အပိုင်း(၄၃၇)

78 7 0
                                    


ဟန်ဆောင်ချစ်သူ အပိုင်း(၄၃၇) December 21, 2023


ထျန်းနင်နှင့် ပတ်သက်သော အတင်းအဖျင်း သတင်းများ ထွက်ပေါ်နေစဉ် ထျန်းနင်၏ဖုန်းနံပါတ် ပေါက်ကြားသွားခဲ့သည်။

သတင်းမီဒီယာများက ထျန်းနင်၏ဖုန်းနံပါတ်ကို ရရချင်း ချက်ချင်း ဖုန်းဆက်သွယ်ကြသည်။
"ထျန်းနင်လား။ ဟုတ်လား။ မဖြစ်နိုင်ပါဘူး"

မီဒီယာ တစ်ခုပြီး တစ်ခုက ထျန်းနင်၏ဖုန်းနံပါတ်ကို ဆက်တိုက် ဆက်သွယ်လာ၍ တစ်နေ့လုံး ဖုန်းက မရပ်မနား မြည်နေသည်။

"အစ်မထျန်းနင်။ အရူးကောင်ပိုင် တော်တော် တရားလွန်လာပြီ"
စုန့်ယန်ရှုက ပိုင်ချိုးရှန့်ကို နာမည်အပြည့်အစုံ မခေါ်တော့ပေ။ နဂိုတုန်းက ပိုင်ချိုးရှန့်ကို အဖက်မတန်ဟန် သဘောထားခဲ့သော်လည်း ယခုတော့ သူမ အရမ်းကို ဒေါသထွက်နေမိသည်။

ထျန်းနင်က ဖုန်းကို သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် ကြည့်သည်။ ခဏကြာပြီးနောက် မို့ထင် ဟိုတယ် ရောက်လာသည်။ ထျန်းနင်၏ အခန်းထဲ ဝင်ဝင်ချင်း သတင်းထောက် တစ်ယောက် ဖုန်းခေါ်လာသည်။

မို့ထင်က ဖုန်းသံကြောင့် သူ ချက်ချင်း ဖုန်းကိုင်ခဲ့သည်။

"ထျန်းနင်မလား။ မတရား ဆက်ဆံခံရတာ အမှန်ပဲလား"

"မင်းက ဘယ်ကုမ္ပဏီကလဲ"
မို့ထင်က တွေဝေခြင်း မရှိ မေးမြန်းသည်။

"ကျွန်တော်က ဟွာမင်းဆက်သွယ်ရေး ကုမ္ပဏီကပါ"

သတင်းထောက်က ဖုန်းကိုင်သည့်သူ မည်သူမှန်း မသိပါဘဲ ပြန်ဖြေသည်။ သူနှင့် ပတ်သက်သော အချက်အလက်ကို ဖော်ထုတ်ချင်သည့် အနီးအနားရှိနေသော ဝန်ထမ်းဟု ယူဆခဲ့သည်။ သို့သော်လည်း မို့ထင်က အားမနာစတမ်း တုံ့ပြန်သည်။
"မင်းတို့ ကုမ္ပဏီပိတ်မယ် အချိန်ကို စောင့်နေလိုက်တော့"
ထိုစကားကို ပြောပြီးနောက် သူက ဖုန်းချလိုက်ပြီး စုန့်ယန်ရှုကို ထွက်သွားရန် လက်ဟန်အမူအရာ ပြသည်။

"အဆင်ပြေပါတယ်"
ထျန်းနင်က မို့ထင်ကို ငေးကြည့်ပြီး စိတ်မပူစေ ချင်ပေ။
"ယောက်ျားတို့မှာ အစီအစဉ် ရှိမှန်း သိလို့ စိတ်ရှည်ရှည် စောင့်နေတာပါ"

"ချစ်လေးရဲ့ ဖုန်းနံပါတ်ကို ပြောင်းပေးဖို့ လုချယ်ကို ပြောထားတယ်"

