင်သည်။
"ထင် ဘာတွေလုပ်တတ်သေးလဲ။ ကတတ်လား။ တခြား ဘာတွေရော လုပ်တတ်သေးလဲ"
မို့ထင်က သူ့ရင်ခွင်ထဲမှ အမျိုးသမီးလေးကို တင်းကျပ်စွာ ပွေ့ဖက်ထားသည်။ သူ့ချစ်ဇနီးလေးမှာ အရက်ရှိန်ကြောင့် အသိစိတ်ကင်းမဲ့နေကြောင်း သူသတိထားမိသည်။ ထို့ကြောင့် မို့ထင်က ထျန်းနင်ကို မတ်တတ်ထရပ်နိုင်အောင် ကူညီပေးလိုက်သည်။
ကြွေပြားခင်းထားသော ကြမ်းပြင်ပေါ်မှာ စုံတွဲက ကရန် ထျန်းနင်ကို ဦးဆောင်လာသည်။ အမူးသမားလေး ထျန်းနင်ကို ကကွက်မှန်အောင် ကူညီကပြရန် ရိုးရှင်းသော ကကွက်လေးများကိုသာ ရွေးချယ်ထားရသည်။
ထျန်းနင်က မို့ထင်၏ခန္ဓာကိုယ်ပေါ် မှီထားလိုက်ပြီး မို့ထင်၏ လှုပ်ရှားမှုအတိုင်း လိုက်ပါလှုပ်ရှားသည်။ နှစ်ဦးသား စကားတစ်ခွန်းမျှ မပြောသော်လည်း ယခုလို အခြေအနေလေးက အလှပဆုံးသော အခိုက်အတန့်လေးမှန်း ခံစားမိသည်။  
"ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ အနုပညာရှင်တွေက ချစ်လေးတို့ရဲ့ ဆက်ဆံရေးကို လက်ခံကြပါ့မလား။ 'ထင်'လည်းသိရဲ့သားနဲ့ ဒီနေ့ပွဲလေးကြောင့် ချစ်ရဲ့နှလုံးသားလေး ထိန်းချုပ်ရ ခက်ခဲနေတယ်။ အရမ်းကိုပျော်မိတယ်။ ကျန်းမန်နီလို ပြဿနာရှာမယ့် တခြားသူတွေပေါ်လာမှာလည်း ချစ်လေး စိုးရိမ်မိတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် ချစ်လေးကိုယ်ချစ်လေး အပြစ်တင်နေမိမှာပဲ"
"ဒါပေမဲ့ ချစ်လေးက ယုံကြည်ချက် ရှိတယ်ဆိုတာ ကိုယ်မြင်နေရတာပဲလေ။ ဘာတွေများ စိုးရိမ်နေစရာ လိုအပ်ဦးမှာလဲ"
"ချစ်လေးကြောင့် ထင့်ကို တခြားသူတွေ အနိုင်ကျင့်မှာ လက်ပိုက်မကြည့်ချင်ပါဘူး"
ထျန်းနင်က သဘာဝကျကျ ပြန်ဖြေလိုက်သည်။
"ထင့်ရဲ့ ချစ်ဇနီးလေး ကျွန်မကတောင် ထင့်ရဲ့ဆုံးဖြတ်ချက်တွေကို မဝေဖန်ခဲ့ဘူး။ တခြားသူတွေက ဒီလိုဝေဖန်ဖို့ ဘာများအခွင့်ရှိလို့လဲ။ ချစ်လေး အရမ်း ဒေါသထွက်တယ်"
မို့ထင်က ထျန်းနင်ကို ပွေ့ဖက်လိုက်ပြီး ပျော်ရွှင်စွာ ပြုံးလိုက်သည်။
"အခုကစပြီး ချစ်လေး ကိုယ်ပြောတာ မှတ်ထားနော်။ ဒီလိုအခြေအနေမျိုး ထပ်ကြုံခဲ့ရင်တောင် ကိုယ်က မင်းကို အပြည့်အဝ ကာကွယ်ပေးသွားမယ်။ မင်းအရှေ့ကနေ မားမားမတ်မတ် ရပ်တည်သွားမယ်။ ကိုယ်ပိုင်ဆိုင်သမျှ အရာအားလုံးက ချစ်လေးအတွက်ပဲ"
"ချစ်လေးကလည်း ကတိတစ်ခု ထပ်ပေးချင်တယ်။ ဒီလိုအခြေအနေမျိုး ထပ်ကြုံရရင် ချစ်လေးကလည်း ထင့်ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးမှာပါ"
