Ep 262+263+264

120 8 0
                                    

အပိုင်း(၂၆၂)

ထျန်းနင်က ပထမပဲ

 
 
 
ထျန်းနင်က ဖန်ခွက်လေးကို မြှောက်ကာ ပြန်တုံ့ပြန်သည်။
ဤလူငယ်က အသက်အငယ်ဆုံးနှင့် အကောင်းဆုံး သရုပ်ဆောင်ဆုကို ပိုင်ဆိုင်ခွင့်ရသူ ဖြစ်သည်။
သူမကို ညီမငယ်လေးဟု ခေါ်ဆိုလိုက်၍ လူငယ်လေး၏ပရိသတ်များ သူမကို မနာလို ဖြစ်ကြလိမ့်မည်။
လူငယ်သရုပ်ဆောင်လေးက အဖြူရောင်ဝတ်စုံလေးကို ဝတ်ဆင်ကာ ခန့်ညားချောမောသော ရုပ်ရည်ကို ပေါ်လွင်စေသည်။ သူက မခွဲနိုင်မခွာရက် ချစ်သူစုံတွဲလေးကို ကြည့်ပြီး စုံတွဲလက်စွပ်လေးများကို သတိထားမိသွားသည်။ စုံတွဲလေး၏ ဆက်ဆံရေးကို ခန့်မှန်းမိသော်လည်း မပြောသင့်မပြောအပ်မှန်း သိ၍ အရိပ်အမြွက်သာ ပြောဆိုလိုက်သည်။
"မို့သူဌေးက တော်တော်လေး ကံကောင်းတာပဲ"
ထျန်းနင်က နောက်ကွယ် အကြောင်းအရာကို ရိပ်မိ၍ သူမ၏မျက်ဝန်းများ အနည်းငယ် မှောင်မိုက်သွားသည်။
သို့သော်လည်း လူငယ်လေးက ဝိုင်ခွက်ကို မြှောက်ပြီး ထျန်းနင်ကို လှည့်ကြည့်လာပြန်သည်။
"ညီမငယ်လေးရေ၊ အခုကစပြီး အကူအညီလိုအပ်တာနဲ့ ကျွန်တော့်ကို လာရှာနော်။ ကူညီဖို့အသင့်ပဲ။ သရုပ်ဆောင်လောကထဲ ဝင်ချင်းတာနဲ့ ကျွန်တော့်ကိုသာ ဆက်သွယ်လိုက်တော့"
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး"
သူတို့အားလုံး မထင်မှတ်ထားသော မြင်ကွင်းကြောင့် အားလုံး တုန်လှုပ်နေသည်။
မို့ထင်က ဟိုက်ဟွေ့၏ စီအီးအိုအနေဖြင့် ပွဲတက်ခဲ့၍ ကျန်းမန်နီ အနိုင်ရသွားသည်ဟု တွေးထင်ခဲ့မိသည်။ သို့တိုင် မို့ထင်က ထျန်းနင်ကို သူ့မန်နေဂျာ အနေဖြင့် ခေါ်ဆောင်လာပြီး ကျော်ကြားသော အနုပညာရှင်က ထျန်းနင်ကို သရုပ်ဆောင်လောကထဲ ဝင်ရောက်ရန် ကမ်းလှမ်းနေသေးသည်။
"ဟေ့၊ နင်တို့တွေ သူတို့လက်မှာ စွပ်ထားတဲ့ လက်စွပ်တွေကို သတိထားမိကြလား"
အနုပညာရှင်တချို့က စတင် အတင်းအဖျင်း ပြောဆိုလာသည်။
