Ep 325+326+327

109 7 0
                                    

အပိုင်း(၃၂၅)

 
ဟိုက်ဟွေ့ဖျော်ဖြေရေး၏ စီအီအိုရုံးခန်းက ည၁၀နာရီ ရောက်သည့်တိုင် မီးလင်းနေသေးသည်။
 
 
ဖန်ယွီက သူ့မင်္ဂလာဆောင်ကြောင့် နိုင်ငံရပ်ခြားကို ရောက်နေသော်လည်း ဟိုက်ဟွေ့ဖျော်ဖြေရေး ဒုက္ခရောက်နေသည့် သတင်းကို ကြားကြားချင်း မင်္ဂလာပွဲပြီးဆုံးသည်နှင့် ပေကျင်းကို ပြန်လာခဲ့သည်။ သူ ထင်သည့်အတိုင်း မို့ထင်က အိမ်မပြန်သေး၊ ရုံးခန်းထဲမှာ ရှိနေသေးသည်။
 
 
မို့ထင်က ခေါင်းလေးမော့ကာ ဖန်ယွီကို ကြည့်လိုက်ပြီး သုန်မှုန်နေသော လေသံဖြင့် စကားပြောလေ၏။
 
"မင်းဘာလို့ ပြန်လာတာလဲ"
 
"အမ်"
 
မို့ထင်၏ တုန်လှုပ်ချောက်ချားခြင်း ကင်းမဲ့သော မျက်နှာအမူအရာကို ငေးကြည့်မိစဉ် ဖန်ယွီ ပြောစရာ စကားလုံးများ ပျောက်ကွယ်သွား၍ သူ့နဖူးကို လက်ဖြင့် တို့ထိကာ
"ပြဿနာက ဖြေရှင်းဖို့ ခက်ခဲမယ်လို့ ငါ တွေးခဲ့ပေမဲ့ အခု မင်း မျက်နှာအမူအရာကိုကြည့်လိုက်တော့ ငါ ထင်ထားသလောက် ပြဿနာက မခမ်းနားဘူးပဲ။ မင်းမှာ အဖြေရှိပြီသားဆိုရင် ဘာလို့ အခုအချိန်ထိ အိမ်မပြန်သေးတာလဲ"
 
"စိုးရိမ်နေတဲ့ ခံစားချက်ကို မင်း မခံစားနိုင်ဘူးလား"
 
 
ဒါရိုက်တာဘုတ်အဖွဲ့က အရေးပေါ် အစည်းအဝေး ကျင်းပရန် မို့ထင်က သောကရောက်ချင်ယောင် ဟန်ဆောင်နေခဲ့ခြင်း ဖြစ်မှန်း ဖန်ယွီ သဘောပေါက်သွားသည်။ မြေခွေးတစ်သိုက်ကို ရှင်းလင်းနိုင်သည့် အခွင့်အရေးက ရံဖန်ရံခါမှ ရတတ်သည်။ အခွင့်အရေးကောင်းက သူ့လက်ထဲ ရောက်နေ၍ သူကလည်း ကောင်းကောင်းကြီး အသုံးချရပေဦးမည်။
 
 
"မင်းဘယ်လို တန်ပြန်တိုက်ခိုက် မလဲ"
 
 
"သူတို့တွေ ဖော်တဲ့အဆိပ်ဆေးကို သူတို့ကို ပြန်မြည်းခိုင်းရမှာပေါ့"
 
မို့ထင်က ဖန်ယွီ၏မေးမြန်းမှုကို ရိုးရှင်းသော စကားတစ်ခွန်းတည်းဖြင့် ပြန်ဖြေသည်။
 
အင်တာနက်ဝါသနာရှင်များက ဟိုက်ဟွေ့ဖျော်ဖြေရေးဘက်မှ တောင်းပန်စကား ပြောပြီး ပြဿနာကို တာဝန်ယူမည့်အချိန်ကိုသာ စောင့်မျှော်နေစဉ် ပရိသတ်များကြား အငြင်းပွားသည့် ဖြစ်ရပ်က ဟိုက်ဟွေ့ဖျော်ဖြေရေးအတွက် အရေးမပါကြောင်း သူတို့ မစဉ်းစားခဲ့မိချေ။
 
 
ထျန်းနင်က သူ့အမှားကို ဝန်ခံပြီး စိတ်ဓာတ်ကို ပြုပြင်လိမ့်မည်ဟု သူတို့ တွေးခဲ့သည်။ သို့တိုင် လက်တွေ့မှာ ထျန်းနင်က ဂရုမစိုက်ခဲ့ချေ။
 