ထျန်းနင်က သံယောဇဉ်တွယ်တာ တတ်သူမှန်း မို့ထင်သိနေ၍ ဖြည့်စွက် ပြောသည်။
"မီဒီယာ နှောင့်ယှက်တာ ရပ်သွားရင် အရင်ဖုန်းနံပါတ် အဟောင်းပဲ ပြန်သုံးလေ"

မို့ထင်က သူမ၏စိတ်ခံစားချက်ကို နားလည်နေ၍ ထျန်းနင် ပြုံးလိုက်သည်။

"ပြီးတော့ ချစ်လေး လုပ်ချင်တာ ရှိရင်လုပ်လိုက်။ တခြားသူကို ဂရုစိုက် နေစရာ မလိုအပ်ဘူး။ ဝေအန်ရဲ့ အစီအစဉ်က ချစ်လေးကို မထိခိုက်စေပါဘူး"
မို့ထင် အားပေးအားမြှောက် ပြုသည်။ သူမကိုယ်စား လက်စားချေခွင့် ရလျှင် သူက တစ်လောကလုံး၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရဲသည့် စိတ်ဆန္ဒ ရှိသည်။

"အင်းပါ"
ထျန်းနင်က မို့ထင်၏ အားပေးမှုကို အသိအမှတ်ပြုဟန် ခေါင်းညိတ်သည်။

မို့ထင်က ထျန်းနင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ သူ့နှလုံးသား နာကျင်နေရသည်။ သူ့လက်ချောင်းလေးများက သူမ၏ ဆံနွယ်လေးများကို ညင်သာစွာ သပ်ပေးလျက်
"ချစ်လေးကို ဖျော်ဖြေရေးလောကရဲ့ ထိပ်တန်း ရောက်အောင် ကိုယ် ပံ့ပိုးပေးမယ်။ ဒါမှ ဖျော်ဖြေရေးလောကသားတွေ ချစ်လေးကို မထိရဲမှာလေ"

ထျန်းနင်က မို့ထင်၏ ရည်ရွယ်ချက်ကို နားလည်မိ၍ သူ့ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။

"ကိုယ်တို့တွေ ဘယ်တော့မှ မရှုံးဘူးဆိုတာ တခြားသူတွေ သိသွားရင် ကျေနပ်ပြီ"

"အဲလိုပဲ ဖြစ်လာမှာပါ"

...


ထျန်းနင်စီ လာလည်ပြီးနောက် မို့ထင်က ဟိုတယ် အပြင်ဘက် လမ်းလျှောက် ထွက်လာပြီး လုချယ်ကို ညွှန်ကြားသည်။
"မနက်ဖြန် သတင်းမှာ ဟွာမင်းဆက်သွယ်ရေး ကုမ္ပဏီ ပိတ်သိမ်းသွားတာ မြင်ချင်တယ်"

"ပြီးတော့ အဘိုး ဘယ်မှာနေလဲ စုံစမ်းမိပြီလား"

"မို့လူကြီးမင်းနဲ့ တွေ့ဖို့ သူဌေးကို ခေါ်သွားပေးမယ်"
လုချယ်က ချက်ချင်း လမ်းပြသည်။

မို့ထင်က သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် လုချယ်၏ နောက်ကို လိုက်လာခဲ့ပြီး မို့အကြီးအကဲ စံအိမ်တော်၏ ဥယျာဉ်ထဲ ဝင်ရောက်သည်။ ထိုစဉ် အခိုက်အတန့် မို့အကြီးအကဲက လှောင်အိမ်ထဲ ဝင်ကာ သူ့ငှက်ကလေးများဖြင့် ဆော့ကစားနေသည်။ မို့ထင်ကို မြင်မြင်ချင်း သုတ်သုတ်ပျာပျာ ‌ပြေးပုန်းသည်။

"ပုန်းနေဖို့ မလိုတော့ဘူး"

မို့ထင်၏အသံက အေးစက်နေသည်။
"အဘိုး လေဆိပ်ကို ခြေချတဲ့ အချိန်တည်းက အဘိုး ပြန်လာတာ ကျွန်တော် သိတယ်။ ထွက်ခဲ့တော့"