"ဒါပေမဲ့ ငါအမြင်တော့ စုံတွဲလက်စွပ်နဲ့တော့ မတူပါဘူး။ ဖုန်းချိုက် အင်တာဗျူးမှာ ထျန်းနင် ဖြေခဲ့ဖူးတဲ့ အပြောအရတော့ ထျန်းနင်က LM ထုတ်ကုန်တွေကို သဘောကျတယ်တဲ့။ LM လက်စွပ်ဒီဇိုင်းတွေထဲက တစ်ခုခုကို ဝတ်လာတာရော မဖြစ်နိုင်ဘူးလား"
"ဟုတ်သားပဲ။ ထျန်းနင် လက်စွပ် ဝတ်လာတာ မထူးဆန်းပါဘူးလေ။ ဒါနဲ့ သူဌေးဝတ်လာတဲ့ လက်စွပ်ကိုရော သတိထားမိလား။ ထျန်းနင် ဝတ်ထားတဲ့လက်စွပ်နဲ့ ဆင်တူလက်စွပ်ကို ငါတို့ သူဌေးကြီး ရွေးဝယ် ဝတ်လာတာရော မဖြစ်နိုင်ဘူးလား"
"အဲလိုဆိုရင်တော့ ဇာတ်လမ်းလေးက ပျားရည်ထက် ချိုမြပြီပေါ့။ ထျန်းနင်က ရိုးရိုးယဉ်ယဉ်လေး ဝတ်စားပြီး မို့သူဌေးနောက်ကို လိုက်လာလဲ တခြား သူရဲ့စိတ်အာရုံကို ညှို့ယူဖမ်းစားနိုင်တဲ့ အလှအပ ရှိတယ်နော်။ တောက်ပတဲ့ အဝတ်အစားတွေ ဝတ်စားနေစရာတောင် မလိုတော့ဘူး"
" မို့သူဌေးဘေးနားမှာ တချိန်လုံး ရှိနေတော့ လင်းလက်နေပြီပေါ့၊ ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး"
မို့ထင်နှင့်ထျန်းနင်တို့ ပေါ်လာတည်းက ကျန်းမန်နီ၏ လှပသောပုံရိပ်လေးက လောင်းရိပ်မိသွားသည်။
စွဲမက်ဖွယ် အလှအပများက မို့ထင်နှင့်ထျန်းနင်တို့၏ ဂုဏ်ရှိန်ဂုဏ်ဝါကို ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။
အားလုံး၏အမြင်မှာ ထျန်းနင်က နတ်သက်ကြွေ နတ်သမီးလေး တစ်ပါးသာ ဖြစ်နေသည်။ သာမန်လူတစ်ယောက် ဆယ်စုနှစ်ကျော် ကြိုးစားအားထုတ်ရလျှင် ထျန်းနင်က သုံးလ လေးလ ကြိုးစား အားထုတ်ရုံဖြင့် အောင်မြင်မှုကို ဆွတ်ခူးနိုင်သည်။
ထို့ကြောင့်လည်း ဒိတ်အောက်မော်ဒယ်အိုဘဝမှ အဆင့်အတန်းတစ်ခုကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဖျော်ဖြေရေးလောကကြီး၏ သူဌေးကြီး မို့ထင်ကို မန်နေဂျာအဖြစ် ပိုင်ဆိုင်ခွင့်ရသည့် ထျန်းနင်၏ မဟာကံထူးဆုကြီး ဖြစ်သည်။
ထိပ်တန်း အမျိုးသမီးဇာတ်ဆောင်က မို့ထင်အနား ချဉ်းကပ်လာသည်။ ရိုးရှင်းစွာ နှုတ်ဆက်စကား ပြောဆိုပြီးနောက် ထျန်းနင်ဘက်လှည့်ကာ ပြုံးပြသည်။
"ညီမငယ်လေး၊ ဝိုင်တစ်ခွက်လောက် အတူတူ သောက်ချင်တယ်"
