အပိုင်း(၄၉၄)

92 16 1
                                    

အပိုင်း(၄၉၄)

"ရှီဝမ်"
ရှားကျင်းရီက ရွှမ်ရှီဝမ်၏လက်ကို ဆက်ခနဲ လှမ်းဆွဲသည်။ သူမ အရမ်းကို စိတ်လှုပ်ရှားနေ၍ လက်များက ချွေးပြန်နေသည်။

"မကြောက်ပါနဲ့။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထျန်းနင်က သူ့မောင်လေးရဲ့ နာမည်ကို ဘယ်လို ရှင်းလင်း ပေးမလဲ ကြည့်ရတာပေါ့"

ထျန်းနင်က သူတို့အတွင်းသတင်းကို မသိဟု ထင်နေ၍ ရွှမ်ရှီဝမ်က ယုံကြည်မှု အပြည့်ဖြင့် ပြောဆိုနေသည်။

ထျန်းနင်က ချက်ချင်း မတုံ့ပြန်ခဲ့ပေ။ သူမက ရိုးရှင်းစွာ စင်ပေါ်တက်သွားပြီး စုန့်ယန်ရှုနှင့် စကားပြောသည်။
"နင် အရမ်းကို အလုပ်ကြိုးစား ခဲ့တယ်။ ကျန်တာ ငါ့တာဝန်ထား လိုက်တော့"

"အစ်မထျန်းနင်"

"အဆင်ပြေအောင် လုပ်ပေးလိုက်မယ်"
ထျန်းနင်က သူမ စိတ်အေးရအောင် နွေးထွေးစွာ ပြုံးပြသည်။

စုန့်ယန်ရှုက စင်အောက်မှာ ရှိနေသော စပ်ဆုပ်ဖွယ်ကောင်းသည့် စုံတွဲကို စိုက်ကြည့်ပြီး ထျန်းနင် နောက်ကို ဆုတ်ခွာသည်။

သတင်းထောက်များ၏လက်ထဲမှ ကင်မရာမီးများ အဆက်မပြတ် လက်နေသည်။ ထျန်းနင်၏ခန္ဓာကိုယ်မှ ချဉ်းကပ်ရခက်ခဲသော အရှိန်အဝါများ လင်းလက်နေသည်။

စက္ကန့်ပိုင်းမျှ နှုတ်ဆိတ်ပြီးနောက် သူမက ရှားကျင်းရီကို သတိပေးလိုက်သည်။
"ရှားကျင်းရီ၊ နင်က အမှန် ထုတ်ပြောဖို့ ငြင်းနေရင်တော့ ငါ ကိုယ်တိုင် ပြောပေးရတာပေါ့"

ရှားကျင်းရီက အလွန်အမင်း စိုးရိမ်နေသော်လည်း ထျန်းနင်၏လက်ထဲ ရောက်နေသော သက်သေ အချက်အလက်ကို သူမ မခန့်မှန်းနိုင်ပေ။ ထို့ကြောင် ရင်တဒိတ်ဒိတ် ခုန်နေသော်လည်း သူမက ခေါင်းမာစွာ ပြန်ဖြေသည်။
"ငါတို့က အမှန်တရားကို လူတိုင်းသိအောင် ပြောပြီသားလေ"

"တကယ်လား"
ထျန်းနင်၏အသံက အေးစက်နေသည်။

"နင်က အမှန်ပြောလိုက်တယ် ဟုတ်လား။ ဒါဆိုလည်း ကောင်းပြီလေ လွန်ခဲ့တဲ့ ၁၂နှစ်ကျော်က ကိစ္စ ပြန်ပြောကြတာပေါ့"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now