မို့ထင် ကြောင်အမ်းအမ်း ဖြစ်သွားပြီး သူ့ရင်ခွင်ထဲမှ မိန်းကလေးကို တင်းကျပ်စွာ ပွေ့ဖက်ပြီး ဆိုဖာပေါ်မှာ လဲလျောင်းစေသည်။
"ဒီလိုကတိတွေလည်း ပေးစရာမလိုပါဘူး။ ကိုယ်ပိုင်ဆိုင်သမျှ အရာအားလုံးက ချစ်လေးအတွက်ပဲ။ ချစ်လေးက ကိုယ့်ကို အကုန်ပေးဆပ်စရာ မလိုဘူးလေ။ ချစ်ရဲ့စိတ်ခံစားချက်တွေကို ကိုယ့်အပေါ် ပုံအောထားပေးဖို့ပဲ လိုအပ်တယ်"
မှိန်ပျပျ အလင်းရောင်အောက်မှာ ထျန်းနင်က မို့ထင်ရဲ့ ခန့်ညားချောမောသော မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသေးသည်။ မှိန်ပျပျ အလင်းရောင်အောက်မှာ မို့ထင်၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရခြင်းက သူမ၏စိတ်ထဲ မို့ထင်ကို အမြဲတမ်း အမှတ်ရနေသောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် ထျန်းနင်က ခေါင်းကလေးကို မော့လိုက်ပြီး မို့ထင်ရဲ့အောက်နှုတ်ခမ်းလေးကို တတိတိကိုက်လိုက်သည်။ ထို့နောက် အရက်အရသ ာရောယှက်နေသော သူမရဲ့လျှာဖျားလေးနှင့် သူ့ရဲ့လျှာဖျားလေးကို အချင်းချင်း နမ်းရှိုက်စေသည်။
အနမ်းတစ်ချက်တည်းဖြင့် ထျန်းနင်က မို့ထင်ကို ရှုံးနိမ့်သွားခဲ့သည်။ ထျန်းနင်က မို့ထင်ရဲ့ လည်တိုင်လေးကို လက်ဖြင့် လှမ်းချိတ်လိုက်ပြီး ဗလုံးပထွေးလေသံဖြင့် စကားပြောလေသည်။
"ချစ်လေးတို့ ဘာဆက်လုပ်ကြမလဲ။ ချစ်လေး ထင့်ကို အရမ်း ချစ်မိနေပြီလို့ ခံစားမိတယ်"
"အခုမှပဲ ကိုယ့်ကို ချစ်တယ်ဆိုတာ သိခဲ့တာလား"
"ချစ်လေးရဲ့ကံတရားကို ချစ်လေး လိုလိုလားလား လက်ခံပါတယ်။ ထင့်ကို ချစ်ခဲ့မိလို့လည်း ချစ်လေး နောင်တမရပါဘူး"
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က မို့ထင်နှင့်အတူတူ ချစ်ခရီးလမ်းလေးကို အစပျိုးလိုက်သည်။
***
ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ဂုဏ်ပြုညစာစားပွဲ ပြီးဆုံးပြီး နောက်နေ့ မနက်ခင်းမှာ ကောလာဟလသတင်းများ စတင်ပျံ့နှံ့လာသည်။ ၎င်းကောလာဟလသတင်းသည် ကျန်းမန်နီကို ဟိုက်ဟွေ့မှ ထုတ်ပယ်လိုက်သည့် သတင်းဖြစ်သည်။ ထိုစဉ် ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ပီအာအဖွဲ့က ထိုကောလာဟလသတင်းနှင့် ပတ်သက်၍ ငြင်းဆန်ခြင်း မပြုခဲ့ပေ။ ထိုကောလာဟလသတင်းက မှန်ကန်ကြောင်း အရိပ်အမြွက်များသာ ပြသခဲ့သည်။