ထျန်းနင် သောက်နိုင်သည့် ပမာဏထက် ကျော်လွန်းနေပါပြီ။ ပုံမှန်အားဖြင့် ထျန်းနင်က ခွက်တစ်ခွက်လောက်သာ သောက်နိုင်သည်။
မို့ထင်က ထျန်းနင်၏နီရဲနေသော ပါးမို့မို့လေးကိုကြည့်ပြီး အမျိုးသမီးဇာတ်ဆောင်ကို ဟန့်တားသည်။
"ထျန်းနင် ကိုယ်စား ငါသောက်ပေးမယ်။ သူ ဆက်မသောက်နိုင်တော့ဘူး"
အမျိုးသမီးဇာတ်ဆောင်က ပြုံးလိုက်ပြီး မို့ထင်နှင့် ဖန်ခွက်ချင်း တိုက်သည်။
လူတိုင်းက ထျန်းနင်ကို ညီမငယ်လေးဟု ခေါ်ဆိုနေကြသော်လည်း ထျန်းနင်အသက်က မငယ်ရွယ်တော့ပါ။ သို့တိုင် ထိပ်တန်း ဖျော်ဖြေရေးလောကမှာ ဝါအရ ထျန်းနင်က သူတို့အားလုံး၏ ညီမငယ်လေး အဆင့် ဖြစ်နေ၍ ညီမငယ်လေးဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။
"ထျန်းနင် မသောက်နိုင်တော့ဘူးလို့ ဘယ်သူ ပြောလဲ"
ထျန်းနင် ရီဝေဝေ ဖြစ်နေ၍ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်အား မို့ထင်၏လက်မောင်းကို ဖမ်းဆုပ်မိသည်။
မို့ထင်ကလည်း မငြင်းပယ်၊ သူ့ကို ဖက်တွယ်ခွင့်ပေးလိုက်ပြီး ထျန်းနင် အနားယူရန် ဘေးဘက် ခေါ်ဆောင်သွားသည်။
လူအများစုက ထိုမြင်ကွင်းလေးကြောင့် စိတ်လှုပ်ရှားသွားသည်။
သူတို့နှစ်ဦးသား ဆက်ဆံရေးကို တရားဝင် မကြေညာသည့်တိုင်အောင် အများရှေ့ မပေါ်မလွင် ချပြခြင်း ဖြစ်သည်။
မို့ထင်က ထျန်းနင်ကို လေးလေးနက်နက် သဘောထားမှန်း အားလုံး သိနေသည်။ ထျန်းနင် မတိုင်မီက မို့ထင်နှင့် ပတ်သက်ဖူးသည့် မိန်းကလေး မရှိခဲ့ဖူးချေ။
ထျန်းနင်က ပထမဆုံး မိန်းကလေး ဖြစ်သည်။
"ဟေ့ မင်းတို့တွေရော ကျန်းမန်နီရဲ့ မျက်နှာကို သတိထားမိလား"
"အဲဒီအကြောင်းကို မပြောနဲ့ဦး။ အဲဒီမိန်းမ ရောက်ရောက်ချင်းတော့ ငါတို့အားလုံးက အဲဒီမိန်းမ နိုင်သွားပြီလို့ပဲ ထင်ခဲ့တာ"
"အရိုးသားဆုံး ပြောရရင် ငါတို့ ဟိုက်ဟွေ့က တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း ရှေ့ဆက်လှမ်းနေတဲ့ အေဂျင်စီပဲ။ ကျန်းမန်နီက ငါတို့ ဟိုက်ဟွေ့နဲ့ မသင့်လျော်တော့ဘူးလို့ ခံစားမိတယ်။ ဟွာကျင်းကျင်း ဖြစ်ရပ်ကိုပဲ နမူနာကြည့်လေ။ အဲဒီမိန်းမကို မြင်လေလေ နှလုံးသားကို ဓားနဲ့ အမွှန်းခံရသလိုပဲ ခံစားမိတယ်"