 
မန်နေဂျာမို့က ဘာဆိုဘာမှ မပြောခဲ့၍ ထျန်းနင်လည်း ဝင်ရောက်ဖြေရှင်းရန် မလိုအပ်ပေ။ အရေးကြီးဆုံးအချက်အနေဖြင့် ထျန်းနင်၏ပရိသတ်များက အစတည်းက ဖြူစင်ရိုးသားခဲ့သည်။
 
 
သူမ အရှေ့ထွက်လိုက်လျှင် သူမ၏ပရိသတ်များက တစ်စုံတစ်ရာ အမှားကျူးလွန်ခဲ့သည်ဟု ဝန်ခံရာ ရောက်လိမ့်မည်။
 
 
ထို့အပြင် ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ပီအာအဖွဲ့ ထုတ်ပြန်သည့် ကြေညာချက်ကလည်း ရိုးရှင်းသည်။ ဟိုက်ဟွေ့ဖျော်ဖြေရေးက ရဲစခန်းကို အကြောင်းကြားခဲ့ပြီး ဖြစ်စဉ်တစ်ခုလုံးကို ရဲစခန်းက ဆက်လက်စုံစမ်းနေသည်ဟုသာ သတင်းထုတ်ပြန်ခဲ့သည်။ သူတို့က တရားဥပဒေအရ ဖြေရှင်းရန် ဆုံးဖြတ်ထားလေ၏။
 
 
ကြေညာချက် ထွက်ပေါ်လာစဉ် ယွဲ့ပရိသတ်များက ချက်ချင်း ကန့်ကွက်ကြသည်။ အမှန်တရားက သိသာထင်ရှားနေပြီး ဟိုက်ဟွေ့ဖျော်ဖြေရေးက သူ့တာဝန်ကို ရှောင်တိမ်းရန် ကြိုးစားနေသည်ဟုသာ သူတို့က တွေးတောထားသည်။
 
 
သို့သော်လည်း ဟိုက်ဟွေ့ဖျော်ဖြေရေးက မှန်ကန်သော ရွေးချယ်မှုကို လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်နေသော လူတချို့လည်း ရှိသည်။ ယွဲ့ပရိသတ် ဒဏ်ရာရသည်မှာ အမှန်တရား ဖြစ်သော်လည်း ထျန်းနင် ကျူးလွန်ခဲ့သော ပြစ်မှု မဟုတ်၍ ထျန်းနင် တာဝန်ယူစရာ မလိုအပ်ချေ။ စကားအချေအတင် ပြောဆိုသည့် အဆင့်မှ ရိုက်နှက် တိုက်ခိုက်သော အဆင့်ကို ရောက်သွားခဲ့သည့် နှစ်ဖက်စလုံး၏ အမှားသာ ဖြစ်လေ၏။
 
 
တစ်ဖက်တည်းမှ တောင်းပန်စကားကို တောင်းဆိုခြင်းသည် မျှတမှု မရှိချေ။ ထို့ကြောင့်လည်း ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းခြင်းက အကောင်းဆုံး အဖြေ ဖြစ်လိမ့်မည်။
 
 
သို့သော်လည်း မို့ထင်၏စိတ်သဘောထားကို ကောင်းကောင်း နားလည်သဘောပေါက်သည့် မည်သူမဆို မို့ထင် တမင်သက်သက် အချိန်ဆွဲနေမှန်း သိလိမ့်မည်။
 
 
အရာအားလုံးကို တရားဥပဒေအရ ရင်ဆိုင်ရန် လက်လွှဲပေးခြင်းက ဥပဒေကို ပီအာ အကာအရံအနေဖြင့် အသုံးချချင်၍ ဖြစ်လေ၏။
 
 
ထိုမှသာ မို့ထင်က အရာအားလုံးကို အပြည့်အဝ ချုပ်ကိုင်နိုင်လိမ့်မည်။
 
 
မို့ထင်၏ပုံမှန်မဟုတ်သော ပြဿနာ ဖြေရှင်းနည်းကြောင့် နောက်တစ်နေ့မှာဒါရိုက်တာဘုတ်အဖွဲ့၏ ၃၀ရာခိုင်နှုန်းကျော်က အရေးပေါ် အစည်းအဝေး ကျင်းပရန် တောင်းဆိုလာလိမ့်မည်။
 