ဤကောလာဟလသတင်းကို မည်သူကအစဖော်ခဲ့လည်း မသိသော်လည်း အနုပညာလောကတွင် အတော်လေး လူသိများသော သတင်းဖြစ်လာခဲ့သည်။ ဟိုက်ဟွေ့ဖျော်ဖြေရေး ကိုယ်တိုင်မှလွဲ၍ မည်သူက ထိုကဲ့သို့သောသတင်းကို ဖော်ထုတ်ရဲမည်နည်း။
ဟိုက်ဟွေ့ဖျော်ဖြေရေးက အလွန်အမင်း စည်းလုံးညီညွတ်သော အဖွဲ့ဖြစ်သည်။ မို့ထင်၏အာဏာကို ခြိမ်းခြောက်ခဲ့သည့် ကျန်းမန်နီ၏အဆုံးသတ်က အေဂျင်စီမှ ထုတ်ပယ်ခံရမည်ကို ခန့်မှန်းနေစရာပင် မလိုအပ်ချေ။
ထိုအဖြစ်အပျက်က ဟိုက်ဟွေ့ဖျော်ဖြေရေးမှ အနုပညာရှင်များကို သတိပေးစာ ထုတ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ စည်းလုံးမှုကို ဖောက်ဖျက်ရန် ကြိုးစားခဲ့သည့် မည်သူမဆို ကျန်းမန်နီကဲ့သို့ အဆုံးသတ်ရပေလိမ့်မည်။ ဟိုက်ဟွေ့ဖျော်ဖြေရေးမှ ပထမဦးဆုံး ထုတ်ပယ်ခဲ့သည့် အနုပညာရှင်မှာ ကျန်းမန်နီဖြစ်၍ အားလုံးကို တုန်လှုပ်ချောက်ချားစေသည့် သတင်းမျိုးဖြစ်ခဲ့သည်။
မည်သည့် အနုပညာရှင်ဖြစ်နေပါစေ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်လာခဲ့လျှင် ဟိုက်ဟွေ့ဖျော်ဖြေရေးဘက်မှလည်း ၎င်းအနုပညာရှင်ကို ရက်စက်ပစ်ရန် ဝန်မလေးချေ။
ကျန်းမန်နီက ဆေးရုံအခန်းလေးထဲတွင် ထိုင်နေပြီး ဖုန်းမှတစ်ဆင့် သတင်းများကို ဖတ်ရှုနေသည်။ သလင်းကျောက်ကဲ့သို့ ကြည်လင်သော မျက်‌ရည်စက်ကလေးများက သူမ၏ဖြူဖျော့ဖျော့ ဒဏ်ရာရနေသော မျက်နှာပေါ်မှ တစ်လှိမ့်ချင်း ကျဆင်းလာသည်။
သူမလို နိုင်ငံတကာ အဆင့်မီမော်ဒယ်တစ်ယောက်၏ဘဝကို တစ်ညတည်းဖြင့် ဟိုက်ဟွေ့က ဖျက်ဆီးပစ်နိုင်သည်။ သူမ၏အဆင့်အတန်းဖြင့် မို့ထင်ကို ခြိမ်းခြောက်ရလိမ့်မည်ဟု ဂုဏ်မောက်ခဲ့သည့် သူမကိုယ်သူမ ဟားတိုက်ရယ်မောချင်မိသည်။ သူမ၏အပြုအမူမျိုးက တစ်လောကလုံး လှောင်ရယ်ချင်စရာ အဖြစ်အပျက် ဖြစ်လာခဲ့သည်။
ကျန်းမန်နီက ဆေးရုံခုတင်ပေါ်မှာ ထိုင်၍ ငိုလိုက်ရယ်လိုက်ဖြင့် အရူးတစ်ယောက်လို ဖြစ်နေသည်။ နောက်ဆုံးတော့ သူမရဲ့လက်ကိုင်ဖုန်းနှင့် အနီးပတ်ဝန်းကျင်တွင် ရှိသော လျှပ်စစ်ပစ္စည်းများကို ဖောက်ခွဲပစ်ခြင်းဖြင့် သူမ၏ဒေါသစိတ်ကို ထွက်ပေါက်ပေးလိုက်သည်။
ဆေးရုံမှအိမ်သို့ပြန်လာလျှင် Cherleneလက်ချက်ဖြင့် ရှုပ်ပွနေသော သူမ၏အိမ်ကို တွေ့သွားလျှင် မည်ကဲ့သို့ တုံ့ပြန်မလဲ သိချင်မိသည်။ ယခုလို အခြေအနေဆိုးတွင် သူမကိုပထမဆုံး လာတွေ့သူမှာ ဖန်ယွီဖြစ်သည်။ ဤတစ်ကြိမ်တွင် ဖန်ယွီက လက်ဗလာနှင့် လာရောက်ခဲ့ခြင်း မဟုတ်ပေ။ သူနှင့်အတူတူ သဘောတူစာချုပ်ကိုလည်း ယူဆောင်လာခဲ့သည်။