"ငါလည်း အဲဒါကို လက်ခံတယ်။ ငါတို့ ဟိုက်ဟွေ့မိသားစုမှာ တစ်ယောက်ကိုတစ်ယောက် မဖော်ရွေရင် နေပါစေ၊ တစ်ယောက်ကိုတစ်ယောက် နာကျင်အောင်တော့ မလုပ်သင့်ဘူး။ ဒါဆိုရင် အားလုံးအတွက်လည်း အဆင်ပြေမယ်လေ"
ကျန်းမန်နီက သူ့ဘေးပတ်ဝန်းကျင်မှ တီးတိုးပြောဆိုသံများကို ကြားနေရသည်။ နာကျင်ဖွယ် ခနဲ့တဲ့တဲ့ စကားသံများနှင့် လှောင်ရယ်သံအားလုံးက သူမကိုသာ ဦးတည်နေကြသည်။
သူမက ဟိုက်ဟွေ့ကို နှစ်ပေါင်းများစွာ ခစားခဲ့ဖူးပြီး ကြယ်ဘုရင် ဖျော်ဖြေရေးကို ဖိနှိပ်နိုင်အောင် ကူညီပေးခဲ့ဖူးပါသည်။ သို့တိုင် အဆုံးသတ်မှာ သူမ ဘာပြန်ရခဲ့သနည်း။
ထျန်းနင်ကြောင့် အားလုံးက သူမကို ကျောခိုင်းသွားသည်။
ထိုအတွေးကြောင့် ကျန်းမန်နီ အရဲကိုးပြီး မို့ထင်နှင့် ထျန်းနင်အနား ခပ်သွက်သွက် လမ်းလျှောက်သွားသည်။
"မို့သူဌေး၊ ကျွန်မ ဟိုက်ဟွေ့မှာ အလုပ်လုပ်လာတာ နှစ်အတော် ကြာနေပါပြီ။ အေဂျင်စီကို ဒုက္ခပေးတဲ့ ဘာအလုပ်မှ မလုပ်ခဲ့ဖူးဘူး။ ဒါပေမဲ့ အခုသိလိုက်ရတာက ဟိုက်ဟွေ့က ကျွန်မ အရင်က သိခဲ့ဖူးတဲ့ ဟိုက်ဟွေ့ မဟုတ်တော့ဘူး"
"ကျွန်မ နားမလည်တာက ဒီအေဂျင်စီဟာ အရည်အချင်း ပြည့်မီတဲ့သူကိုပဲ လက်ခံတာပါ၊ ဒီမိန်းမက..."
ကျန်းမန်နီက မို့ထင် ဘေးနားမှာ မတ်တတ်ရပ်နေသော ထျန်းနင်ကို လက်ညှိုးထိုးပြသည်။
"အဲဒီမိန်းမမှာ ဒီအေဂျင်စီတဲ့ ဝင်နိုင်တဲ့ အခွင့်ရှိလို့လား။ သူ့ကြောင့် ဒီမှာ ရှိနေတဲ့ လူတိုင်းလူတိုင်း စိတ်အနှောင့်အယှက် ဖြစ်နေမှာပဲ"
ကျန်းမန်နီ၏မကျေမနပ် ရေရွတ်သံကြောင့် မို့ထင်က လူအားလုံးကို ဖြန့်ကြက် ကြည့်ရှုလိုက်သည်။ အားလုံးက သူတို့ပခုံးကို ဆတ်ခနဲတွန့်ကာ ရိုးသားဖြူစင်မှုကို ပြသသည်။
သူတို့အပြုအမူက ကျန်းမန်နီပြောသည့် မကျေနပ်သူစာရင်းထဲ သူတို့ မပါဝင်ကြောင်း အရိပ်အမြွက် ပြသခြင်း ဖြစ်သည်။
မို့ထင်က ဆိုဖာကို ကျောမှီလိုက်သည်။ သူ့မျက်ဝန်းအကြည့်က စူးရှပြီး လှောင်ရိပ်နှင့် အထင်မြင်သေးသော ခံစားချက်များ ရောယှက်နေသည်။