 
 
ဟိုက်ဟွေ့ဖျော်ဖြေရေးကို စတင်တည်ထောင်ခဲ့စဉ်က ယခုထက် ပို၍ ဆိုးရွားသော အခက်အခဲများကို ရင်ဆိုင်ဖူးသည်။ သို့သော်လည်း J-King၏အကြိမ်ပေါင်းများစွာ ရန်ရှာမှုကြောင့် မို့ထင်က ထျန်းနင်ကို အကြိမ်ကြိမ် ကာကွယ်ပေးခဲ့သည်။ ထို့ကြောင့်လည်း ရှယ်ရာရှင်များက မို့ထင်၏ အရည်အချင်းကို သံသယဝင်လာပြီး မိန်းမတစ်ယောက်ကြောင့် စီးပွားရေး မွဲပြာကျလိမ့်မယ်ဟု ယူဆနေကြသည်။
 
 
 
မို့ထင် အိမ်က မထွက်သွားခင် ထျန်းနင်က မို့ထင်၏ဝတ်စုံ သေသပ်အောင် မှန်ရှေ့မှာ ပြင်ဆင်ပေးနေသည်။ သူမ၏မျက်ဝန်းတွင် အဆင်မပြေသော ခံစားချက်များ ရောယှက်နေသည်။
 
 
မို့ထင်က သူမ၏ညာဘက်လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး လက်ဖမိုးလေးကို အနမ်းပေးသည်။
 
"ချစ်လေး ဘာတွေ စိုးရိမ်နေသလဲ"
 
"ဒီနေ့ အစည်းအဝေးကြောင့်လေ"
 
 
"ချစ်လေး စိုးရိမ်သင့်လို့လားကွာ"
 
မို့ထင်က ထျန်းနင်၏လက်ကောက်ဝတ်လေးကို လွှတ်ပေးလိုက်သည်။
"ကြောက်နဲ့ကြွက် ကစားပွဲကို ကိုယ်က သဘောကျနေတယ်လို့ တွေးနေသလား"
 
ထျန်းနင်က မို့ထင်၏ရင်ခွင်ကို မှီလိုက်သည်။ မို့ထင်‌၏အရည်အချင်းကို ယုံကြည်ပါသော်လည်း မိန်းမ သဘာဝအရ ခင်ပွန်းသည်ကို စိုးရိမ်မိသည်။
 
 
"ချစ်လေး အရင်တုန်းက ပြောဖူးတယ်နော်။ ကိုယ်က ချစ်လေးရဲ့ အကူအညီကို လိုအပ်ရင် ချစ်လေးက ကိုယ့်ကို ကာကွယ်ဖို့ အရှေ့ထွက်ပေးမယ်တဲ့"
 
 
"ဘာလို့ ဒီအကြောင်းကို ရုတ်တရက် ပြောနေတာလဲ"
 
ထျန်းနင်က ဦးခေါင်းလေးကို မော့ကာ မေးမြန်းသည်။
"ချစ်လေးက အဆင်သင့် ဖြစ်နေပြီသားပါ။ ယောက်ျားကို ကူညီပေးဖို့ အသင့်ပဲ"
 
မို့ထင်က ထျန်းနင်၏ နက်မှောင်သော ဆံနွယ်လေးကို ဖွဖွလေး သပ်ပေးသည်။ သူ့ချစ်ဇနီးလေး စိတ်ထိခိုက်နေမည်ကို သူ ခံနိုင်ရည် မရှိပေ။ ထို့ကြောင့် သူ ဆုံးဖြတ်ချက် ချလိုက်သည်။
 
"ချစ်လေးရဲ့အိပ်မက် အကောင်ထည်ဖော်လို့ရအောင် ကိုယ် အကောင်းဆုံး ကူညီပေးမယ်။ ချစ်လေး မစိုးရိမ်နဲ့နော်"
 
သူတို့စုံတွဲလေးက တစ်ယောက်စိတ်ကို တစ်ယောက် နားလည်နိုင်စွမ်း ရှိသည်။ မို့ထင်က သူ ဘာလုပ်မည်ကို အသေးစိတ် ပြောပြနေစရာပင် မလိုအပ်ချေ။ သူ ဘာပဲလုပ်လုပ် ထျန်းနင်က သူ့ကို နားလည်နေ၍သာ သူတို့နှစ်ဦးကြား စကားအများကြီး ပြောနေစရာ မလိုအပ်‌ပေ။
 