မို့အကြီးအကဲက မျက်မှောင်ကြုတ်လိုက်ပြီး ရွေးချယ်စရာ မရှိသည့် အဆုံး သူ့မြေးနှင့် ရင်ဆိုင်ရန် အပြင်ထွက်လာခဲ့သည်။

"မသိချင်ယောင် ဆောင်နေတာ ကြာပြီမလား။ ဆက်ပြီးတော့ မသိချင်ယောင်ဆောင် လိုက်ပါလား"
အဘိုးအိုက သူ့ယပ်တောင်ကို ဝှေ့ရမ်းကာ စကားပြန်ပြောသည်။ မို့ထင်ဘက်မှ မတုံ့ပြန်၍ အဖြေကို သူ သိနေသည်ဟု ယူဆလိုက်သည်။
"မင်းမိန်းမကို စိတ်ပူနေတာလား"

"ဘယ်လောက်ကြာ‌ကြာ အကဲခတ်ဦးမှာလဲ"
မို့ထင် စိတ်မရှည်စပြုလာသည်။ သူက အဘိုးအိုကို အလုံအလောက် အချိန်ပေးခဲ့သည့်တိုင် အဘိုးအိုက မတင်းတိမ်နိုင်သေးပေ။

"ဘာလို့ အလျင်လို နေတာလဲ"
မို့အကြီးအကဲ ကျောက်စားပွဲပေါ် တည်ငြိမ်စွာ ထိုင်လိုက်သည်။
"အချိန်တန်ရင် ငါ ဘယ်သူလဲ ဆိုတာ မင်းရဲ့မိန်းမ သိရမှာပါ"

မြေးအဘိုး နှစ်ဦး အကြည့်ချင်း ဖလှယ်သည်။ သူ့အဘိုး ရည်ရွယ်သည့် 'အချိန်တန်'ဟူသော စကားကို မို့ထင် သိနေသည်။ ပိုင်ချိုးရှန့်က ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့သားများ၏ အလုပ်ကို နှောင့်နှေးစေခဲ့၍ သူ့အပေါ် ကောင်းနေစရာ အကြောင်း မရှိပေ။

မို့ထင် သရော်သည်။ သူ လှည့်ထွက်သွားစဉ် အဘိုးအိုက သူ့ကို လှမ်းစကားပြောသည်။
"ကောင်မလေးက ငါ့ရဲ့ နောက်ဆုံး စမ်းသပ်မှုကို မအောင်မြင်သေးဘူးလေ။ ဒါပေမဲ့ မဆိုးရှာပါဘူး"

မို့ထင်က အဘိုးအိုကို သတိပေးဟန် လှည့်ကြည့်သည်။ လူအိုကြီးက လှည့်ကွက် ထပ်သုံးလာခဲ့လျှင် သူ့ကလည်း သူ့ဇနီးကို ကူညီပေးရလိမ့်မည်။

...

ထျန်းနင်၏ဖုန်းနံပါတ် ပေါက်ကြား သွားပြီးနောက် ပြည်သူလူထုက ထျန်းနင်ကို နောက်တစ်ကြိမ် အာရုံစိုက်လာသည်။ ထို့ကြောင့် ဝေအန် ရိုက်ကူးရေးကွင်း ပြန်လာသောအခါ ပိုင်ချိုးရှန့်က သူ့ကို အရိပ်အမြွက် ပြောသည်။

"ဒါရိုက်တာဝေ ဒီရုပ်ရှင်ကို ဆက်ရိုက်လို့ ဖြစ်ပါ့မလား"

ဝေအန်က ပိုင်ချိုးရှန့်ကို ဒွိဟဖြစ်ဟန် ငေးစိုက်ကြည့်သည်။
"ငါ့ဝန်ထမ်းတွေကို စည်းကမ်း မတင်းကျပ်ခဲ့မိတဲ့ ငါ့အမှားပေါ့။ ဒါကြောင့်လည်း အတင်းအဖျင်း သတင်းတွေ နဲ့ ထျန်းနင်ရဲ့ ဖုန်းနံပါတ် ပေါက်ကြားခဲ့တာပေါ့"