"ငါနဲ့ စကားလာပြောလို့ တကယ်ကို ဝမ်းသာမိပါတယ်။ ထျန်းနင်က မင်းအဆင့်အတန်းကို ခြိမ်းခြောက်နေတယ်လို့ မင်းက ပြောချင်နေတာလား"
"ရှင် ထျန်းနင်နဲ့ ပတ်သက်လာရင် ဘက်မလိုက်ဘူးလို့တော့ မပြောပါနဲ့။ ငါတို့အားလုံးက အေဂျင်စီ တစ်ခုတည်းကပါပဲ။ ဘာလို့ ထျန်းနင်က ရှင့်ကို ကိုယ်ရေးကိုယ်တာ မန်နေဂျာ ခန့်ခွင့်ရတာလဲ။ တခြား အနုပညာရှင်တွေက ရှင့်မျက်လုံးထဲ အရေးမပါဘူးလား။ ထျန်းနင်ကိုတော့ ထူးထူးခြားခြား ဆက်ဆံနေရတာ ဘာအကြောင်းကြောင့်လဲ"
"ကျန်းမန်နီ၊ နင် တရားလွန်လှချည်းလား"
တခြားသူများက မကျေမနပ် ထအော်လာသည်။
"ငါက ဘယ်သူ့ရဲ့မန်နေဂျာ လုပ်ချင်ပါတယ်ဆိုပြီ မင်းကို အစီရင်ခံစာ တင်ရမှာလား"
"တခြားသူတွေ ကိုယ်စား ကရုဏာရှင်လုပ်နေတယ်လို့ မင်းကိုယ်မင်း စိတ်ကြီးဝင်နေတာလား"
"မင်းရဲ့အပြုအမူတွေက ပိုလွန်းအားကြီးတယ်နော်။ ပြီးတော့ တစ်ခုတော့ ထပ်ပြောလိုက်မယ်။ မင်းရဲ့လုပ်ရပ်ကြောင့်ပဲ မင်းကို တခြားသူတွေက ချဉ်သွားကြတာ။ ဘယ်သူကြောင့်မှ မင်းနေရာ ပျောက်သွားတာ မဟုတ်ဘူး"
"ဒါပေမဲ့ အခု ရှင့်ရဲ့အပြုအမူတွေကို တခြားသူတွေ လက်ခံဖို့ ခဲယဉ်းနေတယ်လေ"
"သူပြောသလို ခံစားနေရလား"
မို့ထင်က ကျန်းမန်နီနောက်မှာ ရပ်နေသော လူအုပ်စုကို မေးမြန်းလိုက်သည်။
လူတိုင်းက ခေါင်းခါပြသည်။
"မို့သူဌေး၊ ကျန်းမန်နီ မဟုတ်မမှန် လျှောက်ပြောနေတာပါ။ ကျွန်တော်တို့အားလုံး ဘာမှ မဖြစ်ပါဘူး"
အားလုံးက တညီတညာတည်း ပြန်ဖြေကြသည်။
"မို့ထင်၊ ရှင်က ကြောင်သူတော် ကြွက်သူခိုးပဲ။ လိမ်လည် လှည့်ဖြားတဲ့သူတွေ လှည့်ကွက်သုံးတဲ့သူတွေကို မုန်းတယ်လို့ ရှင်အမြဲပြောတတ်ပေမဲ့ ရှင်ကိုယ်တိုင်က အဲလို လူတန်းစားပဲ..."
"ကျန်းမန်နီ"
တစ်စုံတစ်ယောက်က သူမကို ဟန့်တားချင်၍ ထအော်သည်။
"သူ ပြောချင်တာ ပြောခွင့်ပေးလိုက်"
ကျန်းမန်နီကို မဟန့်တားရန် မို့ထင်က အေးစက်စက် တုံ့ပြန်လာသည်။
 
 
***
အပိုင်း(၂၆၃)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now