"ငါတို့ ဟိုက်ဟွေ့ဖျော်ဖြေရေးက မင်းအပေါ် ဘာအကြွေးမှ မတင်ခဲ့ပေးမယ့်လည်း မင်းက ငါတို့အေဂျင်စီနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ သံယောဇဉ်ကို ထောက်ထားပြီးတော့ သူဌေးက မင်းလက်ထဲ မင်းရဲ့ CC brand ပြန်ပေးဖို့ စီစဉ်ထားတယ်။ ဒါက ငါတို့ဘက်ကပေးနိုင်တဲ့ အကောင်းဆုံး သဘောတူညီမှုပဲ"
"ကျွန်မက ဒီလောက်တောင် သနားစရာ ကောင်းနေလို့လား"
ကျန်းမန်နီက ဖန်ယွီကို ဒေါသတကြီး ပြန်မေးလိုက်သည်။
"မင်း ဘာဆက်လုပ်သင့်သလဲ မင်းဘာသာမင်း ပြန်တွေးကြည့်ပါ"
ဖန်ယွီက ပြန်ဖြေလာသည်။
"မင်းကိုယ်မင်း သနားစရာ အကောင်းဆုံးလူသားလို့ မတွေးသင့်ဘူး။  ထျန်းနင်ကိုလည်း မမုန်းသင့်ဘူး။  ထျန်းနင်အပေါ်ထားရှိတဲ့ အမုန်းတွေကြောင့် ဒီလိုအခြေအနေတွေ ရောက်ခဲ့ရတာ။ မင်းထွက်သွားပေမဲ့ မင်းရဲ့နေရာမှာ ငါတို့က တခြားလူကို အစားထိုးမှာပဲ။ အဲဒီလူက ထျန်းနင်လည်းဖြစ်ချင်ဖြစ်မယ်။ တခြားသူလည်း ဖြစ်ချင်ဖြစ်နိုင်မယ်။ မင်းကျူးလွန်ခဲ့တဲ့အမှားကြီးက ဟွာကျင်းကျင်းကို ရိုက်နှက်ခဲ့တာပဲ"
ကျန်းမန်နီ ရုတ်တရက် စကားဆက်ပြောရန် ဆွံ့အသွားသည်။ သူမက ပြတင်းပေါက်အပြင်ဘက် လှည့်ကြည့်လိုက်ပြီး အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ စကားပြောလာသည်။
"ဟွာကျင်းကျင်းက ကျွန်မလောက် သနားစရာကောင်းလို့လား"
"ဘာပဲပြောပြော ဟွာကျင်းကျင်းက မင်းထက်စာရင် စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာကို ဖြေရှင်းနိုင်တယ်"
ထိုစကားကို ပြောပြီးနောက် ဖန်ယွီက ကျန်းမန်နီလက်ထဲ CC brandနဲ့ပတ်သက်သော သတင်း အချက်အလက်များကို လက်လွှဲပေးလိုက်သည်။
"ဒီမော်ဒယ်လောကထဲ ထပ်ဝင်မလာနဲ့တော့။ အထူးသဖြင့် ငါတို့သူဌေးရဲ့အရှေ့ကို ပေါ်မလာနဲ့။ ငါတို့သူဌေးက မင်းကို နောက်ဆုံးအကြိမ် သတိပေးလိုက်တာပဲ"
"ဒါဆို ကျွန်မ ဘာဆက်လုပ်ရမလဲ"
ကျန်းမန်နီက သူမကိုယ်သူမ ဟားတိုက် ရယ်မောလိုက်သည်။
"ကျွန်မက ထျန်းနင်ကို ရှုံးနိမ့်ခဲ့ပေမဲ့လည်း ထျန်းနင်အလှည့် မရောက်လာဘူးလို့တော့ မဆိုလိုဘူးနော်"
 
 
***
အပိုင်း(၂၆၉)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now