 
ထိုစဉ် ထျန်းနင် လုပ်ဆောင်သမျှ အလုပ်ကိစ္စတိုင်းက မို့ထင် ရန်သူကို တန်ပြန်တိုက်ခိုက်နိုင်အောင် ကူညီပေးခဲ့ခြင်းသာ ဖြစ်သည်။
 
 
 
"ချစ်လေးရဲ့ပရိသတ်တွေက အလှူအတန်းတွေနဲ့ အလုပ်ရှုပ်နေကြတယ်။ သူတို့တွေက ရန်ပုံငွေရှာဖို့ ဝက်ဘ်ဆိုက် တစ်ခု တည်ထောင်ထားတယ်"
 
 
 
" ချစ်လေးက သူတို့ကို ကောင်းကောင်း သင်ပြပေးခဲ့တာပဲ"
 
 
မို့ထင်က သူမ၏ရည်ရွယ်ချက်ကို နားလည်ခဲ့၍ ထျန်းနင် သဘောကျနှစ်ခြိုက်စွာ ပြုံးလိုက်သည်။
 
 
ထျန်းနင်က စကားထပ်မပြောဘဲ မို့ထင်၏ရင်ခွင်ထဲမှ တွန်းထွက်ကာ
 
"ယောက်ျား၊ ရှင် အလုပ်သွားသင့်ပြီနော်။ အစည်းအဝေး ကျင်းပမယ့် အချိန်နီးကပ်နေပြီ"
 
ဝမ်းတွင်းမည်း လူယုတ်မာများနှင့် ရင်ဆိုင်ရသည့်အခါ သူတို့စုံတွဲက အံ့ဩစရာကောင်းလောက်အောင် အတွဲညီနေသည်။
 
 
 
ဇာတ်ရည်လည်လာမည့် ပွဲကောင်းလေးကို စောင့်ကြည့်ရမည့် အချိန်ကို ဆိုက်ရောက်လာသည်။
 
 
 
...
 
 
မနက် ၁၀နာရီ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ အစည်းအဝေး ကျင်းပရာ အခန်း
 
 
မို့ထင် မရောက်ခင်တည်းက ရှယ်ရာရှင် လူအိုကြီးများက မို့ထင်၏ ပြဿနာကိုင်တွယ်ပုံကို မကျေနပ်ကြောင်း အမူအရာပြသည်။
 
 
ဟိုက်ဟွေ့ကုမ္ပဏီသည် ဖျော်ဖြေရေးလောက၌ နှစ်ပေါင်းများစွာ အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့ပြီး ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်းလည်း ဖြစ်ခဲ့သည်။ တာဝန် ခေါင်းရှောင်ရန် ကြိုးစားနေသည်ဟု ပြစ်တင်ခံရခြင်းလည်း မရှိခဲ့ဖူးပေ။ သို့သော်လည်း ထျန်းနင်နှင့် ပတ်သက်လာတိုင်း မို့ထင်က အငြင်းပွားဖွယ် ပြဿနာကို အညင်သာဆုံး နည်းလမ်းဖြင့် ဖြေရှင်းလေ့ရှိသည်။
 
 
"မို့သူဌေးက အညတရမော်ဒယ်မရဲ့ မန်နေဂျာ ရာထူးကို ရွေးချယ်လိုက်လို့ အခုလို အငြင်းပွားဖွယ် ပြဿနာတွေ ကြုံရတာလေ။ ဒီတစ်ခေါက်တော့ မို့ထင်က အဲဒီမိန်းကလေးကြောင့် ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ဂုဏ်သိက္ခာကိုတောင် ထည့်မတွက်တော့ဘူး"
 
ရှယ်ရာရှင်တစ်ဦးက မကျေမနပ် ထပြောသည်။
 
"ဒီရက်ပိုင်း မို့ထင် ပြောင်းလဲသွားတာ မင်းတို့တွေ သတိမထားမိဘူးလား"
 
ဒုတိယ ရှယ်ရာအများဆုံး ရှယ်ရာရှင်က အစည်းအဝေး စားပွဲခုံကို လက်ဖြင့် ဆောင့်ရိုက်ကာ စကားဖြတ်ပြောသည်။
 
"ဒီလိုသာ ဆက်ဖြစ်နေရင်တော့ ငါတို့ဟိုက်ဟွေ့ဖျော်ဖြေရေးကို ထျန်းနင်လက်ထဲ လွှဲပေးတော့မယ်။ အဲဒီမိန်းမက မြေခွေးမပဲ"
 