"ဒါရိုက်တာဝေ ဒီမှာဘာတွေဖြစ်ခဲ့လဲ ဆိုတာ ငါတို့အားလုံး သိပြီးပြီ။ ဝေ့လည်ကြောင်ပတ် လုပ်နေတာတွေ ရပ်လိုက်တော့"
ပိုင်ချိုးရှန့်က သူ့အကြံအစည် အောင်မြင်ချင်၍ ဝေအန်ကို သူ့အစီအစဉ်ထဲ ဆွဲထည့်လာသည်။

ဤတစ်ကြိမ်တွင် ဝေအန်က သူ့ကို အကြည့်စူးစူးဖြင့် ကြည့်နေသော်လည်း ပြုံးနေသေးသည်။
"နှစ်ရက်ပဲ အချိန်ပေး။ နှစ်ရက်ကြာရင် ထူးခြားတာ ဖြစ်မယ်။ သတင်းကြီး တစ်ခုကို ကြေညာမယ်"

"ကျွန်တော် သေချာပေါက် ကူညီပေးမယ်"
ပိုင်ချိုးရှန့် မဲ့ပြုံးပြုံးသည်။ ဝေအန်ကို ထျန်းနင်နေရာ လူစားထိုးရန် ဆုံးဖြတ်ခဲ့သည်ဟု ယူဆခဲ့ပုံပင်။

ဝေအန်က သူ့မျက်နှာအမူအရာကို သဘောပေါက်သည်။ ထို့ကြောင့် ပိုင်ချိုးရှန့် ထွက်သွားသည်နှင့် ဝေအန်က မို့အကြီးအကဲကို ဆက်သွယ်သည်။
"ပိုင်ချိုးရှန့်လက်ထဲမှာ ဝှက်ဖဲအကြီးကြီး ရှိနေသေးပုံပဲ"

"တစ်ခါတည်းနဲ့ သူ့ကို အပြီးတိုင် ဖျက်ဆီးပစ် လိုက်တာ အကောင်းဆုံးပဲ"
မို့အကြီးအကဲ အကြံပြုသည်။

"ငါ ဘယ်သူလဲဆိုတာ ထုတ်မပြောချင်သေးဘူး ပျော်လို့ မဝသေးဘူး"

"ဒါဆို ထုတ်မပြောနဲ့လေ။ ကျွန်တော့်ဘာသာ ဖြေရှင်းနိုင်ပါတယ်"
ဝေအန် ရယ်မောသည်။

"ငါ့မှာ ရွေးချယ်စရာ မရှိဘူးလေ။ ကောင်စုတ်လေးက စိတ်မရှည်တော့လို့ ငါ့ကို သတိပေးနေပြီ။ ငါ အခုလို ပျော်စေပျက်စေတွေ ထပ်လုပ်နေရင် ငါပဲ အခက်တွေ့စေမှာလေ"
မို့အကြီးအကဲ သရော်သည်။ ဟိုက်ဟွေ့ဖျော်ဖြေရေးကို ကြီးကြပ်ပေး နေရသည့် မို့ထင်ကို မျက်နှာသာ ပေးသင့်သည်။

"မို့အကြီးအကဲက မို့သူဌေးကို ကြောက်လို့လား"

"အဲလိုလည်း မဟုတ်ပါဘူး။ ငါက အိပ်လိုက် စားလိုက် ပျော်လိုက် ပါးလိုက်ပဲ နေချင်တာလေ။ မီးနဲ့ မကစားတာတော့ အကောင်းဆုံးပဲ။ မဟုတ်ရင် ငါ တကယ် ဒုက္ခရောက်သွားမယ်။ အဲလောက်ထိ ဖြစ်ဖို့ မလိုအပ်ဘူးလေ"

အဘိုးအိုက ချင့်ချိန်သည်။

အပိုင်း(၄၃၇)
ပြီး၏။


EditPublish Report content on this page

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now