 
"မို့ထင်က ထျန်းနင်ကို ကူညီဖို့ သူ့ရာထူးကို အသုံးချခဲ့တဲ့ သက်သေတွေ ငါ စုဆောင်းထားတယ်"
 
သတင်းအချက်အလက်များ တင်ပြမည့်သူက J-King၏ဖခင် ဒါရိုက်တာချန်း မှ လွဲ၍ တခြားသူ မဖြစ်နိုင်ချေ။
 
သိပ်မကြာခင်တုန်းက သူ့ကို ဆက်သွယ်ရန် လုချယ် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ နိုင်ငံရပ်ခြား ရောက်နေသော အကြောင်းပြချက်ဖြင့် တွေ့ဆုံခွင့် မပေးခဲ့ပေ။ တကယ်တမ်း သူက မို့ထင်ကို အကဲခတ်နေခြင်းသာ ဖြစ်သည်။
 
 
ဒါရိုက်တာအဖွဲ့က သူတို့အနား လာချပေးသည့် အချက်အလက်များကို ဖတ်ရှုပြီး မျက်စိအဝိုင်းသား ဖြစ်သွားသည်။
 
 
"ငါတို့တွေ ဒီလိုဆက်ဖြစ်ခွင့် ပေးမလား"
 
 
"ဒီလိုသာ ဆက်ကြုံနေရင်တော့ သိပ်မကြာခင် ဟိုက်ဟွေ့ဖျော်ဖြေရေးလည်း ပျက်သုန်းသွားလိမ့်မယ်"
 
 
"ဘယ်လိုများ ပျက်သုန်းသွားမလဲ သိချင်လိုက်တာဗျာ"
 
မို့ထင်၏ဩရှရှအသံက တံခါးပေါက်နားမှ ရုတ်တရက် ပဲ့တင်ထပ်လာသည်။
 
ဒါရိုက်တာအဖွဲ့က သူတို့လက်ထဲမှ အချက်အလက် စာရွက်ကို ချက်ချင်း ဖွက်ထားပြီး မျက်နှာလွှဲကြသည်။
 
 
မို့ထင် ခနဲ့လိုက်ပြီး စီအီအို ထိုင်ခုံမှာ ထိုင်လိုက်သည်။ သို့သော်လည်း သူ့အကြည့်က သူတို့အားလုံး ဖွက်ရန် ကြိုးစားနေသော စာရွက်ပေါ်သာ ရှိနေသည်။
 
"ငါရော ကြည့်လို့ ရမလား"
 
ရှယ်ရာရှင်များ မှင်တက်သွားမိသော်လည်း သူတို့လက်ထဲမှ အချက်အလက် စာရွက်ကို နာခံစွာလွှဲပြောင်းပေးသည်။
 
 
 
မို့ထင်က စာမျက်နှာ တချို့ကို သာမန်ကာလျှံကာ လှန်လှောပြီး ဘေးဘက် လွှင့်ပစ်သည်။
 
 
"ဘာပဲ ဒီလောက် အချက်အလက်လေးနဲ့ ငါက လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစား လုပ်နေတယ်လို့ ပြောချင်တာလား"
 
" မို့ထင်။ မင်း လူတိုင်းကို ဖြေရှင်းချက် ပေးသင့်တယ်လို့ မတွေးဘူးလား"
 
 
" ကျုပ်က ခင်ဗျားတို့ကို ဘာတွေ ရှင်းပြပေးနေဖို့ လိုအပ်သလဲ"
 
မို့ထင်က ဒါရိုက်တာချန်းကို စူးစူးရဲရဲ ကြည့်ရှုကာ ပြန်မေးမြန်းသည်။
"ခင်ဗျားတို့ ကြားချင်တယ်ဆိုရင်တော့ အကျိုးအကြောင်း ခိုင်လုံတဲ့ ဖြေရှင်းချက် တစ်ခုတော့ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့တွေ ကြားချင်နေတဲ့ စကားကို မပြောခင် ဒါရိုက်တာချန်းကို မေးမြန်းချင်သေးတယ်။ ခင်ဗျားသားက ကိုယ်တိုင် ဇာတ်ညွှန်းရေး ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ပြဿနာကို မီးခွက်ထွန်းရှာနေတာ ဘာသဘောလဲဗျာ"
 
***
အပိုင်း(၃၂၆)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now